၂၀၁၅ မှ ၂၀၁၆ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကာလတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံ့ခေါင်းဆောင်များသည် ဒီဇင်ဘာ ၃၁ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတစ်ဆင့်နှစ်သစ် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ၂၀၁၆ ခုနှစ်သည် နိုင်ငံရေးအရ၊ စီးပွားရေးအရ အခွင့်အလမ်းကောင်းများကို ဖန်တီးပေးလျက် ရှိနေသည်မှာ ယုံမှား သံသယရှိစရာ မလိုအပ်ကြောင်း သို့သော် အခွင့်အလမ်းတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့လည်း လိုအပ်ကြောင်း ထို့ကြောင့် သာမန်ကြိုးစားမှုမျိုးနဲ့ မရနိုင်ဘူးဆိုတာကိုလည်း သတိ ချပ်စေလိုအပ်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေး၊ နိုင်ငံသား တစ်ဦးချင်းစီတိုင်း လွတ်လပ်မှု အပြည့်အ၀ ရရှိပြီး ဥပဒေရဲ့ အကာအကွယ်ကို တန်းတူညီမျှရရှိရေး၊ ပိုမိုကောင်းမွန်တဲ့ မိသားစုဘဝများကို တည်ဆောက်နိုင်ရေးဆိုတဲ့ ကိစ္စရပ်များမှာ သာမန်ပြည်သူ တစ်ဦးထက်ပိုမိုပြီး နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်ဖို့လိုကြောင်း၊ မိမိတစ်ဦးချင်း အတွက်သာမက မိမိမျှော်မှန်းထားသည့် နိုင်ငံတော် တစ်ရပ်ကို တည်ဆောက်နိုင်ရေးဆိုတဲ့ အမြင်မျိုးနှင့် ကျရာကဏ္ဍမှ နိုင်ငံသားကောင်း စိတ်ဓာတ်နဲ့ ကြိုးပမ်း ရုန်းကန်ကြဖို့ လိုအပ်ကြောင်း၊ ယခုကဲ့သို့ စိတ်ဓာတ်ခွန်အားများနှင့် နိုင်ငံသား တစ်ဦးချင်းစီက ကြိုးပမ်းအားစိုက်ကြမည်ဆိုပါက ၂၀၁၆ ခုနှစ် တစ်နှစ်တည်းနဲ့ ဆယ်စုနှစ်တစ်ခုစာ တိုးတက်မှုကို ရရှိနိုင်မည့်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူတစ်ဦးချင်းစီအနေဖြင့် လာမည့် ၂၀၁၆ ခုနှစ်ကို အမှုမဲ့၊ အမှတ်မဲ့ ဖြတ်သန်းခြင်းမပြုဘဲ သာမန်ထက်ပိုတဲ့ စဉ်းစား တွေးခေါ်မှု၊ ကြိုးစားအားစိုက်မှုများနဲ့အတူ ဖြတ်သန်းကြဖို့ အလေးအနက်ထား တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က၂၀၁၆ခုနှစ် နှစ်သစ်ကူးကာလတွင် ပြည်သူပြည်သားများသည် ပြည်ထောင်စုအတွက် မင်္ဂလာနှစ်သစ်ကူး လက်ဆောင်များကို ယူဆောင်လာမည်ကို စဉ်းစားစေချင်ကြောင်း၊ ယခုနှစ်တွင် အားလုံးကပေးမှ နောင်နှစ်တွေမှာ ပေးရသည့် အကျိုးများကို ခံစားရမည်ဖြစ်ကြောင်း၊ ကျွန်မတို့နိုင်ငံတွင် ငြိမ်းချမ်းရေး လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ကြောင်း၊ ယခုလိုအပ်ချက်များအား ဖြည့်ဆည်းရန် ပြည်သူလူထု တစ်ဦးချင်းတစ်ဦးချင်းတွင် လုပ်ပိုင်ခွင့်ရှိ သလို လုပ်နိုင်သည့် စွမ်းရည်များ ရှိသည်ဟု မြင်ကြောင်း၊ နှစ်သစ်အတွက် စကားတစ်ခု ပါးရမည်ဆိုပါက နှစ်သစ်တွင် ဘာမင်္ဂလာ လက်ဆောင်တွေများ ကျွန်မတို့နိုင်ငံ ကျွန်မတို့ ပြည်ထောင်စုအတွက် ယူခဲ့ကြမည်ဆိုသည်ကို နိုင်ငံသား တစ်ဦးချင်း တစ်ဦးချင်း စဉ်းစားစေလိုကြောင်း၊ အရင်နှစ်က လုပ်ဆောင်ချက်များကို သုံးသပ်ပြီး သုံးသပ်ချက်အပေါ် အခြေခံကာ ဘာတွေဆက်ပြီး လုပ်ဖို့လိုအပ်သည်ကို စဉ်းစား စေလိုကြောင်း၊ နိုင်ငံအတွက် အလုပ်လုပ်သည် ဆိုပါက ဆုံးခန်းတိုင်သည် မရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာယာငြိမ်းချမ်းရေးအတွက် မှန်ကန်သည့် လက်ဆောင်ပဏ္ဍာများ ယူခဲ့နိုင်ကြပါစေ ဆုတောင်းအပ်ပါသည်ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်မတော်အနေဖြင့် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်သည် ကျွန်တော်တို့နိုင်ငံ၏ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည့် နှစ်တစ်နှစ်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးအပ်ထားသည့် တာဝန်များနှင့်အညီ တိုင်းပြည်အကျိုးကို ရှေးရှုပြီး ဖြစ်ပေါ်လာမည့်အစိုးရ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ကာ အမျိုးသားရေး တာဝန်များကို ထမ်းဆောင်နေကြောင်း၊ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော် ပိုမိုတည်ငြိမ် အေးချမ်းစေရန်အတွက် တပ်မတော်အနေဖြင့် တိုင်းရင်းသား ပြည်သူတို့နှင့် တက်ညီလက်ညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ယနေ့ကာလသည် ပြည်သူများ၏ ဆန္ဒနှင့်အညီ အပြောင်းအလဲပြုလုပ်၍ အကောင်းများ ဖြစ်ပေါ်ရရှိရေးကို ပိုမိုမျှော်လင့်နိုင်ပြီ ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကိုယ်စိတ်နှစ်ပါးလုံးကို လုံခြုံမှုပေးနိုင်ပြီး ငြိမ်းချမ်းသော၊ ခေတ်မီတိုးတက်သော ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် အခွင့်အလမ်းများကို ပိုမိုရရှိလာပြီဖြစ်ကြောင်း၊ ရရှိလာသော အခွင့်အလမ်းကောင်းများကို အမိအရ အသုံးပြုရမည့်အချိန် ဖြစ်ကြောင်း၊ အမျိုးသားအချင်းချင်း ပိုမိုပြန်လည်သင့်မြတ်ကြပြီး ထားရှိထိန်းသိမ်းသင့်သော မျိုးချစ်စိတ်ဓာတ်များ ရရှိလာမည်ဖြစ်ကြောင်း၊ ပြည်သူတစ်ဦးချင်းစီကလည်း ရောက်ရာအရပ်မှာ ကျရာတာဝန်ကို ကိုယ်စီကိုယ်ငှ တာဝန်ကျေစွာ ပါဝင်ထမ်းရွက်ပြီး နိုင်ငံအတွက်၊ ပြည်သူအတွက်၊ နိုင်ငံဂုဏ်သိက္ခာအတွက် မြှင့်တင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြု ဆုတောင်းလိုက်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ကလည်း နှစ်သစ်မိန့်ခွန်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံ့ခေါင်းဆောင်များ နှစ်သစ်မိန့်ခွန်း ပြောကြား















