ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် ပြင်ဆင်ထားသည့် စိတ်ကြွဆေးပြား သုံးသိန်းကျော်အား တရားခံတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ဒီဇင်ဘာ ၃၁ ရက် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် မောင်တောမြို့မ အနောက်ရပ်ကွက်ရှိ ဦးမောင်စောဝေနေအိမ်အား သတင်းအရ ရှာဖွေရာတွင် WY စာတမ်းပါ စိတ်ကြွဆေးပြား ၃၆၆၆၀၀ ပြားအား ဖမ်းဆီးရမိခြင်းဖြစ်ကာ ဦးမောင်စောေ၀ (ဘ) ဦးရွှေပွင့်အောင် (၄၂ )နှစ်အား ဖမ်းဆီးအရေးယူ စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ဒီဇင်ဘာ ၃၁ ရက်က စစ်တွေမှ ဘူးသီးတောင်သို့ အောင်သူဟိန်း ရေယာဉ်ဖြင့် တင်ဆောင်လာသည့် ကော်ဖီမစ်အထုပ်များထဲတွင် စိတ်ကြွဆေးပြား ၁၀ သိန်းလေးသောင်းကျော်ကို အကောက်ခွန်ဝန်ထမ်းများက တွေ့ရှိပြီး မော်တော်ဆလင်ဦးစံလှအား ဖမ်းပြီး စစ်ဆေးရာ နောက်ဆက်တွဲအဖြစ်ဖြင့် မောင်တောမြို့တွင် ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အမှုနှင့်ပတ်သက်ပြီး မယပ ၁၆/၁၅ ၊ မူးယစ်စိတ်ပြောင်းပုဒ်မ ၁၅/၁၉(က) ဖြင့် မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။စိတ်ကြွဆေးများကို နယ်စပ်ဘက်မှ ရခိုင်ပြည်သို့ မှာယူတင်သွင်းရောင်းချခြင်း၊ တဟ်ဖက်နိုင်ငံသို့ ခိုးထုတ်ခြင်းများတို့ကို ဂိုဏ်းဖွဲ့ပြီး လုပ်ဆောင်နေခြင်းဖြစ်ကာ ယခုဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးအရေအတွက်မှာ အလွန်များပြားကြောင်း သိရသည်။ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် နောက်ပိုင်း မူးယစ်ဆေးဝါး အမှုပေါင်း ၁၁၂ မှု ဖမ်းဆီးရမိခဲ့ကြောင်း၊ ကျားတရားခံ ၁၄၂ ဦးနှင့် မ တရားခံ ၃၉ ဦး၊ စိတ်ကြွဆေးပြား ၁၈ သိန်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၄၇ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ချုပ်မှ ဒီဇင်ဘာလလယ်ပိုင်းက ထုတ်ပြန်ချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် ပြင်ဆင်နေသည့် စိတ်ကြွဆေးပြား သုံးသိန်းကျော် မောင်တောမြို့တွင် ဖမ်းဆီးရမိ















