၁၈ ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံပွဲတော်အဖြစ် ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တွင် ပျံသန်းမှုပြုလုပ်

၁၈ ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံပွဲတော်အဖြစ် ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တွင် ပျံသန်းမှုပြုလုပ်
Published 7 January 2016

 
၁၈ ကြိမ်မြောက် နိုင်ငံတကာ မီးပုံးပျံပွဲတော်ကို မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် ကျင်းပခဲ့ပြီး နိုင်ငံတကာမီးပုံးပျံအဖွဲ့က မီးပုံပျံစီးကာ ရှုခင်းကြည့်မှုများ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ ဦးပိန်တံတား၌ မီးပုံးပျံစီးနင်းခဲ့ကြကြောင်း သိရသည်။
 
ဥရောပမှ ဆွစ်ဇာလန်နိုင်ငံသားများ ဦးဆောင်သည့် မီးပုံးပျံ ပျံသန်းသည့်အဖွဲ့သည် အမရပူရမြို့နယ် ဦးပိန်တံတား အနီးဝန်းကျင်နှင့် မုံရွာမြို့များတွင် မီးပုံးပျံ ၄ လုံးဖြင့် လှည့်လည် စီးနင်းခဲ့ကြကြောင်း သိရသည်။
 
“ဒီနှစ်က ၁၈ ကြိမ်မြောက် လာရောက် ပျံသန်းစီးနင်းတာလို့ သိရတယ်။ နှစ်တိုင်း လာရောက် စီးနင်းလေ့ရှိပြီး ဦးပိန်တံတားအနီး ကွက်လပ်ကနေ အမရပူရမြို့ပေါ်ကိုဝဲပြီး ရှုခင်းတွေကြည့်ပြီး အဆင်ပြေတဲ့ ကွင်းအလွတ်နေရာမှာ ဆင်းသက်လေ့ရှိတယ်။ မနှစ်က မီးပုံးပျံ ၆ လုံးလောက် ပါတယ်။ ဒီနှစ် ၄ လုံးတည်းပဲ ပါပြီး ဦးပိန်တံတားအနီးကနေ ပျံသန်းမှုတွေ ပြုလုပ်ခဲ့တယ်”ဟု တောင်သမန် ငှက်လှေအသင်းမှ ဦးစိုးဝင်းက ပြောကြားသည်။ 
 
ယခုနှစ် ၁၈ ကြိမ်မြောက် မီးပုံးပျံခရီးစဉ်အဖြစ် တောင်သမန် ဦးပိန်တံတားအနီးတွင် ၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မီးပုံးပျံစီးနင်းမှုများ ပြုလုပ်ခဲ့ပြီး မုံရွာမြို့တွင် ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်း၌ ပျံသန်းစီးနင်းသွားမည်ဖြစ်ကြောင်း သိရသည်။ 
 
ယင်းမီးပုံးပျံအဖွဲ့သည် အင်းလေးနှင့် ပုဂံဒေသများ အပါအဝင် မြို့ ၁၁ မြို့တွင် မီးပုံးပျံ ပျံသန်းစီးနင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ သိရသည်။
 
 

Most Read

Most Recent