လမ်းလျှောက်လာသည့် အမျိုးသမီးအား ဆိုင်ကယ်ဖြင့် အမျိုးသား သုံးဦးက တုတ်ဖြင့်ရိုက်ကာ ဖုန်းနှင့်ပိုက်ဆံများ လုယူထွက်ပြေးမှု မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွား

လမ်းလျှောက်လာသည့် အမျိုးသမီးအား ဆိုင်ကယ်ဖြင့် အမျိုးသား သုံးဦးက တုတ်ဖြင့်ရိုက်ကာ ဖုန်းနှင့်ပိုက်ဆံများ လုယူထွက်ပြေးမှု မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွား
Published 5 January 2016

ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် (၁) လမ်းကွေ့၌ လမ်းလျှောက်လာသည့် အမျိုးသမီးအား ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား သုံးဦးက တုတ်ဖြင့်ရိုက်ကာ ဖုန်းနှင့် ပိုက်ဆံများ လုယူထွက်ပြေးမှု ဇန်နဝါရီ ၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ဇန်နဝါရီ ၃ ရက် ည ၈ နာရီခွဲအချိန်ခန့်က ရုံးဝန်ထမ်းဖြစ်သူ မရမ်းကုန်းမြို့နယ်နေ မထက်ထက်ထွန်း (၂၅) နှစ်သည် ကျောက်ရေတွင်း မှတ်တိုင်မှ မရမ်းကုန်းမြို့နယ် (၅) ရပ်ကွက် ဗဟိုလမ်းမကြီးအတိုင်း လမ်းလျှောက် ပြန်လာခဲ့ကြောင်း၊ ထိုအချိန်တွင် ဆိုင်ကယ်တစ်စီးဖြင့် လူသုံးဦးက နောက်မှလိုက်လာပြီး ၎င်းအားကျော်၍ ဘုရင့်နောင် (၁) လမ်းကွေ့တွင် ရပ်စောင့်နေသည့်အတွက် မထက်ထက်ထွန်းမှ မသင်္ကာဖြစ်ပြီး ၎င်းနေအိမ်သို့ ဖုန်းဆက်ရန် ပြင်နေစဉ် အဆိုပါ အမျိုးသားသုံးဦးက မထက်ထက်ထွန်း၏ခေါင်းအား တုတ်ဖြင့်ရိုက်ကာ ဖုန်းအားလုယူခဲ့ပြီး ဘေး၌လွယ်ထားသည့် လွယ်အိတ်အား ထပ်မံ၍ လုယူခဲ့ကြောင်း သိရသည်။ထို့နောက် ပတ်ဝန်းကျင်မှလူများ ရောက်ရှိလာသည့် အချိန်တွင် ၎င်းအမျိုးသား သုံးဦးမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းနောက် သက်ဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ရှိ လူများနှင့် ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ကေတုမတီ ဘုန်းကြီးကျောင်း အနီးရှိ တည်ပင်ပေါ်တွင် အဆိုပါ အမျိုးသားသုံးဦးအနက် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်နေ အောင်သိုက် (၁၈) နှစ်အား ဖမ်းဆီးရမိခဲ့ပြီး အခြားတစ်ဦးကို ဇန်နဝါရီ ၄ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။“ကျူးလွန်သွားတဲ့ သုံးဦးထဲက တစ်ယောက်ကိုတော့ ဖြစ်ဖြစ်ချင်းပဲ မိပါတယ်။နောက်တစ်ယောက်ကိုတော့ ဇန်နဝါရီ ၄ ရက်မှာ ထပ်မိပါတယ်။ ကျန်ရှိနေတဲ့ တစ်ဦးကိုလည်း အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု မရမ်းကုန်း မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ထိုသို့ အမျိုးသားသုံးဦးက တုတ်ဖြင့် ရိုက်နှက်ခဲ့သည့်အတွက် မထက်ထက်ထွန်းမှာ ဦးခေါင်းနှင့် ယာတံတောင်၊ ယာဒူးတို့တွင် ဒဏ်ရာများ ရရှိခဲ့ကာ မြောက်ဥက္ကလာပ ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရသည်။  အဆိုပါ ဖြစ်စဉ်မှ အောင်သိုက် အပါအဝင် သုံးဦးအား မရမ်းကုန်း မြို့မရဲစခန်းမှ (ပ)၈/၁၆ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားပြီး ကျန်ကျူးလွန်သူ တစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။