အကြမ်းဖက်အုပ်စုများ၊ ၎င်းတို့နှင့် ဆက်နွှယ်သူများ၏ ငွေကြေးနှင့် ရန်ပုံငွေများအား နှောင့်နှေး ကြန့်ကြာခြင်းမရှိဘဲ ထိန်းချုပ်ရန် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့များသို့ တားမြစ်မိန့်ထုတ်ပြန်ကာ ရန်ပုံငွေများကို စိစစ်ထိန်းချုပ်လျက်ရှိဟု ပြည်ထဲရေးဒုဝန်ကြီး ပြောကြား

အကြမ်းဖက်အုပ်စုများ၊ ၎င်းတို့နှင့် ဆက်နွှယ်သူများ၏ ငွေကြေးနှင့် ရန်ပုံငွေများအား နှောင့်နှေး ကြန့်ကြာခြင်းမရှိဘဲ ထိန်းချုပ်ရန် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့များသို့ တားမြစ်မိန့်ထုတ်ပြန်ကာ ရန်ပုံငွေများကို စိစစ်ထိန်းချုပ်လျက်ရှိဟု ပြည်ထဲရေးဒုဝန်ကြီး ပြောကြား
Published 13 January 2016
စိုးမင်းထိုက်

အကြမ်းဖက်အုပ်စုများ၊ ၎င်းတို့နှင့် ဆက်နွှယ်လျက်ရှိသူများ၏ ငွေကြေးနှင့် ရန်ပုံငွေများအား နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ထိန်းချုပ်ရန် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ တားမြစ်မိန့်ထုတ်ပြန်ကာ ရန်ပုံငွေများကို စိစစ်ထိန်းချုပ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။အကြမ်းဖက်မှုလုပ်ရပ်များ၏ အရင်းအမြစ်ဖြစ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းခြင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ယင်းသို့ ဆောင်ရွက်ခြင်းအား ၂၀၁၅ ခုနှစ်အထိ ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ ရုရှား၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အမေရိကန်ပြည်ထောင်စုများ နှင့်ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်သမားများ ဝင်ရောက်မှုမရှိစေရန်အတွက် အင်တာပိုလ်၊ အာစင်နပိုလ်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပေးပို့သော နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များအား စာရင်းပြုစုကာ မှတ်တမ်းထားရှိခြင်း၊ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများနှင့် အကြမ်းဖက်အဖွဲ့ဝင်များအား အမည်မည်းစာရင်း ရေးသွင်းထားရှိခြင်း၊ အကြမ်းဖက်သမားများအဖြစ် သံသယဖြစ်ဖွယ်ရှိသူများအား စောင့်ကြည့်စာရင်းရေးသွင်းကာ စောင့်ကြည့်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။ထို့ပြင် နိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်းနှင့် ဖြစ်ပွားပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။အကြမ်းဖက်မှုအခြေအနေများနှင့်  တွေ့ကြုံလာပါက အမြန်ဆုံး တုံ့ပြန်နိုင်ရန်အတွက် တွေ့ကြုံရနိုင်သည့် အခြေအနေများကို မျှော်မှန်းကာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပါက ဆောင်ရွက်မည့် စီမံချက်၊ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားပါက ဆောင်ရွက်မည့် စီမံချက်၊ လက်နက်ကိုင်စွဲလျက် ပစ်ခတ်မှုဖြစ်ပွားပါက ဆောင်ရွက်မည့် စီမံချက်၊ ဓားစာခံ ဖမ်းဆီးခံရမှုဖြစ်ပွားပါက ဆောင်ရွက်မည့် စီမံချက်၊ လူထုအမြောက်အမြား ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားပါက ဆောင်ရွက်မည့် စီမံချက်များအား ရေးဆွဲကာ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ၏ ကမ္ဘာတစ်လွှားတွင် အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်ရေးသမားများက ပြည်သူများ စုဝေးရာနေရာများတွင် အကြောင်းမဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြား သေကျေပျက်စီးရသည့် ဖြစ်ရပ်များ ဖြစ်ပေါ်နေသဖြင့် ထိုသို့ အစွန်းရောက်အကြမ်းဖက်သမားများ ဝင်ရောက်ခြင်းကိစ္စမျိုးအတွက် ကြိုတင်ကာကွယ်ရေး အစီအစဉ်များ၊ စောင့်ကြပ်ကြည့်ရှုသည့် စနစ်နှင့် အရေးပေါ်ကိစ္စများ ပေါ်ပေါက်ပါက အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့် စပ်လျဉ်းကာ ဆောင်ရွက်ထားမှု အခြေအနေများကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ်တွင် ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။       

Most Read

Most Recent