နှစ်သစ်ကူးနေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ ထူးခြားဖြစ်စဉ် ဖြစ်ပွားခြင်း မရှိခဲ့ဘဲ အမှုကြီး ဖြစ်စဉ်များအနက် လူသတ်မှု သုံးမှု၊ မုဒိမ်းမှု သုံးမှု ဖြစ်ပွား

နှစ်သစ်ကူးနေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ ထူးခြားဖြစ်စဉ် ဖြစ်ပွားခြင်း မရှိခဲ့ဘဲ အမှုကြီး ဖြစ်စဉ်များအနက် လူသတ်မှု သုံးမှု၊ မုဒိမ်းမှု သုံးမှု ဖြစ်ပွား
Published 1 January 2016
ရှိုင်းလင်းအောင်၊ နေမျိုးဝင်း

မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်၊ နှစ်သစ်ကူးနေ့တွင် ထူးခြားဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ဘဲ အမှုကြီး ဖြစ်စဉ်များအနက် လူသတ်မှုသုံးမှု၊ မုဒိမ်းမှုသုံးမှုသာ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ မှုခင်းဌာနမှ ၂၀၁၆ ခုနှစ် ဇန်နဝါ ရီ ၁ ရက်က စုံစမ်းသိရှိရသည်။
အဆိုပါ နှစ်သစ်ကူးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ထူးခြားသော ဖြစ်စဉ်များ ဖြစ်ပွားမှု မရှိသည့်အပြင် အမှုသေး ဖြစ်စဉ်များဖြစ်သည့် ခိုးမှု၊ လုယက်မှု စသည်တို့လည်း မဖြစ်ပွားခဲ့ဘဲ ယာဉ်မတော်တဆမှု ရှစ်မှုသာ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“ရန်ကုန်တိုင်းထဲမှာ အမှုကြီးတွေ လုံး၀ ကို မဖြစ်ခဲ့ဘူး။ ယာဉ်မတော်တဆမှုတွေပဲ ဖြစ်ခဲ့တယ်။ အခြားထူးခြား ဖြစ်စဉ်တွေလည်း မဖြစ်ခဲ့ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးပြည့်စုံက ပြောကြားသည်။
ယင်းကဲ့သို့ နှစ်သစ်ကူးနေ့တွင် ထူးခြားဖြစ်စဉ် ဖြစ်ပွားမှု မရှိခဲ့သော်လည်း ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် လူသတ်မှုသုံးမှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မွန်ပြည်နယ် သထုံမြို့၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တို့တွင် ဖြစ်စဉ်တစ်ခုစီဖြင့် မုဒိမ်းမှုသုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အမှုကြီးဖြစ်စဉ် မဟုတ်သည့် အခြားအမှု ၁၄၅ မှု ဖြစ်ပွားခဲ့ကြောင်း သိရပြီး မြန်မာတစ်နိုင်ငံလုံး၌ နှစ်သစ်ကူးနေ့တွင် အမှုစုစုပေါင်း ၂၅၃ မှု ဖြစ်ပွားခဲ့ကြောင်း မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်က စုံစမ်းသိရှိရသည်။
“နှစ်သစ်ကူးညမှာ ထူးခြားဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မရှိပါဘူး။ အရင်ရက်တွေကလိုပဲ ပုံမှန်အတိုင်းပါပဲ။ အရင်ရက်တွေကတောင် တစ်ရက်ကို အမှု ၃၀၀ ဝန်းကျင်လောက် ဖြစ်နေတာ။ နှစ်သစ်ကူးညမှာ ၂၅၃ မှုပဲ ဖြစ်ခဲ့တယ်။ အရင်ရက်တွေကထက်တောင် နည်းနေသေးတယ်လို့ ပြောလို့ရတယ်။ ခါတိုင်းနေ့တွေဆို တစ်ရက်ကို အမှုကြီးဖြစ်စဉ် ၁၀ မှုနဲ့ ၁၅ မှုဝန်းကျင်လောက် ရှိတာ။ ဒီနေ့မှာ အမှုကြီးဖြစ်စဉ် ခုနစ်မှုပဲ ရှိတယ်။ အရင်နှစ်က နှစ်သစ်ကူးညနဲ့ Compare မလုပ်ရသေးပေမယ့် ပိုနည်းသွားပါတယ်။ အဲဒီလိုနည်းသွားတာက ရဲတွေ ဒီလိုရက်မျိုးတွေမှာ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းတွေနဲ့ သေချာဂရုစိုက်ပြီး လုပ်ဆောင်ကြလို့ပါ။ အမှုဖြစ်ပွားနိုင်တဲ့ နေရာတွေကို ရဲတပ်ဖွဲ့အင်အားတွေ ပိုချထားတာလည်း ပါတာပေါ့” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှ အမည်မဖော်လိုသူ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောကြားသည်။
