NCA စာချုပ်ပါ အချက်အလက်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ရှမ်းပြည်နယ် ဖွဲ့စည်းလိုက်ခြင်းအားဖြင့် ပြည်နယ်တွင်းရှိ NCA လက်မှတ်ထိုးသော အဖွဲ့များနှင့် တပ်မတော်တို့သည် နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ လျှော့ချနိုင်လိမ့်မည်ဟု JMC-S အဖွဲ့ဝင် ဦးဆောင်သူများက ပြောကြားသည်။ဲJMC-S အဖွဲ့ကို ရှမ်းပြည်နယ် ခိုလမ်မြို့တွင် ဇန်နဝါရီ ၉ ရက်က ပထမဆုံး စတင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး၊ ပြည်နယ်အဆင့် JMC-S အဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၁၄ ဦး၊ အစိုးရ တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့များတို့မှ တစ်ဖက်ခုနစ်ဦးစီဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ အစိုးရ တပ်မတော်ဘက်တွင် တပ်ဘက်မှ ဗိုလ်မှူးကြီးအဆင့် နှစ်ဦး၊ နယ်လုံဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် တစ်ဦး၊ ပြည်နယ် ရဲမှူးချုပ်နှင့် ရပ်မိရပ်ဖနှစ်ဦး၊ တိုင်းရင်းသား လက်နက်ကိုင်ဘက်တွင် RCSS အဖွဲ့မှ သုံးဦး၊ PNLO အဖွဲ့မှ နှစ်ဦး၊ ရပ်မိရပ်ဖ (အရပ်သား ကိုယ်စားလှယ်) နှစ်ဦးစီတို့ဖြင့် စုစုပေါင်း -၁၄ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။“ဒါကတော့ ပထမဆုံး ဖွဲ့စည်းခဲ့တဲ့ အစည်းအဝေးပေါ့။ ဖွဲ့စည်းပြီးမှပဲ နောက်ဆက်တွဲ ပြဿနာတွေ ဖြေရှင်းမယ့် အစည်းအဝေးက တစ်လတစ်ကြိမ် လုပ်မယ်။ ဖြေရှင်းမယ်။ အဖြေရှာမယ်။ ဖွဲ့စည်းမယ်။ ဖွဲ့စည်းတဲ့ အထဲမှာ ပါတဲ့သူတွေ အကုန်လုံး တစ်လတစ်ကြိမ် အစည်းအဝေး လုပ်မယ်။ ရလဒ်ကောင်းတွေ ရနိုင်ပါမယ်။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်ကြားမှာ ထွက်ပေါ်လာတဲ့ Code of Conduct ကို အခြေခံတဲ့အတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်ပါတယ်။ အဓိကတော့ အပစ်အခတ် လျှော့ချရေးအပြင် ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ အကြောင်းအရာတွေလည်း ပါပါတယ်။ NCA စာချုပ် လက်မှတ်ထိုးတာ ရှစ်ဖွဲ့ရှိတာပေါ့ ။ ခုချိန်ထိတော့ တိုက်ပွဲမရှိဘဲနဲ့ RCSS နဲ့ တစ်ကြိမ် ရှိခဲ့တာပေါ့။ မိုင်းပြင်းမှာပေါ့။ ခုလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်ဗျ ။ နောင်ကို NCA စာချုပ် လက်မှတ်ထိုးတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ တပ်မတော်တို့ဟာ လုံးဝကို တိုက်ပွဲတွေ ရှိတော့မှာ မဟုတ်တော့ဘူး ဆိုတာကို ပြောလိုပါတယ်” ဟု JMC-S အဖွဲ့ဝင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး သောင်းထိုက်ဦးက ပြောကြားသည်။“ပထမဆုံးက NCA စာချုပ်က အပစ်အခတ် ရပ်စဲဖို့ဖြစ်တယ်။ နိုင်ငံရေး ဆွေးနွေးဖို့ ဖြစ်တယ်။ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနေချိန်မှာ တစ်ဖက်နဲ့တစ်ဖက် နားလည်မှု လွဲမှားပြီးတော့ပဲဖြစ်ဖြစ် အောက်ခြေမှာ ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တော့ အပစ်ရပ်စဲတာကို လုပ်တယ်။ ပြန်ပြီးတော့ ပစ်ခတ်မှုတွေ မဖြစ်အောင် ပူးတွဲစောင့်ကြည့်ရေး ကော်မတီက တာဝန်နှစ်ရပ်လုံးပေါ့ဗျာ။ အပစ်အခတ် ရပ်စဲထားမှုကို ထိန်းသိမ်းထားဖို့နဲ့ နားလည်မှု လွဲမှားတဲ့ ကိစ္စတွေကိုလည်း ဖြေရှင်းစောင့်ကြည့် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ PNLO ရယ်၊ RCSS ရယ်၊ တပ်မတော်ရယ်၊ သုံးဦးသုံးဖလှယ်ကြားမှာ ဒီလိုကိစ္စရပ်တွေ ညှိနှိုင်းဖြေရှင်းနိုင်အောင် နောက်ရှမ်းပြည်နယ် အနေနဲ့ ဖွဲ့စည်းတာဖြစ်လို့ ကျန်တဲ့ဒေသမှာဖြစ်တဲ့ ကိစ္စရပ်တွေကိုလည်း ဖြေရှင်းမယ်။ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို လုပ်ကိုင်လာနိုင်ပြီဆိုရင် ကျန်တဲ့အဖွဲ့တွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေ ကြားမှာလည်း ပူးတွဲစောင့်ကြည့်ရေး ကော်မတီက ကြားဝင်ကာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကြားမှာ နားလည်မှု လွဲမှားတာရှိရင် ဝိုင်းဝန်းဖြေရှင်းနိုင်အောင် ဒါတွေပဲ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပအိုဝ်း အမျုးိသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။“JMC-S ကို ဖွဲ့စည်းခြင်းအားဖြင့် (၁) စစ်ပွဲတွေ လျော့ချဖို့ (၂) ပြည်သူကို ဝန်ထုပ်ဝန်ပိုး လျှော့ချနိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ လုပ်ဆောင်ကြဖို့ပေါ့။ မဖွဲ့ခင်မှာဖြစ်တဲ့ ကိစ္စရပ်တွေလို အစိုးရနဲ့ အပစ်အခတ်တွေ လျော့ချနိုင်မယ်လို့ပဲ ကျွန်တော်တို့တော့ မျှော်လင့်တာပေါ့နော်။ ရှမ်းပြည်မှာ လက်မှတ် မထိုးသေးတဲ့ ကျန်တဲ့အဖွဲ့တွေ ရှိပါသေးတယ်။ UWSA ၊ မိုင်းလား၊ ပန်ဆန်းတို့၊ SSPP ဝမ်ဟိုင်းတို့၊ KIA ရှိတယ်။ TNLA တို့ ကိုးကန့်တို့ ရှိပါသေးတယ်”ဟု JMC-S ဒုဥက္ကဌ-၁ ဗိုလ်မှူး စိုင်းအောင်မြက ပြောကြားသည်။JMC-S အဖွဲ့၏ အစည်းအဝေးများကို တစ်လတစ်ကြိမ် ခေါ်ယူတွေ့ဆုံကြပြီး ညှိနှိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ JMC-S ရုံးခန်းတည်နေရာ၊ ဝန်ထမ်းများနှင့် ဘတ်ဂျက် ကိစ္စရပ်များကို မသိရှိရသေးပဲ နောက်လာမည့် ဆွေးနွေးပွဲများမှာ အသေးစိတ် ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်
အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး aကာ်မတီ JMC-S (ရှမ်းပြည်နယ်) ကို ဖွဲ့စည်းခြင်းဖြင့် ပြည်နယ်တွင်း တိုက်ပွဲများ လျှော့ချနိုင်လိမ့်မည်ဟုဆို















