မတ်လတွင် ထိုးသတ်မည့် ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း အောင်လအန်ဆန်ဆို

မတ်လတွင် ထိုးသတ်မည့် ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း အောင်လအန်ဆန်ဆို
Published 7 January 2016

ရန်ကုန်မြို့၌ ကျင်းပမည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် မတ်လတွင် ထိုးသတ်မည့် ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံတွင် နေထိုင်ကာ MMA ပြိုင်ပွဲများ  ယှဉ်ပြိုင်ထိုးသတ်ပြီး နာမည်ရနေသည့် မြန်မာကစားသမားတစ်ဦး ဖြစ်ကာ ကစားသမား သမိုင်းတစ်လျှောက် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
“ကျွန်တော် မြန်မာနိုင်ငံကို ပြန်မရောက်တာ ၁၂ နှစ်ကျော်ပါပြီ။ ကိုယ့်နိုင်ငံကို ပြန်လာခွင့်ရတဲ့အတွက် အိပ်မက်မက်နေသလိုပါပဲ။ ကျွန်တော်က ကချင်ပြည်နယ်မှာမွေးပြီး ရန်ကုန်မှာ ကြီးပြင်းလာတဲ့သူပါ။ ရန်ကုန်မြို့ အနေအထားကတော့ အများကြီး မပြောင်းလဲသေးပါဘူး။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် လာရောက်ထိုးသတ် မှာ ဖြစ်တာကြောင့် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ အရင်ကထက် ပိုကောင်းအောင်လည်း သေချာပြင်ဆင် နေပါတယ်။ မတ်လမှာ ထိုးသတ်မယ့် MMA ပြိုင်ပွဲကို မြန်မာပရိသတ်တွေ တစ်ခဲနက် လာရောက်အားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနှစ်မှာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ မျှော်မှန်းထားပြီး ပြင်ဆင်မှုလုပ်ပြီးရင် လက်ရှိ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ ရုရှားကစားသမားကို စိန်ခေါ်ထိုးသတ်သွားမှာပါ” ဟု အောင်လအန်ဆန်က Eleven Media Group နှင့် သီးသန့်တွေ့ဆုံသည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အောင်လအန်ဆန်သည် MMA ပြိုင်ပွဲများတွင် နှစ်အနည်းငယ်ကြာ ဆက်လက်ထိုးသတ် သွားမည်ဖြစ်ပြီး ကစားသမားဘဝမှ အနားယူပါက နည်းပြအဖြစ် ပြန်လည်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် MMA အားကစား တိုးတက်ဖွံ့ဖြိုးလာစေရန် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။