ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၁၄ ခု ယခုလွှတ်တော်တွင် ဆက်လက် ဆောင်ရွက်ခြင်း မပြုတော့ရန် ပြည်သူ့လွှတ်တော် အတည်ပြု

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၁၄ ခု ယခုလွှတ်တော်တွင် ဆက်လက် ဆောင်ရွက်ခြင်း မပြုတော့ရန် ပြည်သူ့လွှတ်တော် အတည်ပြု
Published 11 January 2016
ငြိမ်းဇော်လင်း

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၁၄ ခုကို ယခုလွှတ်တော်တွင် ဆက်လက် ဆောင်ရွက်ခြင်း မပြုတော့ရန် ပြည်သူ့လွှတ်တော်က ဇန်နဝါရီ ၁၁ ရက်တွင် အတည်ပြုခဲ့သည်။ဥပဒေကြမ်းများနှင့် ပတ်သက်၍ လတ်တလော အခြေအနေနှင့် ကိုက်ညီမှု ရှိစေရန်၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်ရန်နှင့် အချိန်လုံလောက်မှု မရှိခြင်းတို့ကြောင့် လတ်တလော ဆောင်ရွက်ခြင်း မပြုတော့ဘဲ မှတ်တမ်းတင် ထားရှိရန်နှင့် ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက်ပေးပို့ရန် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်း ကော်မတီနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၊ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့ဖြင့် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ဥပဒေကြမ်းပါ အခန်း(၂) “တားမြစ်ချက်များ”၊ အပိုဒ် ၃ အပိုဒ်ခွဲ (ဂ) နှင့် အပိုဒ်ခွဲ (စ) တို့ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁) “နိုင်ငံတော်၏ အခြေခံမူများ” ပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆွေးနွေးနိုင်ရန် လတ်တလော အတည်ပြု ဆောင်ရွက်ခြင်း မပြုဘဲ ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပြီး ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ရန် သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီက အစီရင်ခံခဲ့သည်။ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော လတ်တလော ဆောင်ရွက်ခြင်း မပြုတော့သည့် ဥပဒေကြမ်းများမှာ နျူကလီးယား ဘေးအန္တရာယ် ကင်းရှင်းရေး ဥပဒေကြမ်း၊ မြေသိမ်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်း၊ စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်း၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်း၊ မူပိုင်ခွင့် ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ် ဥပဒေကြမ်း၊ သံအမတ်ကြီးများဆိုင်ရာ ဥပဒေကြမ်း၊ ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေ (အက်ဥပဒေအမှတ် ၁၇/၅၀) ကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ မြန်မာနိုင်ငံ စာရင်းအင်း ဥပဒေကြမ်း၊ ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်း၊ အကျဉ်းထောင်များ ဥပဒေကြမ်း၊ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် လက်နက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ဖြစ်သည်။

Most Read

Most Recent