မေဂရေ့စ်ပယ်ရီနှင့် တွေ့ဆုံခြင်း

မေဂရေ့စ်ပယ်ရီနှင့် တွေ့ဆုံခြင်း
Published 13 January 2016
လင်းလင်းခိုင်

'ပရိသတ်တွေသာ ဆက်အားပေးမယ်ဆိုရင် မေ အနုပညာ အလုပ်တွေကို ဆက်လုပ်ဖြစ်သွားမှာပါ'
မော်ဒယ်စင်မြင့်ထက်မှ သရုပ်ဆောင်အဖြစ် ကူးပြောင်းလာသူ လူငယ် အနုပညာရှင် များစွာရှိနေပါသည်။ ယင်းတို့အထဲတွင် ဆယ်ကျော်သက် မော်ဒယ်တစ်ဦးအဖြစ်မှ သရုပ်ဆောင်အဖြစ် စတင် ကူးပြောင်းလာသူ မေဂရေ့စ်ပယ်ရီလည်း တစ်ဦးအပါအဝင် ဖြစ်သည်။ သရုပ်ဆောင် တစ်ဦးအဖြစ် ပထမဆုံး ပါဝင်ထားသည့် 'ဧဒင်ရဲ့နတ်သမီး' ရုပ်ရှင်ဇာတ်ကားတွင် အကပညာရှင် တစ်ဦးအဖြစ် ပါဝင်ထားသည့် မေဂရေ့စ်ပယ်ရီနှင့် တွေ့ဆုံ၍ ဇာတ်ကားရိုက်ကူးမှု အတွေ့အကြုံနှင့် ရှေ့ဆက် လုပ်ဆောင်မည့် အနုပညာ လုပ်ငန်းများအား မေးမြန်းဖြစ်ခဲ့ပါသည်။
မေး-ဧဒင်ရဲ့နတ်သမီးဇာတ်ကားမှာ မေဂရေ့စ်က ပထမဆုံး ရုပ်ရှင်ဇာတ်ကားအနေနဲ့ သရုပ်ဆောင်ထားတယ်။ အဲဒီဇာတ်ကား ရိုက်ကူးဖြစ်တဲ့ အကြောင်းရင်းလေး အရင်ပြောပြပေးပါဦး။
ဖြေ- အဲဒီကားရိုက်ဖို့ မခင်စန္ဒာမြင့်က ကမ်းလှမ်းတာပါ။ ဒီလို ဇာတ်ကောင် စရိုက်လေးရှိတယ်။ လုပ်ချင်လားပေါ့။ မေကလည်း အရင်က ရုပ်ရှင်နဲ့ပတ်သက်လို့ အတွေ့အကြုံ သိပ်မရှိဘူး။ ကိုစိုင်းစိုင်းနဲ့ကလည်း အရမ်းခင်တယ်။ ဒါရိုက်တာ ဦးမီးပွားကိုလည်း အရမ်းလေးစားတယ်။ တခြားမင်းသမီးတွေ အားလုံးကိုလည်း မေအရမ်းခင်တယ်။ ဒါကြောင့် လက်ခံဖြစ်သွားတာပါ။
မေး- ဒီဇာတ်ကားထဲမှာ Dancer တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာဆိုတော့ အဲဒီအတွက် အဓိကဘာတွေ ပြင်ဆင်ခဲ့ရလဲ။
ဖြေ- မေက အပြင်မှာ Dancer မဟုတ်တော့ အရမ်းကြီးလည်း မကတတ်ဘူး။ ဒါကြောင့် ယူရေနီယမ်နဲ့ Life & Dance Studio မှာ အကတွေ သွားတိုက်ရတယ်။ Dancer တွေရဲ့ ပုံစံတွေကိုလည်း လေ့လာရတယ်။ ပြီးတော့မှ ဒီဇာတ်ကားထဲက ကာရိုက်တာနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်ခဲ့တာပါ။
မေး- တကယ်တမ်း ရိုက်ကူးမှု အတွေ့အကြုံမှာ ဘယ်အရာတွေက ခက်ခဲလဲ။
ဖြေ- ဒိုင်ယာလော့ခ်တွေ၊ တချို့စကားလုံးတွေက မေပြောဖို့နည်းနည်းခက်တယ်။ စကားလုံးတွေ ထောက်တယ်ပေါ့။ အဲဒါတွေကို ဦးမီးပွားတို့၊ ကိုစိုင်းစိုင်းတို့က နည်းနည်း ပြင်ပေးတယ်။ ဒိုင်ယာလော့ခ် ကျက်တဲ့အခါမှာ နည်းနည်းခက်ပါတယ်။ အဲဒါတော့ အဓိက အခက်အခဲပါပဲ။ ကျန်တာကတော့ ရုပ်ရှင်နဲ့ပတ်သက်လို့ အတွေ့အကြုံ နည်းသေးတဲ့အတွက် လိုအပ်ချက်တွေ၊ သင်ယူရမှာတွေ အများကြီး တွေ့ရပါတယ်။ အားလုံးက ကူညီပေးကြပါတယ်။
မေး- ဒီဇာတ်ကား ရိုက်ကူးမှု အတွေ့အကြုံက အရင်လုပ်ခဲ့ဖူးတဲ့ အနုပညာ လှုပ်ရှားမှုတွေနဲ့ဆိုရင် စိန်ခေါ်မှုတွေ ပိုများခဲ့လား။
ဖြေ- စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ ရိုက်ကူးချိန်ကလည်း တစ်နှစ်ကျော်တယ်။ တခြားလုပ်တာတွေနဲ့ ပုံစံသိပ်မတူဘူး။ ဇာတ်ကားထဲမှာ စိတ်ထည့်ရတာချင်းလည်း မတူဘူး။ အရမ်းကြိုးစားခဲ့ရပါတယ်။
မေး- ရုံတင်ပြသတော့မယ်ဆိုတော့ အဲဒီအတွက် စိတ်လှုပ်ရှားမှုကရော ဘယ်လိုရှိလဲ။
ဖြေ- အရမ်းလည်း စိတ်လှုပ်ရှားပါတယ်။ ကြောက်လည်းကြောက်တယ်။ ရင်လည်းခုန်တယ်။ ပရိသတ်တွေကိုလည်း အားပေးစေချင်တယ်။
 မေး- အခုဒီဇာတ်ကားကို ပြန်ကြည့်တဲ့အခါမှာရော ကိုယ့်ကိုယ်ကိုယ် ကျေနပ်ရဲ့လား။
ဖြေ- မေက ဝါရင့် သရုပ်ဆောင်ကြီး တစ်ယောက်လည်းမဟုတ်ပါဘူး။ ဒီထက်ကောင်းအောင် လုပ်လို့ရသေးတယ်လို့ထင်တယ်။ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ပရိသတ်တွေကို ဒီဇာတ်ကားလေးကြည့်ပြီး လိုအပ်ချက်တွေ ဝေဖန်ပေးစေချင်ပါတယ်။
မေး- ဒီဇာတ်ကားနဲ့ပတ်သက်လို့ ပရိသတ်ကို အကြို ပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။
ဖြေ- ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်အားလုံးနဲ့ ဒါရိုက်တာဦးမီးပွားရော၊ အဖွဲ့ဝင် အားလုံးရော အရမ်းကြိုးစားထားပါတယ်။ ပရိသတ်ကိုလည်း ကြည့်ပြီးကျေနပ်ပါစေလို့ ပြောချင်ပါတယ်။
မေး- မေဂရေ့စ် ရှေ့ဆက်လုပ်ဆောင်မယ့် အနုပညာလုပ်ငန်းတွေနဲ့ပတ်သက်လို့ အသိပေးလို့ရမလား။
ဖြေ- မေကလေ လောလောဆယ်တော့ ရုပ်ရှင်ရိုက်ဖို့တော့ မရှိသေးဘူး။ နိုင်ငံခြားမှာ ကျောင်းတက်နေတာဆိုတော့လေ။ လောလောဆယ်ကတော့ အလှဓာတ်ပုံရိုက်တာတို့၊ အမ်တီဗွီတွေမှာ သရုပ်ဆောင်တာတို့ပဲ လုပ်ဖြစ်ပါတယ်။
မေး- ကျောင်းပြီးသွားရင်ရော သရုပ်ဆောင်လုပ်ဖို့ စိတ်ကူးရှိလား။
ဖြေ- အခွင့်အရေးသာ ရမယ်ဆိုရင်တော့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်ပါတယ်။
မေး- နိုင်ငံခြားမှာ ကျောင်းတက်နေတယ်ဆိုတော့ ဘယ်ဘာသာရပ်နဲ့ အဓိက သင်ယူဖြစ်နေလဲ။
ဖြေ- မီဒီယာနဲ့ဆိုင်တဲ့ ဘာသာရပ်ကို သင်ယူလေ့လာနေတာပါ။
မေး- မီဒီယာဘာသာရပ်ကို လေ့လာသင်ယူဖြစ်တဲ့ အဓိက အကြောင်းရင်းကရော။
ဖြေ- မေကလေ အသက် ၁၅ နှစ်ကတည်းက မော်ဒယ်လုပ်တဲ့အခါကျတော့ အနုပညာလောကထဲမှာ မီဒီယာတွေနဲ့လည်း ထိတွေ့ဆက်ဆံခွင့်ရခဲ့တယ်။ မီဒီယာအလုပ်ကိုလည်း မေစိတ်ဝင်စားတယ်။ ဒါကြောင့် အဲဒီဘာသာရပ်ကိုပဲ သင်ယူဖြစ်တာပါ။
မေး- အနုပညာအလုပ်တွေ ငယ်ငယ်ကတည်းက လုပ်ဖြစ်တဲ့သူ တစ်ယောက်အနေနဲ့ အနုပညာအလုပ်အပေါ်ထားတဲ့ခံယူချက်ကို သိချင်ပါတယ်။
ဖြေ- အနုပညာအလုပ်ကို မေချစ်တယ်။ အနုပညာအလုပ်တွေ လုပ်နေရတာကို မေဝါသနာပါတယ်။ အဲဒါတွေလုပ်ရတာ မေပျော်တယ်။ ကာရိုက်တာမျိုးစုံနဲ့ လုပ်ရမယ်ဆိုရင် မေလုပ်ချင်တယ်။ ပရိသတ်တွေသာ ဆက်အားပေးမယ်ဆိုရင် မေအနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာပါ။
မေး- ဟိုမှာ ကျောင်းတက်နေတဲ့အချိန်တွေမှာရော အနုပညာအလုပ်တွေ လုပ်ဖြစ်မလား။
ဖြေ- အဲဒီလိုမျိုးတော့ မလုပ်ဖြစ်ဘူး။ မေကျောင်းပိတ်တဲ့အချိန်တော့ ဒီကိုပြန်လာပြီး အနုပညာအလုပ်တွေ လုပ်ဖြစ်ပါတယ်။
မေး- နှစ်သစ်မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ ညီမလေးအနေနဲ့ ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။
ဖြေ- ဟက်ပီးနယူးရီးယားပါ။ နှစ်သစ်မှာပျော်ရွှင်ပါစေ။ ကျန်းမာပါစေ။ စီးပွားရေးတွေ အဆင်ပြေပါစေ။ အစစအရာရာ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

Most Read

Most Recent