NLD ပါတီအား မဲပေးရန် လက်ဖြင့် ညွှန်ပြသည်ဆိုကာ မဲလက်မှတ် ထုတ်ပေးသည့် ကျောင်းဆရာမအား ပြည်ခိုင်ဖြိုး မဲရုံကိုယ်စားလှယ်က တရားစွဲသည့်အမှု စတုတ္ထမြောက် ရုံးချိန်းတွင် လိုပြသက်သေ မဲရုံမှူး ကျောင်းအုပ်ကြီးအား စစ်ဆေး

NLD ပါတီအား မဲပေးရန် လက်ဖြင့် ညွှန်ပြသည်ဆိုကာ မဲလက်မှတ် ထုတ်ပေးသည့် ကျောင်းဆရာမအား ပြည်ခိုင်ဖြိုး မဲရုံကိုယ်စားလှယ်က တရားစွဲသည့်အမှု စတုတ္ထမြောက် ရုံးချိန်းတွင် လိုပြသက်သေ မဲရုံမှူး ကျောင်းအုပ်ကြီးအား စစ်ဆေး
Published 11 January 2016
နေရိုင်း၊ ကျော်မျိုး

NLD ပါတီအား မဲပေးရန် လက်ဖြင့် ညွှန်ပြသည်ဟုဆိုကာ မဲလက်မှတ် ထုတ်ပေးသည့် ကျောင်းဆရာမအား ပြည်ခိုင်ဖြိုး မဲရုံကိုယ်စားလှယ်က တရားစွဲသည့်အမှု စတုတ္ထရုံးချိန်းတွင် လိုပြသက်သေအဖြစ် မဲရုံမှူးတာဝန်ကျ ကျောင်းအုပ်ဆရာကြီးအား စစ်ဆေးခဲ့ကြောင်း သိရသည်။“မဲရုံမှူး ဦးအောင်ထွန်းကို စစ်တယ်။ ဦးအောင်ထွန်းက ဒီမဲရုံမှာ ဖြစ်ပျက်ခဲ့တာတွေကို ထွက်ဆိုတာပေါ့။ သူက ဆရာမနဲ့ ကပ်လျက်မှာရှိတဲ့ ဦးချမ်းအေးကလည်း ဒီဟာမစစ်ခင်မှာ ကြိုတင်အစစ်ခံချက် ယူထားသေးတယ်။ သူတို့အချင်းချင်း မဲရုံမှူးတွေနဲ့ ကော်မရှင် အဖွဲ့တွေ ထွက်ဆိုထားတာ ရှိတယ်။ အဲဒါကို သက်သေအဖြစ် အဆိုသွင်းတယ်။ အဲဒါကို ရုံးက လက်ခံထားပါတယ်။ မဲရုံမှူး ဦးအောင်ထွန်းကတော့ မဲရုံထဲမှာ ဘာပြဿနာမှ မတက်ခဲ့ဘူးလို့ ထွက်ဆိုထားပါတယ်” ဟု ကျောင်းဆရာမ ဒေါ်ဝင်းဌေး၏ ရှေ့နေဖြစ်သူ အထက်တန်းရှေ့နေ ဦးကျော်သောင်းက ဆိုသည်။ဇန်နဝါရီ ၁၁ ရက်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် စစ်ဆေးသည့် အဆိုပါ ရုံးချိန်းတွင် မဲရုံမှူး ဦးအောင်ထွန်းအား နံနက် ၆ နာရီမှ ညနေ ၄ နာရီကြား မဲရုံအတွင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို မေးမြန်းခဲ့ကာ စစ်ဆေးမှု ပြီးစီးခဲ့ကြောင်း၊ လာမည့် ပဉ္စမမြောက် ရုံးချိန်းတွင် လိုပြသက်သေအဖြစ် မဲဆန္ဒရှင် အမျိုးသမီးနှစ်ဦးအား ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။စွပ်စွဲခံရသူ ဆရာမ ဒေါ်ဝင်းဌေးက ယခုကဲ့သို့ အမှုရင်ဆိုင်ရခြင်းကြောင့် ဆရာမတစ်ဦး၏ ဂုဏ်သိက္ခာ ကျဆင်းရသကဲ့သို့ စရိတ်ကုန်ကျမှုများ ရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲသွားကြောင်း ပြောကြားသည်။ဆရာမ ဒေါ်ဝင်းဌေးက “အခက်အခဲက အများကြီး ရှိတာပေါ့။ ဆရာမတို့က လစာအပြင် အပိုဝင်ငွေ မရှိဘူးလေ။ အခု အမှုရင်ဆိုင်ဖို့ ရှေ့နေငှားဖို့ လေးသိန်း ပေးရတယ်။ ကိုယ့်လစာကို ကိုယ်ကြိုရောင်းပြီး ပေးနေရသလိုဘဲ။ စားဝတ်နေရေးလည်း အရမ်းခက်ခဲသွားတယ်။ နောက်ပြီးကျတော့ စာမေးပွဲက စစ်တော့မှာ။ မေးခွန်းတွေ ထုတ်နေရတယ်။ ကျောင်းသားတွေ အတွက်လည်း စိတ်မအေးရဘူး။ မြို့နယ် ကော်မရှင်က ခုချိန်ထိ ဘာမှမပံ့ပိုးထားပါဘူး။ ရှေ့နေငှားတာ ဘယ်လောက် ကုန်လဲတော့ မေးပါတယ်။ သူတို့က ကူညီမယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ ဆရာမ သူတို့ဆီက မလိုချင်ပါဘူး။ ဝန်ထမ်းချင်းဆိုတော့” ဟု ပြောကြားသည်။ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာ မဲရုံအမှတ် (၁) ၌ ဆရာမ ဒေါ်ဝင်းဌေးက မဲဆန္ဒရှင် အချို့အား NLD ပါတီအား မဲပေးရန် ညွှန်ပြသည်ဟုဆိုကာ တရားလိုဖြစ်သူ ဦးကောင်းမြတ်ကျော်က နိုဝင်ဘာ ၉ ရက်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများနှင့် အဆိုပါ ကိစ္စအား ညှိနှိုင်းခဲ့ပြီး ဦးဝေလွင်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးနေအောင်၊ ဒေါ်ယမင်းမြင့်လှိုင်တို့နှင့်အတူ ပုဗ္ဗသီရိမြို့နယ် ထုံးဘို ရဲစခန်းတွင် ရွေးကောက်ပွဲ ဥပဒေ ၆၁ (ခ) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ပုဗ္ဗသီရိမြို့နယ်သည် NLD ပါတီမှ ဦးတင်သစ်က ပြည်ခိုင်ဖြိုးပါတီမှ ဦးဝေလွင်အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၂၁၆ မဲအသာဖြင့် အနိုင်ရရှိခဲ့သော နယ်မြေဖြစ်သည်။

Most Read

Most Recent