အထက်က ညွှန်ကြားချက်ဖြင့် ပြည်သူလူထုအပေါ် နှိပ်ကွပ်မှုများ ရှိခဲ့သောကြောင့် အကြောက်တရားနှင့် လုပ်နေရသည့် တရားသူကြီးအချို့ရှိကြောင်း MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ပြောကြား

အထက်က ညွှန်ကြားချက်ဖြင့် ပြည်သူလူထုအပေါ် နှိပ်ကွပ်မှုများ ရှိခဲ့သောကြောင့် အကြောက်တရားနှင့် လုပ်နေရသည့် တရားသူကြီးအချို့ရှိကြောင်း MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ပြောကြား
Published 15 January 2016
ပြည့်ဖြိုးအောင်၊ နေမျိုးဝင်း

ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်တရားရုံး အသီးသီးမှ ထောင်ဒဏ် ၁၃ နှစ်လေးလ ချမှတ်ခံထားရသည့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ (MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား မြောက်ဥက္ကလာပ မြို့နယ်တရားရုံး၌ ဇန်နဝါရီ ၁၅ ရက်တွင် ဆက်လက် ရုံးထုတ်ခဲ့သည်။ယင်းနေ့ ရုံးချိန်းတွင် ကိုထင်ကျော်က နှစ်ပေါင်းများစွာ အထက်က ညွှန်ကြားချက်များဖြင့် ပြည်သူများအပေါ် နှိပ်ကွပ်လာခဲ့သည့်အတွက် တရားသူကြီးတချို့မှာ အကြောက်တရားများဖြင့် လုပ်နေရကြောင်း ပြောကြားခဲ့သည်။“နှစ်ပေါင်းများစွာ အပေါ်ကနေ ညွှန်ကြားချက်တွေနဲ့ အများပြည်သူကို နှိပ်ကွပ်လာတဲ့အတွက် တရားသူကြီးတွေကလည်း အကြောက်တရားနဲ့ လုပ်နေရတဲ့ အပိုင်းရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ တဖြည်းဖြည်း ပြုပြင်ရမယ်လို့ ကျွန်တော် ယူဆပါတယ်။အခုဟာက တရားသူကြီးအားလုံး မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း ဥပဒေတွေကို တတ်နိုင်သလောက် လေ့လာပြီးတော့မှ နိုင်ငံရေး လုပ်တာပါ။ မျက်စိစုံမှိတ်ပြီးတော့မှ ဆန့်ကျင်နေတာလည်း မဟုတ်ဘူး” ဟု ကိုထင်ကျော်က ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ဆက်လက်၍ ၎င်းက “ပုဒ်မ ၁၈ ကတော့ ဖျက်ကိုဖျက်ရမယ်။ ပုဒ်မ ၁၈ နဲ့ကနေ လွတ်တာဆိုလို့ ကိုနေမျိုးဇင် ပန်းခြံထဲတွင် လွတ်လပ်ရေးကျောက်တိုင်မှာ လွတ်လပ်ရေး ကြေညာစာတမ်းဖတ်လို့ စွဲတဲ့ဟာပဲ လွတ်တာရှိဖူးတယ်။ ပုဒ်မ ၅၀၅ (ခ) မှာဆိုရင်လည်း ခုခံချေပပိုင်ခွင့်တွေ ရှိတယ်။ ခုခံချေပပိုင်ခွင့် ရှိအောင်လည်း ချို့ယွင်းချက်တွေ ပုဒ်မထဲမှာ ပါတယ်။ ဒါပေမဲ့ တရားစွဲခံရတဲ့သူတွေက အဲဒီချို့ယွင်းချက်တွေနဲ့ ခုခံချေပပိုင်ခွင့် မရခဲ့ဘူး။ တရားသူကြီးတွေကလည်း နားထောင်တာပဲ ရှိတယ်။ ဒီပုဒ်မက ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် နှစ်ခုလုံး ချလို့ရတယ်လေ။ ဒါကို တချို့တရားသူကြီး အမိန့်ချလိုက်ပြီဆိုရင် ဆင်ခြင်တုံတရားမဲ့ပြီးတော့ ထောင်ဒဏ်ကို အမြင့်ဆုံး ချလိုက်တာပဲ။ ဒါကြောင့် အဲဒီလို အမိန့်ချဆုံးဖြတ်ဟာ အစိုးရဘက်ကို ဘက်လိုက်ပြီးတော့ ဆုံးဖြတ်တဲ့ အမိန့်လို့ပဲ ကျွန်တော်ယူဆပါတယ်။ ပုဒ်မ ၅၀၅ ကို တရားသူကြီးတွေ အနေနဲ့ ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပါ။ စွပ်စွဲခံရတဲ့ ပြည်သူတွေကိုလည်း ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ခံစားစေချင်ပါတယ်” ဟု ပြောကြားသည်။ဇန်နဝါရီ ၁၅ ရက်ရုံးချိန်းမှာ တရားလိုပြ သက်သေအဖြစ် စစ်ဆေးမည့် ရဲအရာရှိမှာ ခွင့်တင်ထားသဖြင့် အမှုကို မစစ်ဆေးဖြစ်ခဲ့ဘဲ ဇန်နဝါရီ ၂၉ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဧပြီလပိုင်းက မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက် နွယ်နီ ၁၀ လမ်းရှိ ရပ်ကွက်ပိုင် ကလေးများ ကစားသော ဘောလုံးကွင်း နေရာအား လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူခဲ့ပြီး ခြံခတ်ထားသည်ဟုဆိုကာ ကိုထင်ကျော်နှင့် ရပ်ကွက်နေ ပြည်သူတို့က ခြံစည်းရိုးများကို ဖျက်ဆီးခဲ့ကြောင်း၊ ယင်းသို့ ဖျက်ဆီးခဲ့သဖြင့် အဆိုပါ မြေနေရာအား ဝယ်ယူထားခဲ့သူ ဦးမြင့်ဝေက ကိုထင်ကျော်နှင့် ရပ်ကွက်နေပြည်သူ သုံးဦးအား ရဲစခန်းတွင် တိုင်တန်းခဲ့ပြီး ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇၊ အများအကျိုး ဖျက်ဆီးမှုပုဒ်မ ၄၂၇ တို့ဖြင့် ၂၀၁၅ ခုနှစ်မေ ၂၇ ရက်က မြောက်ဥက္ကလာပ မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် ကိုထင်ကျော်မှာ အစိုးရအား အယုံအကြည် မရှိကြောင်း ဆန္ဒပြမှုအပါအဝင် မြေသိမ်းသည့် ကိစ္စရပ်အား ကန့်ကွက်ကြောင်း ဦးဆောင်ဆန္ဒပြမှုတို့ကြောင့် မြို့နယ်တရားရုံး ၁၃ ရုံးမှ ပြီးခဲ့သည့်လများက ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ နှင့်ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်လေးလ ချမှတ်ထားကြောင်း (MDCF) အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent