ဥရောပလိဂ်ပြိုင်ပွဲများတွင် ပါဝင်ကစားနေသည့် ဘရာဇီးလ် ကစားသမားများအား ရွေးချယ်ချီးမြှင့်သော Samba Gold ဆု နေမာ နှစ်နှစ်ဆက်တိုက် ဆွတ်ခူး

ဥရောပလိဂ်ပြိုင်ပွဲများတွင် ပါဝင်ကစားနေသည့် ဘရာဇီးလ် ကစားသမားများအား ရွေးချယ်ချီးမြှင့်သော Samba Gold ဆု နေမာ နှစ်နှစ်ဆက်တိုက် ဆွတ်ခူး
Published 3 January 2016

ဘာစီလိုနာ အသင်း၏ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာသည် ဥရောပလိဂ်ပြိုင်ပွဲများတွင် ပါဝင်ကစားနေသည့် ဘရာဇီးလ် ကစားသမားများအား ရွေးချယ်ချီးမြှင့်သော Samba Gold ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။နေမာသည် ၂၀၁၅ ခုနှစ် အတွင်း ဘရာဇီးလ် လက်ရွေးစင် အသင်းနှင့် အောင်မြင်မှု မရခဲ့သော်လည်း ဘာစီလိုနာ အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး လာလီဂါ၊ ချန်ပီယံလိဂ်၊ ဘုရင့်ဖလား၊ ဥရောပ စူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ချန်ပီယံဆုများ ဆွတ်ခူးရရှိခဲ့သည်။ နေမာသည် ပြီးခဲ့သည့် နှစ်အတွင်း ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ၌ ၄၁ ဂိုး၊ ဘရာဇီးလ်အတွက် လေးဂိုး သွင်းယူနိုင်ခဲ့သောကြောင့် ယင်းဆုကို ၂၀၁၄၊ ၂၀၁၅ နှစ်နှစ် ဆက်တိုက် ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။ယင်းဆုအတွက် ဂျာနယ်လစ်များ၊ ဘောလုံးသမားဟောင်းများနှင့် အင်တာနက် အသုံးပြုသူ ပရိသတ်များက မဲပေးရွေးချယ်ခဲ့ကြပြီး နေမာက မဲစုစုပေါင်း၏ ၃၇ ဒသမ ၈၇ ရာခိုင်နှုန်းအထိ ရရှိကာ ဘိုင်ယန်မြူးနစ်အသင်းမှ ဒေါက်ဂလပ်စ် ကော်စတာက ၁၃ ဒသမ ၃၀ ရာခိုင်နှုန်း၊ အင်တာမီလန် အသင်းမှ မယ်လိုက ၉ ဒသမ ၃၉ ရာခိုင်နှုန်း ရရှိခဲ့သည်။ ယင်းဆုကို ဖေဖော်ဝါရီတွင် ဘာစီလိုနာမြို့၌ ချီးမြှင့်မည် ဖြစ်သည်။