လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့မှုများမှာ ဥပဒေအရ ခွင့်ပြုချက် ရယူခြင်း မရှိသောကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူမည်

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့မှုများမှာ ဥပဒေအရ ခွင့်ပြုချက် ရယူခြင်း မရှိသောကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူမည်
Published 31 December 2015
အောင်ကျော်ထက်

လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချခံရသည့် မြန်မာလုပ်သားအမှုမှာ တရားမျှတခြင်း မရှိသောကြောင့် ထိုင်းသံရုံးရှေ့တွင်  ဆန္ဒထုတ်ဖော်မှုများမှာ ဥပဒေအရ ခွင့်ပြုချက် ရယူခြင်း မရှိသောကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူသွားမည်ဟု ဒဂုံမြို့နယ်ရဲမှူး ဝင်းရွှေထံမှ သိရသည်။
မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ဒီဇင်ဘာ၂၄ ရက်တွင် ထိုင်းနိုင်ငံ၊ ကော့စမွီခရိုင် တရားသူကြီးက လူသတ်မှု၊ မုဒိမ်းမှု၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု၊ တရားမဝင် နေထိုင်မှု အပါအဝင် အမှုခုနစ်မှုဖြင့် သေဒဏ်နှင့် ထောင်ဒဏ် နှစ်၂၀ တစ်ပေါင်းတည်း ကျခံစေရန် အမိန့် ချမှတ်ခဲ့သည့်အပေါ် ရန်ကုန်မြို့ရှိ ပြည်သူများသည် ဒီဇင်ဘာ ၂၄၊ ၂၅၊ ၂၆၊ ၂၇ရက်၊၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ခြောက်ရက်ဆက်တိုက် ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“မြန်မာနိုင်ငံသား နှစ်ဦးအမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လည်း အမှုမှန် ပေါ်စေချင်ပါတယ်။ ဆန္ဒမထုတ်ဖော်နဲ့လို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဥပဒေအတိုင်း လုပ်ရမှာပါ။ အရင်ဆုံး သက်ဆိုင်ရာ ရဲစခန်းမှာ ငြိမ်းစုစီ ပုဒ်မနဲ့အညီ ခွင့်ပြုမိန့် တောင်းပြီးမှ ပြသင့်ပါတယ်။ သံရုံးရှေ့ ဆန္ဒလာပြတဲ့ ရက်တွေကလည်း နေ့တိုင်း ကျွန်တော်တို့ ပြောပြတယ်။ ခွင့်ပြုမိန့်တင်ဖို့ကို။ ခွင့်ပြုမိန့်တင်ခြင်း မရှိခဲ့တာကြောင့် ဥပဒေအရ ပုဒ်မ ၁၈နဲ့ အမှုဖွင့် အရေးယူသွားမှာပါ။ အခုအချိန်မှာတော့ မည်သူမည်ဝါ ပါဝင်ဆန္ဒပြခဲ့တယ်ဆိုတာ စစ်ဆေးနေပါတယ်”ဟု ဒဂုံမြို့ နယ် ရဲမှူးဝင်းရွှေက ပြောကြားသည်။
ဒီဇင်ဘာ၂၈ ရက် ဆန္ဒထုတ်ဖော်ရာတွင် နံနက်ပိုင်းက လူ ၁၀ ဦးခန့်သာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ထိုသို့ ဆန္ဒ ထုတ်ဖော်နေစဉ် ထိုင်းသံရုံးအနီး လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့က လော်စပီကာဖြင့် ငြိမ်းစုစီဥပဒေအား ကြေညာခဲ့ရာ မကြာမီတွင် ဆန္ဒပြနေသူများသည် လူစုခွဲကာ အသီးသီး နေရပ်သို့ ပြန်ခဲ့ကြသော်လည်း နေ့လယ်ပိုင်းတွင် လူဦးရေ ၅၀ ခန့် ထပ်မံရောက်ရှိလာပြီး “We Want Justice”ဟူသည့် စာသားပါ စာရွက်များကို ကိုင်ဆောင်၍ နိုင်ငံတော်သီချင်း သီဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သေဒဏ် ချခံရသည့် မြန်မာနိုင်ငံသား နှစ်ဦးနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ ထိုင်းသံရုံး အနီးတွင် ဒီဇင်ဘာ ၂၄ ရက်မှ စတင်ကာ သံဃာတော်များ၊ အနုပညာရှင် အချို့အပါအဝင် ပြည်သူများသည် တရားမျှတမှု မရှိသည့် ထိုင်းတရားစီရင်ရေးကို ပြစ်တင်ဝေဖန်သည့် အနေဖြင့် We Want Justice ဟူသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခြင်း၊ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ ပုံပါ ဗီနိုင်းပိုစတာများ၊ ထိုင်းဘုရင်၏ ဓာတ်ပုံများ ကိုင်ဆောင်ကာ  ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်မြို့အပြင် မန္တလေး၊ တောင်ကြီး၊ မုံရွာ၊ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကော့သောင်း၊  မိတ္ထီလာ၊ တာချီလိတ် ၊ တောင်ငူ စသည့် မြို့ကြီးများ၌လည်း ပြုလုပ်ကာ ဘုရားစေတီများတွင်လည်း သေဒဏ်မှ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရန်အတွက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။ 
ထို့ပြင် လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်တွင် သေဒဏ်ချခံရသည့် မြန်မာနှစ်ဦးနှင့် ပတ်သက်၍ အမှုစီရင်ချက်ကို ပြန်လည် သုံးသပ်ပေးရန်အတွက် မြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပြီး မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) က ထိုင်းတော်ဝင်အစိုးရထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။အလားတူ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက် အဖွဲ့အစည်းများကလည်း ၎င်းတို့နှစ်ဦး လွတ်မြောက်ရေးအတွက် သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်လျက် ရှိသည်။
လက်ရှိတွင် သေဒဏ် ချခံထားရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ကော့စမွီ အကျဉ်းထောင်မှ လုံခြုံရေး ပိုမိုတင်းကျပ်သည့် ထိုင်းနိုင်ငံ နေခါန်စီဌာမရတ်ခရိုင် အကျဉ်းထောင်သို့ ဒီဇင်ဘာ ၂၆ ရက်က ပို့ဆောင်ထားကြောင်း သိရသည်။

Most Read

Most Recent