ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စာရင်းစစ်အဖွဲ့များ ဖွဲ့စည်းရန် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ညွှန်ကြား

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စာရင်းစစ်အဖွဲ့များ ဖွဲ့စည်းရန် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ညွှန်ကြား
Published 24 December 2015

 ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီများ အနေဖြင့် စာရင်းစစ်များ ဖွဲ့စည်းရန် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါညွှန်ကြားချက်တွင်  “ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ  NLD ပါတီများသည် အဖွဲ့ဝင်သုံးဦးပါ စာရင်းစစ်အဖွဲ့များကို ဖွဲ့စည်းကြရန် ညွှန်ကြားလိုက်ကြောင်း၊ ဖွဲ့စည်းရာတွင် အခြေခံ စာရင်းအင်းပညာ တတ်ကျွမ်းသူများ ဖြစ်ရန် လိုအပ်ကြောင်း၊ တိုင်းစည်းရုံးရေး အဖွဲ့ဝင်တစ်ဦးက ခေါင်းဆောင်ရမည်ဖြစ်ပြီး အဖွဲ့ဝင်များထဲက တတ်ကျွမ်းသူ မရရှိပါက ပါတီကို လိုလားသူ ပြင်ပမှ စာရင်းအင်းကျွမ်းကျင်သူများနှင့် ပြည်နယ်/တိုင်းအတွင်းရှိ မြို့နယ်များမှ စာရင်းကျွမ်းကျင်သူများကို ထည့်သွင်းဖွဲ့စည်းနိုင်ကြောင်း” ဖော်ပြသည်။
ထို့ပြင် “ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ စာရင်းစစ်အဖွဲ့များ ဖွဲ့စည်းပြီးပါက အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပြီးပါက ယင်းစာရင်းစစ်အဖွဲ့များအား နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေ နည်းဥပဒေများနှင့်အညီ ထားသိုရမည့် စာရင်းများနှင့် စာရင်းစစ်ဆေး နည်းစနစ်များကို ဗဟိုက ကူညီသင်တန်း ပေးသွားမည်ဖြစ်ကြောင်းနှင့် စာရင်းစစ်အဖွဲ့များသည် သက်ဆိုင်ရာမြို့နယ် စည်းရုံးရေးအဖွဲ့အသီးသီး၏ ငွေနှင့် ပစ္စည်းစာရင်းများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ စစ်ဆေး အချိန်ဇယား ရေးဆွဲဆောင်ရွက်ကြရန်ဖြစ်ကြောင်း”လည်း ဖော်ပြထားသည်။
စာရင်းစစ်အဖွဲ့များ ဖွဲ့စည်းရန် ညွှန်ကြားမှုနှင့်ပတ်သက်ပြီး  NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဘဏ္ဍာရေး တာဝန်ခံ ဖြစ်သူ ဦးဟံသာမြင့်က ပါတီဗဟို စာရင်းစစ်အဖွဲ့မှ တိုင်းနှင့် ပြည်နယ်အားလုံးသို့ လိုက်လံမစစ်ဆေးနိုင်သောကြောင့် ဖွဲ့စည်းခိုင်းခြင်းဖြစ်ပြီး စာရင်းနှင့် ငွေကြေးသုံးစွဲမှုများ စနစ်တကျဖြစ်ရန် ရည်ရွယ်ကြောင်း ပြောကြားသည်။
“အဖွဲ့ချုပ်မှာ ရှိနေတဲ့ အဖွဲ့အစည်းအားလုံးဟာ သူတို့ ငွေကြေးနဲ့ ပတ်သက်လို့ ပါတီမှတ်ပုံတင် ဥပဒေထဲမှာ ပါပြီးသားပါ။ ဒါတွေလုပ်ရမှာကိုပါ။ ကျွန်တော်တို့က သူတို့ ဒါတွေလုပ်ထားလား၊ မလုပ်ထားလားဆိုတာ သိရအောင် စစ်ဆေးရမယ့် တာဝန်ရှိတယ်။ ဒါကြောင့် ညွှန်ကြားတာပါ။ အဖွဲ့ချုပ်ဗဟိုမှာတော့ စာရင်းစစ် အဖွဲ့ရှိပါတယ်။ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ မြို့နယ်တွေကို လိုက်စစ်တာတော့ တော်တော်ပြီးနေပါပြီ။ ဒါပေမဲ့ နယ်တွေကျတော့ မစစ်နိုင်ဘူး။ ဒါကြောင့် ဖွဲ့ခိုင်းလိုက်တဲ့သဘောပါ။ ရအောင်ရှာပြီး ဖွဲ့ခိုင်းတာပါ။ မရတော့လည်း ကျွန်တော်တို့ ဒီကသွားနိုင်တဲ့ဟာ သွားပေးမှာပါ။ နေရာအကုန်လုံးတော့ မသွားနိုင်ပါဘူး။ သူတို့ဆီမှာ စာရင်းတွေကတော့ ရှိပါတယ်။ ဒါပေမဲ့ ပုံစံတကျ ဖြစ်အောင်ပါ”ဟု ဦးဟံသာမြင့်က ပြောကြားသည်။
NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ တွင်  ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၄၇၅ ဦးနှင့် တိုင်းရင်းသား လူမျိုးကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent