၂၀၁၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ မျိုးတွင် မုဒိမ်းမှု အများဆုံးဖြစ်ပြီး သက်ငယ် မုဒိမ်းမှုမှာ ရာခိုင်နှုန်း ၄၀ ခန့်ရှိ

၂၀၁၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ မျိုးတွင် မုဒိမ်းမှု အများဆုံးဖြစ်ပြီး သက်ငယ် မုဒိမ်းမှုမှာ ရာခိုင်နှုန်း ၄၀ ခန့်ရှိ
Published 17 January 2016
ဉာဏ်ဝင်းရှိန်

၂၀၁၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် မုဒိမ်းမှု ၆၀၀ ကျော် ဖြစ်ပွားပြီး အမှုကြီး ၁၀ မျိုးတွင် အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဇန်နဝါရီ ၁၄ ရက်က သိရသည်။၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ မျိုးတွင် လူသတ်မှုမှာ တစ်နိုင်ငံလုံး၌ ၁၂၆၄ မှု ဖြစ်ပွားပြီး ယခင်နှစ်ကထက် လျော့နည်းသွားကြောင်း သိရသည်။ အလားတူ မုဒိမ်းမှုမှာလည်း ယခင်နှစ်ကထက် လျော့နည်းသွားသော်လည်း ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ မျိုးတွင် ဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်ကာ စုစုပေါင်း မုဒိမ်းမှု ၆၈၂ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယင်းတို့အနက် မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများအနက် သက်ငယ်မုဒိမ်းမှုမှာ ယခင်နှစ်များထက် ပိုများခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများအနက် ရာခိုင်နှုန်း ၄၀ ခန့်မှာ သက်ငယ် မုဒိမ်းမှုများ ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။“မုဒိမ်းမှု အနေနဲ့ကတော့ အရင်နှစ်တွေထက်စာရင် လျော့သွားတယ်လို့ ဆိုရပေမယ့် သက်ငယ်မုဒိမ်းကတော့ အရင်တုန်းကထက် ပိုအဖြစ်များလာတာ တွေ့ရတယ်။၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုတွေရဲ့ ရာခိုင်နှုန်း ၄၀ လောက်ကတော့ သက်ငယ်မုဒိမ်းမှုတွေပါ” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရရှိသည့် အချက်အလက်များအရ တစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ်က လူသတ်မှု ၁၃၂၃ မှု၊ မုဒိမ်းမှု ၆၅၄ မှု ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ်အတွင်း လူသတ်မှု ၁၃၀၅ မှု၊ မုဒိမ်းမှု ၇၃၄ မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ ၂၀၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် လူသတ်မှု ၁၃၃၃ မှုနှင့် မုဒိမ်းမှု ၇၄၁ မှု ဖြစ်ပွားကာ ၂၀၁၅ ခုနှစ်အတွင်း လူသတ်မှု ၁၂၆၄ မှုနှင့် မုဒိမ်းမှု ၆၈၂ မှု ဖြစ်ပွားခဲ့သည်။၂၀၁၅ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ မျိုးတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ လူသတ်မှု ၁၂၆၄ မှု၊ ဓားပြမှု ၁၀ မှု၊ လုယက်မှု ၁၃၆ မှု၊ မုဒိမ်းမှု ၆၈၂ မှု၊ ဖောက်ထွင်းမှု ၁၈ မှု၊ တိရစ္ဆာန်ခိုးမှု ၉၁ မှု၊ လက်နက်မှု ၁၆ မှု၊ နိုင်ငံတော် ပုန်ကန်မှု နှစ်မှု၊ မတရားအသင်း ဆက်သွယ်မှု ၇၈ မှုနှင့် ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်တစ်ခု အနေနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မုံတောမြောက်ကျေးရွာတွင်၂၀၁၂ ခုနှစ် ဇူလိုင်လက တစ်ရွာတည်းနေထိုင်သူက အသက်မပြည့်သေးသည့် ၁၆ နှစ် အရွယ်ရှိ ဆွံ့အနားမကြားသူ မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ယင်းသို့ အဓမ္မပြုကျင့်ခဲ့ခြင်းကြောင့် ခင်ဦးမြို့နယ် ရဲစခန်းသို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် စတင် အမှုဖွင့်ခဲ့ကြောင်း၊ သို့သော် မြို့နယ်တရားရုံး၌ တရားစွဲဆိုချိန်တွင် ပုဒ်မ ၄၁၇ ဖြင့် အမှုအား စစ်ဆေးခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ကျူးလွန်သူအား မြို့နယ်တရားရုံးမှ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပြီး နစ်နာခဲ့သူအား အဆိုပါ ကျူးလွန်သူ ပိုင်ဆိုင်သည့် မြေကွက်ကို ပေးလျော်စေခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ ကျူးလွန်ခဲ့သူမှ ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် နစ်နာသူအား ပေးလျော်ထားသည့် မြေကွက်အတွင်းသို့ ကျူးကျော်နေထိုင်မှုများ ပြုလုပ်နေခြင်းကြောင့် တရားရုံးသို့ တိုင်ကြားထားကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။၂၀၁၅ ခုနှစ် နှစ်ဦး မုဒိမ်းမှုတစ်ခု အနေဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ် ကြူကုတ် (ပန်ဆိုင်း) နယ်မြေ ကောင်းခါးကျေးရွာရှိ  မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရင်း ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက် ညသန်းခေါင်ယံ၌ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် ကချင် ခရစ်ယာန်သာသနာပြု ဆရာမ နှစ်ဦး၏ အမှုမှာ လက်ရှိတွင် တစ်နှစ်ပြည့်တော့မည် ဖြစ်သော်လည်း ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်မှု မရှိသေးမှုမှာ ထင်ရှားသောသတင်း ဖြစ်ခဲ့သည်။ကချင် ဆရာမနှစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံရသည့် သတင်းသည် အွန်လိုင်း စာမျက်နှာများနှင့် သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြပါရှိခဲ့ပြီး ဤသတင်းကို မြင်ရ၊ ဖတ်ရသူများသည် ကရုဏာစိတ်၊ စာနာစိတ်၊ ဒေါသစိတ်တို့ဖြင့် မည်သို့သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ကျူးလွန်ခဲ့ကြသလဲ။ အချို့သော သူများကလည်း လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခုက ကျူးလွန်ခဲ့သလားဆိုသည့် ဝေဖန်သုံးသပ်မှုများဖြင့် သို့လော သို့လော ရှိခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent