အစိုးရသစ် လက်ထက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် ငြိမ်းချမ်းရေး ကိစ္စများအတွက် ရွေးကောက်ပွဲ အနိုင်ရ UNA အဖွဲ့ဝင် ပါတီများက လွှတ်တော်ပြင်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မည်

အစိုးရသစ် လက်ထက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် ငြိမ်းချမ်းရေး ကိစ္စများအတွက် ရွေးကောက်ပွဲ အနိုင်ရ UNA အဖွဲ့ဝင် ပါတီများက လွှတ်တော်ပြင်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မည်
Published 26 December 2015
ဇာလီမြင့်ဦး

အစိုးရသစ် လက်ထက်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲ အနိုင်ရ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ ပါတီများနှင့် လွှတ်တော်ပြင်ပ တိုင်းရင်းသား အဖွဲ့အစည်းများ ချိတ်ဆက် ဆောင်ရွက်မှုများ ရှိမည်ဖြစ်ကြောင်း UNA ခေါင်းဆောင် တစ်ဦးဖြစ်သူ ရခိုင်အမျိုးသား ပါတီမှ ဦးအေးသာအောင်က The Daily Eleven ကို ပြောကြားသည်။
ဦးအေးသာအောင်က "အဲဒီတော့ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ UNA အဖွဲ့ဝင် လေးပါတီက  လွှတ်တော် ကိုယ်စားလှယ်တွေ အနိုင်ရတယ်။ ပြည်ထောင်စု လွှတ်တော်ကိုလည်းပဲ ရခိုင်အမျိုးသား ပါတီက ၂၂ ဦး၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၁၅ ဦး၊ ဇိုမီး ပြီးတော့ မွန်အမျိုးသား ပါတီကလည်း လွှတ်တော် ကိုယ်စားလှယ်တွေ တက်ပါတယ်။ ဆိုတော့ လွှတ်တော်တွင်းမှာလည်းပဲ အခြားအခြား ပါတီတွေကသူတွေက တက်လာမယ်။ ပြည်ထောင်စု လွှတ်တော်ကို ရောက်လာမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား အရေး၊ ပြည်ထောင်စု အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ရေး၊ ဒါတွေကို ဆောင်ရွက်မှာ ဖြစ်တယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ လွှတ်တော်ထဲမှာ ရောက်နေတဲ့ ဒီလွှတ်တော် ကိုယ်စားလှယ်တွေ ပြည့်ပြည့်စုံစုံ ဆောင်ရွက်နိုင်ဖို့ UNA မှာ လွှတ်တော်ပြင်ပမှာ ရှိနေမယ့် ပုဂ္ဂိုလ်တွေကလည်း ချိတ်ဆက်ပြီးတော့ လွှတ်တော်ကို အထောက်အကူပေးမယ့် ကဏ္ဍနဲ့ လုပ်ဖို့ရှိတယ်" ဟု ပြောကြားသည်။
စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကို ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် တိုင်းရင်းသား ပါတီများဖြင့် ၂၀၀၀ ပြည့်နှစ်မှ စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။၂၀၁၀ ရွေးကောက်ပွဲတွင်မူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံဟုဆိုကာ ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ခြင်း မရှိပေ။ ထို့နောက် အဖွဲ့၏ သဘောထား အချို့ကို ပြောင်းလဲ၍ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ သက်ဆိုင်ရာ ပြည်နယ်များအလိုက် ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ကြရာ အဖွဲ့ဝင် ပါတီများမှ ကိုယ်စားလှယ် အများအပြား ရွေးချယ်ခံခဲ့ရသည်။
ပထမအကြိမ် ညီလာခံကို၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက ပြုလုပ်ခဲ့ပြီး မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သော မိတ်ဖက် အဖွဲ့အစည်းများ ညီလာခံတို့ကိုလည်း ပြုလုပ်၍ လွှတ်တော်ပြင်ပ လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည်။
"လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှုက အဖွဲ့ဝင် ပါတီတွေထဲမှာ အရင်ကလည်းပဲ အဲဒီလို လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ အထူးသဖြင့် အခုလွှတ်တော်တွင်းမှာက ဒီပါတီတွေက ပုဂ္ဂိုလ်တွေက မရှိသလောက် နည်းတယ်။ အဲဒီတော့ အဓိက လွှတ်တော်ပြင်ပ လှုပ်ရှားမှုတွေကို လှုပ်ရှားခဲ့တယ်။ ဘာတွေလုပ်ကြလဲ ဆိုတော့ UNFC နဲ့ ဖွဲ့စည်းပုံဆိုင်ရာ မူဘောင်ပြင်ဆင် ရေးဆွဲမှုတွေ၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ကိစ္စရပ်တွေကို ပူးပေါင်းပြီးတော့ ဆောင်ရွက်တာတွေ ရှိခဲ့တယ်။ ဒါ့အပြင် အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး အပါအဝင် အခြားသော လုပ်ဆောင်ချက်တွေကို ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့လည်း လက်တွဲပြီးတော့ UNA ကနေ လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှုတွေ တော်တော်များများ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် အရင်တုန်းက မိတ်ဖက်ပါတီများ အစည်းအဝေးဆိုတာ ရှိပါတယ်။ အဲဒီမှာ UNA အပြင် နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း ပါတဲ့အတွက် ဒါဟာလည်းပဲ UNA နဲ့ မိတ်ဖက် အစည်းအဝေးက အလုပ်ကော်မတီ တစ်ခု ဖွဲ့ပေးထားတယ်။ ဒီအလုပ် ကော်မတီသည် စောစောက လုပ်ဆောင်ရမယ့် တာဝန်တွေကို ဆောင်ရွက်ဖို့ အတွက် ဖွဲ့စည်းထားတာဆိုတော့ ဒီကနေ လွှတ်တော်ပြင်ပ ကိစ္စတွေကို အဓိကထားပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်" ဟု ပြောကြားသည်။
လက်ရှိတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သို့ ဝင်ရောက်ရန် တိုင်းရင်းသားပါတီ ခြောက်ခုက စာဖြင့် လျှောက်ထားမှုများ ရှိကြောင်းလည်း သိရသည်။
UNA တွင် တိုင်းရင်းသားပါတီ ရှစ်ပါတီ ပါဝင်ကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသား ပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်၊ ကရင် အမျိုးသားပါတီတို့ ဖြစ်သည်။ UNA အဖွဲ့ဝင်ပါတီ ရှစ်ခုရှိသည့်အနက် ရွေးကောက်ပွဲတွင် လေးပါတီက အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက နေရာ ၄၀ ၊ ရခိုင်အမျိုးသား ပါတီက ၄၄ နေရာ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ခြောက်နေရာနှင့် မွန်အမျိုးသား ပါတီက သုံးနေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent