နိုင်ငံရေးကို ပိုအာရုံစိုက်ရန် တီမိုသီဘရက်ဒလေနှင့် ထိုးသတ်ပြီးနောက် လက်ဝှေ့လောကမှ အနားယူတော့မည်ဟု ပက်ကီယောင်း အတည်ပြု

နိုင်ငံရေးကို ပိုအာရုံစိုက်ရန် တီမိုသီဘရက်ဒလေနှင့် ထိုးသတ်ပြီးနောက် လက်ဝှေ့လောကမှ အနားယူတော့မည်ဟု ပက်ကီယောင်း အတည်ပြု
Published 6 January 2016

ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပက်ကီယောင်းက နိုင်ငံရေးကို ပိုအာရုံစိုက်နိုင်ရန်အတွက် အမေရိကန်လက်ဝှေ့သမား တီမိုသီဘရက်ဒလေနှင့် ထိုးသတ်မည့်ပွဲအပြီး လက်ဝှေ့လောကကို ကျောခိုင်းတော့မည်ဟု အတည်ပြု ကြေညာခဲ့သည်။
 
ပက်ကီယောင်းသည် ပြီးခဲ့သည့်နှစ် မေလ က ရှုံးနိမ့်ခဲ့သည့် မေဝယ်သာနှင့် မကျေပွဲ ပြန်လည်ထိုးသတ်ပြီးမှသာ အနားယူလိုသည်ဟု အစောပိုင်းက ပြောကြားထားခဲ့သော်လည်း ယခုအခါ ၎င်း၏ ရည်မှန်းချက်ကို ပြန်လည်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ “တီမို သီဘရက်ဒလေနဲ့ပွဲဟာ ကျွန်တော့်အတွက် နောက်ဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော် ဒီအကြောင်းကို ဘယ်သူမှ မပြောခဲ့သလို၊ ဘယ်မီဒီယာမှလည်း အင်တာဗျူး မလုပ်ခဲ့ပါဘူး။  သေချာတာကတော့ ဧပြီ ၉ ရက်ပွဲပြီးရင် အနားယူမှာပါ”ဟု ပက်ကီယောင်းက ၎င်း၏ ရွေးကောက်ပွဲ မဲဆွယ်အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲဝင်ရန် ပစ်မှတ်ထားနေသည့် ပက်ကီယောင်းက လာမည့် မေလတွင် ပြုလုပ်မည့် အထက်လွှတ်တော်ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ကြုံးဝါးခဲ့သည်။ 
 
ပက်ကီယောင်းသည် ဖိလစ်ပိုင် အောက်လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး လက်ဝှေ့ပွဲအတွက် ပြင်ဆင်မှုနှင့် ဒဏ်ရာရရှိမှုများကြောင့် ယမန်နှစ်အတွင်း လွှတ်တော်အစည်းအဝေး အကြိမ် ၇၀ တွင် လေးကြိမ်သာ တက်ရောက်နိုင်ခဲ့သောကြောင့် ဝေဖန်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းမှာ အမတ်နေရာ ၁၂ နေရာရှိသည့် အထက်လွှတ်တော်တွင် ဆာရာဂန်နီခရိုင်ရှိ တောင်ပိုင်းမဲဆန္ဒနယ်တွင် ဝင်ရောက် ရွေးချယ်ခံမည် ဖြစ်သည်။  လက်ရှိသမ္မတ အကွီနို အပါအဝင် နောက်ဆုံး ဖိလစ်ပိုင်သမ္မတဖြစ်ခဲ့သူ သုံးဦးမှာ သမ္မတအဖြစ် ရွေးကောက်မခံရမီ အထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။