အလားတူ အဆိုပါ ၂၀၁၅ ခုနှစ် နှစ်သစ်ကူးနေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှု ၃၂ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးတွင်မူ ယာဉ်တိုက်မှု ငါးခုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၁၆ ဇန်နဝါရီ ၁ ရက်က စုံစမ်းသိရှိရသည်။
ရဲမှုခင်း မှတ်တမ်းများအရ နှစ်သစ်ကူး ည ၂ နာရီကျော်အချိန်ခန့်က ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းအတိုင်း ဆိပ်ကမ်းဘက်မှ ဗိုလ်တထောင်ဘက်သို့ အသက် (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော ဟွန်ဒါဖစ် အနက်ရောင်ကားသည် စားသောက်ဆိုင်တစ်ခုရှေ့ အရောက်တွင်  လမ်းဖြတ်ကူးသူ လူငယ်အမျိုးသား တစ်ဦးအား ဝင်တိုက်မိခဲ့ကြောင်း၊ ယင်းသို့ ဝင်တိုက်မိခဲ့သဖြင့် အဆိုပါ အမျိုးသားမှာ ဦးခေါင်းဝဲ ချိုစောင်းစုတ်ပြဲ၊ အပေါ်နှုတ်ခမ်း စုတ်ပြဲ၊ ဝဲနားထင်စုတ်ပြဲ၊ ယာမျက်ခုံး စုတ်ပြဲ၊ ယာတံတောင် စုတ်ပြဲ၊ ဝဲဘက်ခြေသလုံး ဖူးရောင်၊ ယာခြေမ စုတ်ပြဲဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားသောကြောင့် ဟွန်ဒါဖစ်ကား မောင်းနှင်သူအား အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အလားတူ နှစ်သစ်ကူး ည ၇ နာရီခန့် က ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းအတိုင်း လှိုင်မြို့နယ်ဘက်မှ ကြည့်မြင်တိုင် မြို့နယ်ဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသော ပက်စ်ဆိုဆလွန်း အငှားယာဉ်သည် ရေကြောင်းသိပ္ပံဝင်းပေါက် အနီးသို့ အရောက် ၎င်းရှေ့မှရပ်ထားသော ကုန်သေတ္တာတင်ယာဉ်အား နောက်မှဝင်တိုက်မိပြီး ယာဘက်သို့ လည်သွားစဉ် နောက်မှမောင်းနှင်လာသော ဟွန်ဒိုင်းခရီးသည်တင် ဘတ်စ်ကားနှင့် ထပ်မံတိုက်မိခဲ့သဖြင့် ပက်စ်ဆို ဆလွန်းအငှားယာဉ်၏ ဝဲဘက်ထိပ်နောက်ပိုင်းအား တိုက်မိသောကြောင့် ၎င်းယာဉ်ပေါ် ပါလာသူ မင်္ဂလာဒုံမြို့နယ်နေ အမျိုးသား တစ်ဦးမှာ ဝဲချိုစောင်း စုတ်ပြဲ၊ ဝဲပါး ပွန်း ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အမျိုး သမီးသုံးဦးတို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူများဖြစ်သည့် ပက်စ်ဆိုဆလွန်းကား မောင်းနှင်သူနှင့် ခရီးသည်တင် ဘတ်စ်ကား မောင်းနှင်သူနှစ်ဦးအား ကမာရွတ်မြို့မ ရဲစခန်းက အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ယာဉ်တိုက်မှု ဖြစ်စဉ်များ အလုံမြို့နယ်တွင် တစ်မှု၊ လှည်းကူးမြို့နယ်တွင် နှစ်မှု အသီးသီး ဖြစ်ပွားခဲ့သည်။
“အင်းလျားကန်ပေါင်မှာ တစ်ခုမှ မဖြစ်ဘူး။ Show ပွဲတွေမှာလည်း မဖြစ်ဘူး။ တိုက်လည်း မတိုက်ဘူး။ နှစ်သစ်ကူးနဲ့ ပတ်သက်ပြီး ပျော်ပွဲရွှင်ပွဲတွေလုပ်တဲ့ နေရာတွေမှာ ယာဉ်တိုက်တာတွေ လုံးဝမဖြစ်ခဲ့ပါဘူး” ဟု အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။
ယင်းကဲ့သို့ မြန်မာတစ်နိုင်ငံလုံး၌ နှစ်သစ်ကူးနေ့တွင် အမှု ၂၅၃ မှု ဖြစ်ပွားခဲ့သည့် အနက် သေဆုံးသူဦးရေ ၁၅ ဦးရှိပြီး ဒဏ်ရာ ရရှိသူမှာ ၆၄ ဦးအထိ ရှိကြောင်း သိရသည်။