နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးအတွက် ဆောင်ရွက်မည့်သူအား ကာကွယ်ရေးဝန်ကြီးဌာန(သို့မဟုတ်) ပြည်ထဲရေးဝန်ကြီးဌာနမှဖြစ်စေ ရွေးချယ်ခွင့်ပြုသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦး က ဆွေးနွေးသည်။ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေး ဆိုင်ရာ ဥပဒေကြမ်းအားဆွေးနွေးစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။အဆိုပါ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့လာသည့် ဥပဒေကြမ်းဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအား အတည်ပြုသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းထားသည်။နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ ကိုယ်ရံတော်အား ခန့်အပ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနဟု ပြင်ဆင်ထားကြောင်း၊ မူလပြဋ္ဌာန်းချက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဖြစ်စေ၊ ပြည်ထဲရေးဝန်ကြီးဌာနမှဖြစ်စေဟု ထည့်သွင်းသင့်ကြောင်း၊ ဝန်ကြီးဌာန နှစ်ခုစလုံးကို တာဝန်ပေးအပ်ခြင်း မဟုတ်ကြောင်း၊ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက ၎င်း၏ စိတ်ဆန္ဒအရ လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးခြင်းဖြစ်ကြောင်း ဆက်လက်ဆွေးနွေးသည်။အဆိုပါ ဥပဒေကြမ်း၏ အဆိုပြု ပြဋ္ဌာန်းချက် အခန်း(၃)ပုဒ်မ (၄) တွင် သက်ဆိုင်ရာဝန်ကြီးဌာနသည် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးအတွက် အကာအကွယ်ပေးရန် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက အမည်စာရင်းတင်သွင်းသူ တစ်ဦးကို ကိုယ်ရံတော်ခန့်အပ်ရမည်ဟု ပါရှိကြောင်း၊ ထို့အတွက် ဥပဒေအရ ရှေ့နောက်ညီစေရန် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက အမည်စာရင်းတင်သွင်းရာတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဖြစ်စေ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဖြစ်စေ ဥပဒေအရ ရွေးချယ်ခွင့်ရရှိမည်ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦးက ဆွေးနွေးသည်။ဒုတိယဗိုလ်မှူးကြီး မြင့်ဝင်းက ပြည်သူ့လွှတ်တော်က ပြည်ထဲရေးဝန်ကြီးဌာနဟု အတည်ပြုထားချက်အား မူလပြဋ္ဌာန်းချက်ဖြစ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနဖြစ်စေ၊ ပြည်ထဲရေးဝန်ကြီးဌာနဖြစ်စေဟု ပြင်ဆင်သင့်ကြောင်း ဆွေးနွေးသည်။အဆိုပါ ဥပဒေကြမ်းအား တပ်မတော်သားကိုယ်စားလှယ် နှစ်ဦး၊ ဦးဖုန်းမြင့်အောင်၊ ဒေါ်ခင်ဝိုင်းကြည်တို့ကလည်း ဆွေးနွေးခဲ့ကာ ကိုယ်စားလှယ်များအား ဆွေးနွေးချက်များကို ဥပဒေကြမ်းကော်မတီက ကြားနာမှုများပြုလုပ်ကာ အစီရင်ခံစာ ပြန်လည်တင်သွင်းရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားထားသည်။ပြည်ထဲရေးဝန်ကြီးဌာနသည် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူကို လည်းကောင်း၊ ယင်း၏ နေအိမ်နှင့် ပရိဝုဏ်ကို လည်းကောင်း၊ ကာကွယ်စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့ကို သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းတာဝန်ပေးရမည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြုထားသည်။ထို့ပြင် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူအား နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲခြင်းနှင့် အရေးယူခြင်းမရှိစေရဟု ပြည်သူ့လွှတ်တော်က အတည်ပြုထားသည်။ထို့ပြင် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူသည် ဥပဒေ၏ အခန်း(၃)အရ လုံခြုံရေး အကာအကွယ်ပေးခြင်းကို နိုင်ငံတော်သမ္မတ ရာထူးသက်တမ်းကုန်ဆုံးသည့် နေ့ရက်မှစကာ ခံစားခွင့်ရှိသည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြုထားသည်။ပြည်ထဲရေးဝန်ကြီးဌာနသည် လုံခြုံရေးအဖွဲ့ဝင်၏ အဖွဲ့ဝင်များ ကိုင်ဆောင်အသုံးပြုရန် သင့်လျော်သော လက်နက်ပစ္စည်းများကို သတ်မှတ်ချက်နှင့်အညီ တပ်ဆင်ပေးရမည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြု ထားသည်။
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးအတွက် ဆောင်ရွက်မည့်သူအား ကာကွယ်ရေးဝန်ကြီးဌာန (သို့မဟုတ်) ပြည်ထဲရေးဝန်ကြီးဌာနမှဖြစ်စေ ရွေးချယ်ခွင့်ပြုသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး















