ထိုင်းရဲတပ်ဖွဲ့က ခိုထောင်ကျွန်း လူသတ်မှုနှင့် ပတ်သက်သော ဆန္ဒပြပွဲများ နောက်ကွယ်၌ ဖုံးကွယ်ထားသည့် ကြံရွယ်ချက်ရှိသည်ဟု သင်္ကာမကင်း ဖြစ်နေကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား

ထိုင်းရဲတပ်ဖွဲ့က ခိုထောင်ကျွန်း လူသတ်မှုနှင့် ပတ်သက်သော ဆန္ဒပြပွဲများ နောက်ကွယ်၌ ဖုံးကွယ်ထားသည့် ကြံရွယ်ချက်ရှိသည်ဟု သင်္ကာမကင်း ဖြစ်နေကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား
Published 27 December 2015
Ref : Bangkok Post

ဘန်ကောက်ပို့စ် သတင်းဋ္ဌာန၏ ဖော်ပြချက်အရ ထိုင်းရဲတပ်ဖွဲ့က ခိုထောင်ကျွန်း လူသတ်မှုနှင့် ပတ်သက်သော ဆန္ဒပြပွဲများ နောက်ကွယ်၌ ဖုံးကွယ်ထားသည့် ကြံရွယ်ချက်ရှိသည်ဟု သင်္ကာမကင်း ဖြစ်နေကြောင်း ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ ပြောကြားခဲ့ကြောင်း သိရသည်။ခိုထောင်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ သေဒဏ် စီရင်ချက်များ ချမှတ်ခဲ့သည့်အပေါ် ဆန္ဒပြပွဲများ ပြုလုပ်ခြင်းသည် မကောင်းသော ကြံရွယ်ချက်များဖြင့် ပြုလုပ်သော နိုင်ငံရေးစေ့ဆော်ချက် ရှိနိုင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။ထိုင်းရဲချုပ် ပီယာဖန်ပင်မူအန်းက လွန်ခဲ့သည့်နှစ်က ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား၊ ဗြိတိန်နိုင်ငံသားတို့နှင့် ပတ်သက်သော ရာဇဝတ်မှု ၁၂၆ ခု ရှိခဲ့ပြီး ယခုနှစ်အတွင်း အလားတူ အမှုမျိုး ၂၆ ခု ရှိသော်လည်း ခိုထောင်ကျွန်း လူသတ်မှု ကျမှသာ ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်းအတွက် သင်္ကာမကင်း ဖြစ်မိကြောင်း ပြောကြားခဲ့သည်။လွန်ခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက ဆူရတ်ဋ္ဌာနီ ပြည်နယ် ခိုထောင်ကျွန်း၌ ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည်နှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဆိုသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးအား သေဒဏ်စီရင်ချက် ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ လွန်ခဲ့သည့်ရက် အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့မှုကို ထိုင်းရဲချုပ်က ရည်ညွှန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အချို့အုပ်စုများသည် တစ်သီးပုဂ္ဂလဆိုင်ရာ အမှုကို အခွင့်ကောင်းယူခဲ့ပြီး အထွေထွေ လူထုအနေဖြင့် ၎င်းတို့ လှုပ်ရှားမှုအတွက် အသုံးချခံများ မဖြစ်သင့်ကြောင်းနှင့် ယခုကိစ္စကို နိုင်ငံရေးဆန်အောင် မပြုလုပ်သင့်ကြောင်း ထိုင်းရဲချုပ် ပီယာဖန်က ပြောကြားခဲ့သည်။ ထိုင်းရဲချုပ်က ယခုကိစ္စသည် နိုင်ငံတကာ ဆက်ဆံရေးများအပေါ် ရိုက်ခတ်ချက် ရှိလာနိုင်သည်ဟုလည်း သတိပေးလိုက်သည်။ထိုင်းရဲချုပ်က ယခုအမှုတွင် မြန်မာနှင့် ဗြိတိန်နိုင်ငံသားများ ပါဝင်နေသောကြောင့် စုံစမ်းစစ်ဆေးမှု စတင် ပြုလုပ်စဉ်ကတည်းက ရဲတပ်ဖွဲ့ကို ရှေ့နေများ၊ တရားစွဲဆိုသူများ၊ ပြည်ပအာဏာပိုင်များနှင့် နောက်ဆုံး တရားရုံးက ထိန်းညှိ စောင့်ကြည့်ခဲ့ကြောင်း ပြောကြားခဲ့ပြီး လူသတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို စံသတ်မှတ်ချက်နှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ခိုထောင်ကျွန်းကို ကြီးကြပ်ရသည့် ခိုဖန်ဂန်းရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူး ပရာချမ်းရူအန်သောင်ကလည်း ယခုအမှုတွင် မြန်မာနှင့် ဗြိတိန်နိုင်ငံသားများ ပါဝင်နေပြီး ပြစ်မှုကျူးလွန်သူသည် သေဒဏ်ပေးခြင်း ခံရမည်ဖြစ်သောကြောင့် ရဲတပ်ဖွဲ့၏ စုံစမ်း စစ်ဆေးမှုများကို အသေအချာ ထိန်းညှိ စောင့်ကြည့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ဆူရတ်ဋ္ဌာနီပြည်နယ် ကော်စမွီကျွန်း တရားရုံးက မြန်မာနိုင်ငံသား နှစ်ဦး၏ အစောပိုင်း ဝန်ခံချက်များကို ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိဘဲ စီရင်ချက်မချမီ သက်သေအထောက်အထား သက်သက်ကိုသာ အာရုံစိုက်ခဲ့သည်ဟု ထိုင်းရဲချုပ် ပီယာဖန်က ပြောကြားခဲ့သည်။ အမှုစစ်ဆေးစဉ် အတွင်း မြန်မာနိုင်ငံသား နှစ်ဦးစလုံးက စွဲချက်အားလုံးကို ငြင်းဆိုခဲ့သည်။ခိုထောင်ကျွန်း လူသတ်မှုအား ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် အလွဲအမှားများ ရှိခဲ့သည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ ဝေဖန်မှုများ ထွက်ပေါ်နေသည့်အပေါ် ကာကွယ်ရန်အတွင်း ထိုင်းရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။