ပါရီ တိုက်ခိုက်မှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူ IS ခေါင်းဆောင် ဆီးရီးယားတွင် သေဆုံး

ပါရီ တိုက်ခိုက်မှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူ IS ခေါင်းဆောင် ဆီးရီးယားတွင် သေဆုံး
Published 30 December 2015

ပါရီ တိုက်ခိုက်မှုများ၏ အဓိက ခေါင်းဆောင်ဟု စွပ်စွဲခံထားရသော IS ခေါင်းဆောင် တစ်ဦးသည် ယခုလအတွင်း ဆီးရီးယား၌ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်း ပင်တဂွန်က ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ယမန်နှစ်က ဆီးရီးယားနှင့် အီရတ်တွင် နယ်မြေ အများအပြား သိမ်းပိုက်ခဲ့သော IS အဖွဲ့သည် အီရတ်တွင် ယခု တစ်ပတ်အတွင်း၌ ရာမာဒီမြို့ကို ဆုံးရှုံးမှု အပါအဝင် ရှုံးနိမ့်မှု အများအပြား ရင်ဆိုင်နေရသည်။ ဒီဇင်ဘာ ၂၄ ရက်က အမေရိကန် ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုတွင် ပြင်သစ်နိုင်ငံသား ရှာရာဖယ်အယ်မူအာဒင် သေဆုံးခဲ့ကြောင်း ၎င်းသည် အနောက်တိုင်းတွင် တိုက်ခိုက်မှုများ ထပ်မံဆောင်ရွက်ရန် စီစဉ်နေခဲ့ကြောင်း ဘဂ္ဂဒက် အခြေစိုက် အမေရိကန် စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စတိဗ်ဝါရင်းက ပြောကြားခဲ့သည်။ မူအာဒင်နှင့်အတူ အီရတ်နှင့် ဆီးရီးယား၌ IS ခေါင်းဆောင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ပင်တဂွန်က စာရင်းထုတ်ပြန်ခဲ့သည်။၎င်းသည် ဆီးရီးယား အခြေစိုက် IS အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ပါရီ တိုက်ခိုက်မှုများ၏ ခေါင်းဆောင် အဗ္ဗဒယ်ဟာမစ်ဘာအွတ်နှင့် တိုက်ရိုက် ဆက်နွှယ်မှုရှိကြောင်း ဝါရင်းက ပြောကြားခဲ့သည်။ နိုဝင်ဘာ ၁၃ ရက်က လူ ၁၃၀ သေဆုံးခဲ့သော ပါရီတိုက်ခိုက်မှုများပြီး နောက်ငါးရက်အကြာတွင် ဘာအွတ်သည် ပါရီ၌ ရဲတပ်ဖွဲ့၏ စီးနင်းမှုတွင် သေဆုံးခဲ့သည်။ ဆီးရီးယားတွင် သေဆုံးခဲ့သော မူအာဒင်သည် ပါရီ တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့ကြောင်း သက်သေအထောက်အထား မရှိဟု အမည်မဖော်လိုသော ပြင်သစ်သတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့သည်။ သို့သော်လည်း မူအာဒင်သည် ဘာတာကလန် ပြဇာတ်ရုံကို တိုက်ခိုက်ခဲ့သော အသေခံ ဗုံးခွဲသမားများအနက် တစ်ဦးဖြစ်သည့် ဆာမီအမီမော်နှင့် ဆက်နွှယ်နေကြောင်း ယင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။အသက် ၂၆ နှစ်အရွယ် မူအာဒင်သည် မော်ရိုကိုဖွား မိဘများ၏ သားဖြစ်ပြီး မွေးချင်း ရှစ်ဦးအနက် တစ်ဦးဖြစ်သည်။ ပါရီ ဆင်ခြေဖုံးတွင် ကြီးပြင်းခဲ့သော မူအာဒင်သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် အမီမော်နှင့် အခြားသူတစ်ဦးတို့နှင့်အတူ ခရီးသွားရန် ပြင်ဆင်နေစဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ခုက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မူအာဒင်နှင့် အပေါင်းအပါများသည် ပြန်လည်လွတ်မြောက်ခဲ့ကြပြီး တစ်နှစ်အတွင်း ဆီးရီးယားသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။ မူအာဒင်သည် အင်တာနက်မှတစ်ဆင့် အစွန်းရောက်ဘဝသို့ ကူးပြောင်းသွားခဲ့ဖွယ်ရှိကြောင်း စုံစမ်းစစ်ဆေးသူများက ယုံကြည်ထားသည်။အမေရိကန်သည် ၂၀၁၄ ခုနှစ် သြဂုတ်မှ စပြီး အီရတ်နှင့် ဆီးရီးယားတွင် IS တို့ကို ဦးဆောင် နှိမ်နင်းခဲ့သည်။ ပါရီတွင် တိုက်ခိုက်ခံခဲ့ရပြီးနောက် ပြင်သစ်က ဆီးရီးယားကို စတင် ဗုံးကြဲခဲ့ပြီး မူအာဒင်အား စီးနင်းတိုက်ခိုက်မှုတွင် ပြင်သစ် ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိကို ဝါရင်းက မပြောကြားခဲ့ပေ။Ref:AFP 

Most Read

Most Recent