ဇန်နဝါရီမှ စတင်ကာ တရားမဝင် လိုင်စင်မဲ့ကားများ ဖမ်းဆီးအရေးယူမည့် ဂယက်ကြောင့် ဘားအံကားဈေးကွက်အတွင်း Without ကားများကို ရရာဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။“သိန်းနှစ်ဆယ်ကျော်ကားကို ဈေးတစ်ဝက်လောက် လျှော့ချပြီး ရောင်းဝယ်တာတွေ့ ရတယ်။ တရားမဝင် လိုင်စင်မဲ့ကားတွေ ဖမ်းဆီးမယ့် သတင်းကို မသိရှိသူတွေတော့ ဈေးချိုလို့ ဝယ်သွားတာရှိတယ်။ အများအားဖြင့် ကျေးလက်တောရွာက လူတွေဝယ်ကြတယ်။ Tiger ကားတွေကို ကောက်ရိုးသယ်ဖို့ အဓိကထားပြီး ဝယ်ကြတယ်လို့ သိရတယ်။ တချို့လည်း နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားအပ်ထားကြတယ်” ဟု ဘားအံမြို့ခံတစ်ဦးက ပြောကြားသည်။မြဝတီနယ်စပ်မှ နားလည်မှုယူကာ အတားအဆီးမဲ့ တင်သွင်းလာသော တရားမဝင် လိုင်စင်မဲ့ကား တင်သွင်းမှုမှာ လက်ရှိ အစိုးရသက်တမ်းတစ်လျှောက်လုံး ရှိခဲ့ပြီး အဖွဲ့အစည်း အမည်ခံ၍ ကားတင်သွင်းမှုမှာ အများဆုံးဖြစ်ကြာင်း Without ကားတန်ဖိုး အနေဖြင့် ဆိုင်ကယ်တစ်စီး တန်ဖိုးသာသာရှိခြင်းကြောင့် လူလတ်တန်းစားများ ဝယ်ယူစီးနင်းမှုများပြားကြောင်း သိရသည်။တရားမဝင် တင်သွင်းသည့် နယ်စပ်လမ်းကြောင်းပေါင်း ၄၀ ရှိသည့်အနက် ကရင်ပြည်နယ်သည် လမ်းကြောင်းပေါင်း ၁၇ ခုရှိပြီး နေ့စဉ်စင်းရေ ၁၀၀ ကျော်ခန့် တရားမဝင် တင်သွင်းမှု ရှိနေကြောင်း သိရသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တရားမဝင် လိုင်စင်မဲ့ကားများကို ဇန်နဝါရီ ၁ ရက်မှ ဇန်နဝါရီ ၁၅ ရက်အထိ ပညာပေးကာလ သတ်မှတ်ပြီး ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ တရားဝင် ဖမ်းဆီးသိမ်းဆည်း အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်လွင်က ဒီဇင်ဘာ ၃၀ ရက်တွင် ပြုလုပ်သော ပြည်နယ်အဆင့် ဌာနဆိုင်ရာ အပတ်စဉ် လုပ်ငန်းညှိနှိုင်းပွဲတွင် ပြောကြားခဲ့သည်။အဆိုပါသတင်းကြောင့် ဘားအံမြို့ Without ကား ဈေးကွက်တွင် Without ကားများကို ရရာဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
တရားမဝင် လိုင်စင်မဲ့ကားများ ဖမ်းဆီးအရေးယူမည့် ဂယက်ကြောင့် ဘားအံကားဈေးကွက်အတွင်း Without ကားများ ရရာဈေးဖြင့် ရောင်းချလျက်ရှိ















