ငြိမ်းချမ်းရေးညီလာခံ၌ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တို့က သဘောထားများ ဆွေးနွေးရာတွင် ချဉ်းကပ်မှု မတူသည့်အပေါ် ယုံကြည်မှု တည်ဆောက်ရေး ဆက်လုပ်ရမည်ဟု ဆို
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယနေ့ကို ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်၌ ကျင်းပလျက်ရှိရာ လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲ၌ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်ပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တို့က ၎င်းတို့ သဘောထားများ ဆွေးနွေးရာ ချဉ်းကပ်မှု မတူသည့်အပေါ် ယုံကြည်မှု တည်ဆောက်ရေး ဆက်လုပ်ရမည်ဟု လုံခြုံ ရေးကဏ္ဍ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည့် တပ်မတော် ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးခင်ဇော်ဦးက ပြောကြားသည်။
ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများစသည့် ခေါင်းစဉ်ကြီး ငါးခုအား ကဏ္ဍအလိုက် ဆွေးနွေးမှုများ ပြုလုပ်ရာ လုံခြုံရေးကဏ္ဍတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပါအဝင် အစုအဖွဲ့ အသီးသီးက ၎င်းတို့၏ သဘောထားများကိုစာတမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
တပ်မတော်ကိုယ်စားပြု ညီလာခံ ကိုယ်စားလှယ် ၁၅၀ ဦးအနက် တစ်ဦးတည်းသော အရပ်သား ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးခင်ဇော်ဦးက “ချဉ်းကပ်ပုံ ချဉ်းကပ်နည်းကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း မတူသေးတာတွေတော့ ရှိတာပေါ့။ ဒါက ယုံကြည်မှု တည်ဆောက်မှု လုပ်ငန်းတွေကို ဆက်လက် လုပ်ရလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့တင်ပြတဲ့ အနေအထားမျိုးမှာ ဖက်ဒရယ် တပ်မတော်ဆိုပြီး ပြောတဲ့ အနေအထားမျိုးတွေမှာ ပြည်နယ်တွေအောက်မှာလည်း လုံခြုံရေးတပ်တွေ ထားဖို့ဆိုတဲ့ အနေအထားမျိုးတွေ၊ ပြည်နယ်ဝန်ကြီးချုပ်တွေ အောက်မှာလည်း တပ်တွေ ထားဖို့ဆိုတဲ့ အနေအထားမျိုးတွေက ကျွန်တော်တို့ တပ်မတော်ရဲ့ ချဉ်းကပ်မှုနဲ့ မတူညီပါဘူး။ ကျွန်တော်တို့ကတော့ တပ်မတော်တစ်ရပ်တည်း ရှိရပါမယ်။ တပ်မတော်ထဲမှာ မည်သူမဆို တပ်မတော် စစ်မှုထမ်း စည်းမျဉ်းအရ မြန်မာနိုင်ငံသား ဖြစ်ပြီးတော့မှ အသက် ၁၈ နှစ်ကနေပြီးမှ သတ်မှတ်ထားတဲ့ အသက် ၃၅ နှစ်ပေါ့။ ဒါတွေကတော့ အသက်အပိုင်း အခြားတွေကတော့ လျော့ပေါ့တာတွေတော့ လုပ်ပေးလို့ရပါတယ်။ ဒီစစ်မှုထမ်း စည်းမျဉ်းနဲ့အညီ ကျွန်တော်တို့ လက်ခံသွားဖို့တော့ ရှိပါတယ်။ တပ်မတော်အနေနဲ့ တစ်ဦးချင်းတစ်ဦးချင်း ဝင်ရောက်မယ်ဆိုရင် ကျွန်တော်တို့ လက်ခံပေးနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်”ဟု ပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက “ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့ရဲ့ အခြေခံမူလောက်ပဲ တင်ပြတာပါ။ မူဆိုတဲ့နေရာမှာ နောင်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲကနေပြီးတော့ ကျွန်တော်တို့မျှော်လင့်တာက ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံမှာပေါ့။ အဲဒီအခြေခံပြီးတော့ နောက်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုံခြုံရေးအတွက် လုံခြုံရေးတပ်တွေကို တပ်မတော်အပါအဝင်ပေါ့။ ဘယ်လိုဖွဲ့စည်းကြမလဲပေါ့။ ကျွန်တော်တို့ဘက်က အမြင်ကတော့ ကျွန်တော်တို့ လေ့လာတဲ့ အပိုင်းမှာ တချို့တိုင်းပြည်တွေမှာ ပြည်နယ်အဆင့်မှာလည်း သူတို့ရဲ့ ပြည်နယ်စောင့်တပ် သဘောမျိုးတွေ ရှိတယ်လေ။ တစ်ဖက်ကလည်း တစ်ခုတည်း ရှိမယ်ဆိုတဲ့ အနေအထားရှိနေတဲ့ လက်နက်ကိုင် တပ်မတော်တွေ အနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့လည်းကလည်း သူတို့ရဲ့တပ်မတော်တွေကို သူတို့ ဖြစ်စေချင်တယ် ဆိုတာကလည်း လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်အပေါ်မှာ သဘောကတော့ နိုင်ငံရေးအာမခံချက် အပြည့်အ၀ ရှိပြီဆိုတဲ့ ကဏ္ဍအပေါ်မှာ အဲဒါကတစ်ဆင့် တစ်ဆင့်တက်သွားရမှာပေါ့”ဟု ဆိုသည်။
