ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်လာတဲ့ အာဆင်နယ် Boxing Day မှာ ထိပ်ဆုံးနေရာကို သိမ်းပိုက်သွားနိုင်မလား

ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်လာတဲ့ အာဆင်နယ် Boxing Day မှာ ထိပ်ဆုံးနေရာကို သိမ်းပိုက်သွားနိုင်မလား
Published 26 December 2015

ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ပွဲစဉ်တစ်ခုဖြစ်တဲ့ Boxing Day ပွဲစဉ်ကတော့ ရောက်ရှိလာပါပြီ။ ချယ်လ်ဆီးနည်းပြသစ် ဟစ်ဒင့်ရဲ့ ပွဲဦးထွက်၊ ဖိအားတွေအောက်မှာ အနာဂတ်ကို အဆုံးအဖြတ် ခံယူရမယ့် အခြေအနေ ဖြစ်လာတဲ့ မန်ယူနည်းပြ ဗန်ဟားလ်ရဲ့ သေရေးရှင်ရေး အချိန်အခါတွေနဲ့ အတူ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို လက်စတာဆီက လွှဲပြောင်းရယူဖို့ ကြိုးစားမယ့် အာဆင်နယ် အသင်းရဲ့ အိပ်မက်တွေက ရင်ခုန်စရာ အကောင်းဆုံး ဖြစ်လာမှာ သေချာနေပါတယ်။ မန်စီးတီးကို အနိုင်ရပြီးတဲ့နောက် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး ဖြစ်လာတဲ့ အာဆင်နယ် အနေနဲ့ လက်စတာ ပွဲကျပ်နေချိန်မှာ အခွင့်အရေးကို အရယူနိုင်မလားဆိုတာ မြင်တွေ့ရမှာပါ။
စတုတ်စီးတီး နှင့် မန်ယူ
(၂၆-၁၂-၁၅ စနေ ည ရး၁၅)
ယမန်နှစ်ရလဒ် > စတုတ် ၁-၁ မန်ယူ
နောက်ဆုံးနှစ်ရာသီဆက် စတုတ်စီးတီးကွင်းမှာ မန်ယူ အနိုင်မရခဲ့ဘဲ တစ်ပွဲသရေ၊ တစ်ပွဲရံှုံးခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီ စတုတ်ရဲ့ အိမ်ကွင်းခြေစွမ်းကတော့ အရင်လောက် မမာကျောတော့ပါဘူး။ နိုင်ပွဲပျောက်နေတာ ကြာပြီဖြစ်တဲ့ မန်ယူအသင်းကတော့ နည်းပြ ဗန်ဟားလ်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် အချိန်မျိုးပါ။ သရေကျဖို့ များပါတယ်။
ချယ်လ်ဆီး နှင့် ဝက်ဖို့ဒ်
(၂၆-၁၂-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် > ချယ်လ်ဆီး ၃-၀ ဝက်ဖို့ဒ်
လတ်တလော ခြေစွမ်းအရတော့ ဝက်ဖို့ဒ်က အပေါ်အသင်း ဖြစ်နေပါတယ်။ နောက်ဆုံး လေးပွဲဆက် အနိုင်ရထားပြီး လီဗာပူးလ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ခြေစွမ်းကတော့ ချယ်လ်ဆီးကို အကောင်းဆုံး ခြောက်လှန့်နေမှာပါ။ နည်းပြသစ် ဟစ်ဒင့်နဲ့ ပွဲထွက်လာမယ့် ချယ်လ်ဆီး အိမ်ကွင်းဖြစ်ပေမယ့် သုံးမှတ် အပြည့်ရဖို့ ရုန်းကန်ရပါလိမ့်မယ်။
ဘုန်းမောက် နှင့် ခရစ္စတယ်ပဲလေ့စ်
(၂၆-၁၂-၂၀၁၅ စနေ ည ၉း၃၀)
နောက်ဆုံးတွေ့ဆုံမှု > ဘုန်းမောက် ၃-၁ ပဲလေ့စ်
ရလဒ်ကောင်းနေကြတဲ့ နှစ်သင်း ဆုံတွေ့ကြတာ ဖြစ်ပြီး ဘုန်းမောက်ကတော့ ငါးပွဲဆက် ရှုံးပွဲ မရှိသလို၊ ချယ်လ်ဆီးနဲ့ မန်ယူတို့ကို အနိုင်ကစားထားပါတယ်။ ဒါပေမဲ့ လက်စတာနဲ့ အာဆင်နယ်တို့ပြီးရင် အဝေးကွင်း ရလဒ် အကောင်းဆုံးဖြစ်နေတဲ့ ပဲလေ့စ်ကို အသာရဖို့တော့ မလွယ်ပါဘူး။ ဂိုးများတဲ့ သရေပွဲပဲ ဖြစ်နိုင်ပါတယ်။
ဆွမ်ဆီး နှင့် ဝက်စ်ဘရွန်း
(၂၆-၁၂-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် > ဆွမ်ဆီး ၃-၀ ဝက်စ်ဘရွန်း
ခရစ္စမတ် အလွန်မှာ နိုင်ပွဲ ဘယ်သူအရင် ရှာတွေ့မလဲဆိုတာ ပြိုင်ရမယ့် အသင်းတွေပါ။ ဆွမ်ဆီးကတော့ ပိုဆိုးရွားတဲ့ အနေအထားနဲ့ တန်းဆင်းဇုန်ထဲတောင် ရောက်နေပါတယ်။ တိုက်စစ်ပိုင်း ဂိုးမသွင်းနိုင်တာက အဓိက ပြဿနာ ဖြစ်နေပြီး ဒီအချက်ကို ပြင်နိုင်မှ ရလဒ်ကောင်းမှာပါ။ ဆွမ်ဆီး နိုင်သင့်ပေမယ့် သရေကျသွား နိုင်ပါတယ်။
လီဗာပူးလ် နှင့် လက်စတာ
(၂၆-၁၂-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် > လီဗာပူးလ် ၂-၂ လက်စတာ
လက်စတာက ဘယ်တော့ ရပ်တန့်သွား မလဲလို့ စောင့်ကြည့်နေကြသူတွေကို ကောင်းကောင်း သင်ခန်းစာပေးပြီး ထိပ်ဆုံးမှာ ပန်းပန်နေဆဲပါ။ လီဗာပူးလ်ကတော့ ပြိုင်ပွဲစုံမှာ လေးပွဲဆက် နိုင်ပွဲ ပျောက်နေပါတယ်။ ဒါပေမဲ့ လက်စတာကို နောက်ပိုင်း ပွဲစဉ်တွေမှာ အသာစီး ရယူထားတဲ့ အစဉ်အလာတော့ ရှိနေပါတယ်။ လီဗာပူးလ်ကိုပဲ ကြိုက်ပါတယ်။
အက်စတွန်ဗီလာ နှင့် ဝက်စ်ဟမ်း
(၂၆-၁၂-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် > အက်စတွန်ဗီလာ ၁-၀ ဝက်စ်ဟမ်း
ဝက်စ်ဟမ်းက လူမစုံတဲ့ နောက်ရလဒ်တွေ ကျသွားခဲ့သလို၊ ဗီလာကလည်း ဇယား အောက်ဆုံးက ရုန်းမထွက် နိုင်သေးပါဘူး။ အိမ်ကွင်းမှာ နိုင်ပွဲတစ်ပွဲမှ ရယူနိုင်ခြင်း မရှိသေးတာကတော့ ဗီလာအသင်း အတွက် စိုးရိမ်စရာ အနေအထား ဖြစ်နေပါတယ်။ မန်ယူကိုတောင် အဝေးကွင်းမှာ သရေကစားခဲ့တဲ့ ဝက်စ်ဟမ်း မရှုံးနိုင်ပါဘူး။
စပါး နှင့် နောဝစ်ချ်
(၂၆-၁၂-၂၀၁၅ စနေ ည ၉း၃၀)
နောက်ဆုံးတွေ့ဆုံမှု > စပါး ၂-၀ နောဝစ်ချ်
မန်ယူကို အနိုင်ကစားခဲ့တဲ့ နောဝစ်ချ် စိတ်ဓာတ် တက်ကြွနေမှာတော့ သေချာပါတယ်။ နောက်ဆုံး ငါးပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့တယ် ဆိုပေမယ့် ပွဲကျပ်တွေကြားမှာ ပြသခဲ့တဲ့ ခြေစွမ်းကတော့ လေးစားလောက်စရာ ဖြစ်ပါတယ်။ စပါးအသင်း နိုင်ပွဲဆက်ဖို့ ကြိုးစားမှာ ဖြစ်ပေမယ့် အနိုင်ရခဲ့ရင်တောင် ကပ်နိုင်ရုံထက် မပိုနိုင်ပါဘူး။
နယူးကာဆယ် နှင့် အဲဗာတန်
(၂၆-၁၂-၁၅ စနေ ည ၁၂း၀၀)
နောက်ဆုံးတွေ့ဆုံမှု > နယူးကာဆယ် ၃-၂ အဲဗာတန်
နယူးကာဆယ်က မထင်မှတ်တဲ့ အချိန်မှာ စပါးနဲ့ လီဗာပူးလ်တို့ကို ဆက်တိုက် အနိုင်ယူပြခဲ့ပြီး သုံးပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားပါတယ်။ အဲဗာတန်ကတော့ သုံးပွဲဆက် နိုင်ပွဲပျောက်ပြီး အမှတ်တွေ လျော့ခဲ့ပါတယ်။ ဒါပေမဲ့ ခြေစွမ်းအရ အဲဗာတန် ပိုကောင်းနေသလို၊ နယူးကာဆယ်ကိုလည်း အသာရနေကျဖြစ်လို့ အဲဗာတန်ကိုပဲ ရွေးချင်ပါတယ်။
မန်စီးတီး နှင့် ဆန်းဒါးလန်း
(၂၆-၁၂-၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် > မန်စီးတီး ၃-၂ ဆန်းဒါးလန်း
ဒီနှစ်သင်းတွေ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ငါးပွဲမှာ နှစ်သင်းပေါင်းသွင်းဂိုး အနည်းဆုံး လေးဂိုး ရှိခဲ့ပါတယ်။ ဆန်းဒါးလန်းက မန်စီးတီးအတွက် ဂိုးပြတ်နိုင်နေကျ ပြိုင်ဘက်လို့လည်း ဆိုနိုင်ပါတယ်။ လက်ရှိ ခြေစွမ်းအရလည်း ရှုံးပွဲဆက်နေတဲ့ ဆန်းဒါးလန်း မန်စီးတီးကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ မန်စီးတီးနဲ့ ဂိုးအများပါပဲ။
ဆောက်သမ်တန် နှင့် အာဆင်နယ်
(၂၇-၁၂-၁၅ နံနက် ၂း၁၅)
ယမန်နှစ်ရလဒ် > ဆောက်သမ်တန်၂-၀ အာဆင်နယ်
ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်လာတဲ့ အာဆင်နယ် ဆောက်သမ်တန်ကွင်းမှာ ခက်ခဲနေတဲ့ အစဉ်အလာကို ချိုးဖျက်နိုင်မလား ကြည့်ရမှာပါ။ ဆောက်သမ်တန်ကွင်းမှာ နောက်ဆုံး လေးပွဲဆက် အနိုင်မရခဲ့တာကြောင့်ပါ။ ဒါပေမဲ့ ဆိုးဆိုးရွားရွား ခြေပျက်နေတဲ့ ဆောက်သမ်တန်ကို လာမယ့်ပွဲမှာတော့ အနိုင်ရပါလိမ့်မယ်။