ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံ အနီးနှင့် တောင်တန်းများပေါ်တွင် သစ်ခုတ်နေမှုကြောင့် ရေထွက်ပေါက်များနှင့် တောင်ပေါ်ရေကန်များ ရေခန်းခြောက်

ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံ အနီးနှင့် တောင်တန်းများပေါ်တွင် သစ်ခုတ်နေမှုကြောင့် ရေထွက်ပေါက်များနှင့် တောင်ပေါ်ရေကန်များ ရေခန်းခြောက်
Published 7 January 2016
မခိုင်

လွိုင်ကော်မြို့နယ် ဘီလူးချောင်း ရေအားလျှပ်စစ် စက်ရုံများအနီးနှင့် မြောက်ဘက်ပိုင်းရှိ တောင်တန်းများပေါ်တွင် သစ်ခုတ်လုပ်နေမှုများ ရှိနေပြီး ရေထွက်ပေါက်များနှင့် တောင်ပေါ်ရေကန်များ ရေခန်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံရွာသားများနှင့် ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ထံမှ သိရသည်။
တောင်ယာလုပ်ငန်း သိမ်းချိန်ဖြစ်သော ဇန်နဝါရီလမှ စတင်၍ သစ်ခုတ်လုပ်ငန်းများ ပိုမိုလုပ်ဆောင်လာကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ရွာသားများအား တစ်ဆင့်ခုတ်ခိုင်းကာ ပြန်လည် ဝယ်ယူနေကြောင်း၊ ရွာသားများမှလည်း ၎င်းတို့ စားဝတ်နေရေးအတွက် သစ်ခုတ်လုပ်ငန်းအား လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် မိုက်ကန်းကျေးရွာရှိ ဒေသခံတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ မိုက်ကန်းရွာအနီးက အင်းတောင်ဆိုရင် သစ်တောက မြင်တဲ့ အတိုင်းပဲ တော်တော်ကုန်နေပါပြီ။ အရင်က လက်နက်ကိုင်အဖွဲ့တွေ လွှစက်တွေကို တောထဲထိ ယူလာခုတ်ကတည်းက သစ်ကောင်းတွေ အားလုံး ကုန်သွားတာကြာပါပြီ။ အခုကျန်တဲ့ သစ်မာပင်တွေလောက် ရွာသားက ခုတ်တယ်။ အိမ်အတွက် ဖြစ်သလို ရောင်းစားရင်လည်း တစ်သောင်းနှစ်သောင်း ရကြတာပဲရှိပါတယ်။ ရေထွက်ပေါက်တွေကတော့ လုံးဝခမ်းသွားတဲ့ နေရာတွေရှိသလို နည်းနည်းပဲ ထွက်တဲ့ နေရာတွေလည်းရှိတယ်။ အရင်ကဆို သင်္ကြန်ခါနီးမှ ခန်းတတ်တာပါ။ အင်းတောင်ထိပ် ကန်ပတ်လည်က သစ်ပင်ကြီးတွေဆို တစ်ပင်မှမရှိတော့ဘူး။ ရေကန်လည်း ရေခန်းတာမျိုးတစ်ခါမှ မတွေ့ဖူးဘူး”ဟု မိုက်ကန်းကျေးရွာ ဒေသခံက  ဆက်လက်ပြောကြားသည်။
ထို့အပြင် ဘီလူးချောင်းအမှတ် (၃) အနီးရှိ ပွန်ချောင်းအရှေ့ဘက်ကမ်း သစ်တောမှလည်း သစ်များကို ခုတ်ယူလျက်ရှိရာ သဘာ၀၀န်းကျင် ပျက်စီးမည်ကို စိုးရိမ်နေကြရကြောင်း၊ KNPP မှလည်း ရွာသားများအိမ်ဆောက်ရန် တစ်ပိုင်တစ်နိုင် ခုတ်ယူသည်ကို ခွင့်ပြုနိုင်သော်လည်း ကုမ္ပဏီမှ တစ်ဆင့်ခုတ်ခိုင်းပါက ရွာသားများ နစ်နာမည်ကိုစိုးရိမ်ကြောင်း KNPP ဖွံ့ဖြိုးရေးတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ရွာသားတွေအနေနဲ့ တောင်ယာလုပ်ငန်းပြီးတော့ စားဝတ်နေရေးအတွက် လုပ်ဆောင်နေရတာကို တွေ့ရသလို သစ်တောကို ထိန်းသိမ်းရကောင်းမှန်းလည်း မသိဘူး။ ပညာပေးမှု အပိုင်းတွေအများကြီး လိုတယ်။ သူတို့ ကိုပညာပေးတာ တစ်ခုတည်းနဲ့လည်း မရဘူး စားဝတ်နေရေးအတွက် ဘယ်လိုကူညီနိုင်မလဲ ဆိုတာလည်း စဉ်းစားပေးရမယ်။ သစ်တောထိန်းဖို့ဆိုတာ အစိုးရပေါ်မှာလည်း မူတည်တယ်။ ရွာသားတွေစိတ်ထဲမှာတော့ အလကားရတယ်ဆိုပြီး ခုတ်နေကြတယ်။ ဒါကို သစ်ပင်ဟာ အလကားမဟုတ်ဘူးဆိုတာ သိအောင် ပညာပေးရမယ်။ ရေကန်ဆိုရင်လည်း တန်ဖိုးရှိတယ်။ သဘာဝရေကန် တစ်ခုလည်း ဖြစ်နေတယ်။ သစ်ထုတ်ရင် ရေခန်းမယ်ဆိုတာ ရွာသားက မသိဘူး”ဟု ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂမှ ဥက္ကဋ္ဌ ခူးတူရယ်က ပြောကြားသည်။
ကယားပြည်နယ်အတွင်း ဆိုးရွားသည့် သဘာဝဘေးဒဏ် ကျရောက်မည့် အန္တရာယ်ကို တားဆီးလိုသဖြင့် ကျန်ရှိသည့် ကျွန်းသစ်နှင့် သစ်မာများအား အသစ်ထပ်မံခုတ်လှဲခြင်း၊ စီးပွားဖြစ် လုပ်ကိုင်ဆောင်ရွက်ခြင်းများအား လုံးဝတားဆီးပိတ်ပင်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ၂၀၁၅ ခုနှစ် သြဂုတ် ၈ ရက်က ပြုလုပ်သော လပတ် ဗဟိုပုံမှန် အစည်းအဝေးမှ ထုတ်ပြန်ကြေညာထား ကြောင်း လွိုင်ကော် KNPP ဆက်ဆံရေးရုံးမှ သိရသည်။                                             

Most Read

Most Recent