တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အသရေဖျက်သည့် ဓာတ်ပုံ Facebook တွင် တင်သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေ ပုဒ် ၆၆ (ဃ)၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုခံထားရသူ ဦးဇော်မျိုးညွှန့်ကို စစ်ဆေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အသရေဖျက်သည့် ဓာတ်ပုံ Facebook တွင် တင်သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေ ပုဒ် ၆၆ (ဃ)၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုခံထားရသူ ဦးဇော်မျိုးညွှန့်ကို စစ်ဆေး
Published 15 January 2016

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အသရေဖျက် ပုတ်ခတ်သည့် ဓာတ်ပုံ Facebook တွင် တင်သည်ဟု ဆိုကာ မရမ်းကုန်းမြို့နယ်နေဦးဇော်မျိုးညွန့်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)၊ ပုဒ်မ ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုထားမှုအား ဇန်နဝါရီ ၁၄  ရက် က မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ စွပ်စွဲခံရသူ ဦးဇော်မျိုးညွန့်အား စစ်ဆေးခဲ့ကြောင်း သိရသည်။ဦးဇော်မျိုးညွန့်အား ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်က တရားလိုပြုလုပ် တရားစွဲဆိုခြင်းဖြစ်ပြီး မရမ်းကုန်းမြို့နယ် တရားရုံးက ဦးဇော်မျိုးညွန့်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့်  ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် စွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၃၀ ရက် က Facebook  တွင် Zaw Myo Nyunt အမည်ရှိ Facebook Account တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ပုံကို ခြေထောက်ဖြင့်နင်းသည့် ဓာတ်ပုံအား ဖော်ပြခဲ့ကြောင်း၊ ၎င်း၏ကိုယ်ရေး အချက်အလက်များကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က စုံစမ်းဖော်ထုတ်ခဲ့ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဇန်နဝါရီ ၁၄ ရက်နေ့  ရုံးထုတ်စစ်ဆေးမှုတွင် ဦးဇော်မျိုးညွန့်အား ပုဒ်မ ၆၆(ဃ) အတွက် စစ်ဆေးခဲ့ကြောင်း သိရသည်။ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တွင် ဖော်ပြထားချက်အရ မည်သူမဆို ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့ပြုလုပ်ပါက ထိုသို့ပြုလုပ်ခြင်း ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းသိရပါသည်။ဦးဇော်မျိုးညွန့်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာက ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေး ဥပဒေဖြင့် လူသိရှင်ကြား ပထမဆုံး တရားစွဲခံခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်နောက်ပိုင်း Facebook တွင် ရေးသားပြောဆိုမှုများအပေါ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုမှုများ ရှိခဲ့သည့်အပြင် ပုဒ်မ ၆၆(ဃ) သာမက ပုဒ်မ ၆၈ (က) ဖြင့် တရားစွဲဆိုမှုများလည်း ရှိခဲ့ကြောင်း သိရသည်။ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) သည် မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှတ်ခြင်း၊ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်းတို့တွင် အရေးယူရန် ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မဖြစ်ပြီး မည်သူမဆို ထိုသို့ ပြုလုပ်မှုကိုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။ဦးဇော်မျိုးညွန့်အား ပြီးခဲ့သည့် ရုံးထုတ်စစ်ဆေးမှုတွင်  ပုဒ်မ ၆၆ (ဃ)နှင့် ပုဒ်မ ၅၀၅ (ခ) အမှုနှစ်ခုစလုံးအတွက် စွဲချက်တင် အမိန့်ချမှတ် ပြီးသည်ဖြစ်၍ ဦးဇော်မျိုးညွန့်ကို တရားလိုပြုလုပ် တရားစွဲဆိုထားသော ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်အား ပြန်ခေါ်သက်သေအဖြစ် အမှုစစ်မြို့နယ်တရားသူကြီးက စစ်ဆေးခဲ့ကြောင်း သိရသည်။  ယခု ရုံးချိန်းတွင်မူ ပုဒ်မ ၆၆ (ဃ) ဆိုင်ရာကိုသာ စစ်ဆေးခဲ့ပြီး အမှုအား ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီသို့ ပြန်လည် ချိန်းဆိုခဲ့ကာ အဆိုပါရုံးချိန်းတွင် ပုဒ်မ-၅၀၅ (ခ)နှင့် ပတ်သက်ပြီး စစ်ဆေးမည်ဖြစ်ကြောင်း သိရပါသည်။

Most Read

Most Recent