တပ်မတော်အနေဖြင့် ဆွေးနွေးပွဲတွင် တပ်မတော်၏ သဘောထားကို ဖတ်ကြားတင်ပြခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ဆုံးဖြတ်ခဲ့ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် တပ်မတော်အနေဖြင့် တစ်ခုတည်းသော တပ်မတော် တည်ဆောက်ရေးကို တပ်မတော်၏ သဘောထားအနေဖြင့် ရပ်တည်ထားကြောင်း ဦးခင်ဇော်ဦးက ရှင်းပြသည်။
ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးခင်ဇော်ဦးက “လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ဆိုတာကတော့ သီအိုရီအရ ပြောမယ်ဆိုရင်တော့ ဒီဟာ များသောအားဖြင့် အစိုးရနဲ့ သို့မဟုတ်ရင်လည်း အစိုးရတပ်ဖွဲ့တွေက အလုပ်လုပ်နိုင်တဲ့ အခြေအနေ မရှိတော့ဘဲနဲ့ အခြားသော တပ်ဖွဲ့တွေကနေပြီးတော့ အင်အားများလာတဲ့အခါမှာ ဒီငြိမ်းချမ်းရေးအတွက် ပြန်လည် ညှိနှိုင်းတဲ့နေရာမှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း တစ်ပြည်လုံးအတိုင်းအတာနဲ့ လုပ်ကြတာတွေရှိတယ်။ ကျွန်တော်တို့ တိုင်းပြည်အနေနဲ့က အစိုးရရော တပ်မတော်ရောက ဒီလိုဖြစ်တဲ့ အနေအထားမရှိဘူး။ တိုင်းပြည်အခြေအနေကလည်း ဒီလိုမရှိပါဘူး။ မရှိတဲ့အတွက် ကြောင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ အပိုင်းမှာ ကျွန်တော်တို့က လိုတဲ့ နေရာလောက်မှာပဲ လုပ်မယ့် အနေအထားမျိုးတွေ ရှိပါတယ်။ တစ်ပြည်လုံး အတိုင်းအတာ လုပ်ဖို့မလိုပါဘူး။ သီအိုရီအရသာ ဆွေးနွေးတာမျိုးတွေ ရှိပေမယ့်လို့ ကျွန်တော်တို့ကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း အပိုင်းမှာ SSR/DDR ကို ကျွန်တော်တို့ သွားပါမယ်။ SSR/DDR အတိုင်းပဲ ရပ်တည်မယ်ဆိုတာမျိုးလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သူ့ရဲ့မိန့်ခွန်းထဲမှာ ပြောပြီးဖြစ်ပါတယ်။ ဒါကိုလည်း ချက်ချင်းလုပ်ဖို့ရယ်လို့ ကျွန်တော်တို့ မဆိုလိုပါဘူး။ သတ်မှတ်ထားတဲ့ Timeline တွေကို သတ်မှတ်ပြီးမှ DDR လုပ်ငန်းစဉ်တွေအတိုင်း အဆင့်လိုက်၊ အဆင့်လိုက်သွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းများကနေ သူတို့ရဲ့ လုံခြုံမှုနဲ့ အာမခံချက် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်မှုလုပ်ငန်းတွေကို Reintegration ဆိုတဲ့ R မှာ အပြည့်အ၀ ဆောင်ရွက်ပေးဖို့လည်း စဉ်းစားချက်ထဲမှာ ပါပါတယ်”ဟု ပြောကြားသည်။
လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်ပြီး စာတမ်းတင်သွင်းရာ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ရေး (တပ်မတော်)ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တစ်ခုတည်းသာ မဟုတ်ဘဲ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးတို့ အပါအဝင် လုံခြုံရေးနှင့် သက်ဆိုင်သော ကဏ္ဍများအားလုံးကို ပြုပြင်ပြောင်းလဲရမည် ဆိုသည့် အချက် ပါဝင်ကြောင်း သိရသည်။
လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် နိုင်ငံရေး သဘောတူညီချက်များအပေါ် အခြေခံရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လူမျိုးများသည် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပါဝင်ရမည် ဖြစ်ကြောင်းလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ညီလာခံသို့ သဘောထား တင်ပြခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးညီလာခံ၌ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တို့က















