ရန်ကုန်မြို့အတွင်း စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှု ဖြစ်စဉ်မှ ရေလုပ်ငန်း လုပ်ကိုင်သော ကုလားတန်ဖွံ့ဖြိုးရေး ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ အပါအဝင် ရှစ်ဦးနှင့် ထွက်ပြေးလွတ်မြောက်နေသူ ၂၀ ဦးအမှု မြောက်ပိုင်းခရိုင်တရားရုံး၌ ဇန်နဝါရီ ၆ ရက် စတင်စစ်ဆေးမည

ရန်ကုန်မြို့အတွင်း စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှု ဖြစ်စဉ်မှ ရေလုပ်ငန်း လုပ်ကိုင်သော ကုလားတန်ဖွံ့ဖြိုးရေး ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ အပါအဝင် ရှစ်ဦးနှင့် ထွက်ပြေးလွတ်မြောက်နေသူ ၂၀ ဦးအမှု မြောက်ပိုင်းခရိုင်တရားရုံး၌ ဇန်နဝါရီ ၆ ရက် စတင်စစ်ဆေးမည
Published 28 December 2015
အောင်မျိုးသန့်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မင်္ဂလာဒုံမြို့နယ်၌ ရပ်ထားသော ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ကျပ် ၁၃၃ ဘီလျံကျော် တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၂၆၇ သိန်းအား စံချိန်တင် ဖမ်းဆီးရမိမှု ဖြစ်စဉ်မှ ရေလုပ်ငန်း လုပ်ကိုင်သော ကုလားတန် ဖွံ့ဖြိုးရေး ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ အပါအဝင် ရှစ်ဦးနှင့် ထွက်ပြေးလွတ်မြောက်နေသူ ၂၀ ဦးအမှုအား ဇန်နဝါရီ ၆ ရက် မြောက်ပိုင်းခရိုင် တရားရုံး၌ စတင်စစ်ဆေးမည်ဖြစ်ကြောင်း  အမှတ် (၆) မှုခင်းတပ်ဖွဲ့ (CID) မှ သတင်းရရှိသည်။ယင်းအမှုအား မြောက်ပိုင်းခရိုင် တရားရုံး၌ ကျူးလွန်သူ ၈ ဦးဖြစ်သည့် Kaladan Delta Development ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ မင်းဦးခိုင် အပါအဝင် ထွန်းကျော်ဇံ၊ ဇော်ဇော်မင်း၊ သန်းရွှေ၊ ညွန့်ဝင်း၊ ရန် ရှောက်ဟွာ၊ ရန်လုံရှင်း (ခေါ်) ချိုချိုဝင်း၊ မဝင်းငြိမ်းခိုင်နှင့် ထွက်ပြေးလွတ်မြောက်နေသူ ၂၀ ဦးအား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရန်အတွက် လက်ဝယ်ထားရှိမှု ပုဒ်မ ၂၀ (က)/၂၁ ဖြင့် ဒီဇင်ဘာ ၂၃ ရက်တွင် တရားစွဲဆို တင်ပို့ခဲ့ကြောင်း အမှတ် (၆) မှုခင်းတပ်ဖွဲ့ (CID) မှ ရဲမှူး မိုးအောင်က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။ယင်းအမှု ဖြစ်စဉ်ကို လာမည့် ဇန်နဝါရီ ၆ ရက်တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ ကျူးလွန်သူ ရှစ်ဦးအား ရုံးထုတ်မည်ဖြစ်ပြီး တရားခံပြေး သက်သေအား စတင်စစ်ဆေးမည်ဖြစ်ကြောင်း အမှုစစ်ဖြစ်သူ မှုခင်းတပ်ဖွဲ့ (CID) မှ ဒုရဲမှူး ခင်မောင်လွင်က ပြောကြားသည်။“လာမည့် ဇန်နဝါရီ ၆ ရက်မှာ မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားခံပြေး သက်သေကို စတင် စစ်ဆေးမှာပါ” ဟု မှုခင်းတပ်ဖွဲ့ (CID) မှ ဒုရဲမှူး ခင်မောင်လွင်က ဆက်လက်ပြောကြားခဲ့သည်။အဆိုပါ ဖြစ်စဉ်မှာ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ခြောက်လမ်းသွား လမ်းမပေါ်၌ ဇူလိုင်၂၆ ရက် နံနက် ၅ နာရီက ရပ်တန့်ထားသည့် ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ပီနံအိတ် ၈၉ အိတ်ဖြင့် ထုပ်ထားသော WY စိတ်ကြွဆေးပြား ၂၆၇ သိန်းကို မင်္ဂလာဒုံ ရဲစခန်းမှ တာဝန်ရှိသူများက လှည့်ကင်းဆောင်ရွက်နေချိန်တွင် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖမ်းဆီးရမိသော WY စိတ်ကြွဆေးပြား ၂၆၇ သိန်းမှာ ပန်းရောင်ဆေးပြားများဖြစ်ပြီး ယခုလက်ရှိ ကာလပေါက်ဈေး အနေဖြင့် ကျပ် ၁၃၃ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၁၀၀) ကျော်တန်ဖိုးရှိကြောင်း သိရသည်။ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ သြဂုတ်လက မြောက်ဒဂုံမြို့နယ်၌ WY ပန်းရောင် မူးယစ်ဆေးပြား ၁၅ သိန်းခန့်နှင့် စက်တင်ဘာ ၂၁ ရက်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တက္ကသိုလ်ရိပ်မွန် အိမ်ရာအတွင်းရှိ နေအိမ်တစ်အိမ်မှ ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးပြား နှစ်သန်းခန့်အား ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း၊ ထိုဖြစ်စဉ်နှင့် ဆက်စပ်၍ စက်တင်ဘာ ၂၆ ရက်တွင်လည်း ယင်းအိမ်ရာ၌ ကျပ် ၁၉ ဘီလျံကျော် တန်းဖိုးရှိ မူးယစ်ဆေးပြားများ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ် သုံးခုကိုလည်း ယခုရက်ပိုင်းအတွင်း အရှေ့ပိုင်းခရိုင် တရားရုံး၌ စတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။စံချိန်တင် စိတ်ကြွဆေးပြားများ တွေ့ရှိမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် အတွင်းရှိ ရေလုပ်ငန်း လုပ်ကိုင်သော Kaladan Delta Development ကုမ္ပဏီနှင့် မြောက်ဒဂုံမြို့နယ် အတွင်းရှိ Arakan Bay ဆောက်လုပ်ရေးကုမ္ပဏီမှ ပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ဆောင်သူ အချို့ ပါဝင်လျက် ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။