ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွီခရိုင် အတွင်းရှိ လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် စွဲချက်အတင်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ဒီဇင်ဘာ ၂၄ ရက် နံနက်က ကော့စမွီခရိုင် တရားရုံးမှ လူသတ်မှု၊ မုဒိမ်းမှုတို့အပါဝင် ပုဒ်မ ခုနစ်ခုတို့အတွက် သေဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာသံရုံး အထူးအဖွဲ့ထံမှ သတင်းရရှိသည်။
ရွှေ့ပြောင်း မြန်မာလုပ်သားနှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ တရားမဝင်နယ်စပ် ဖြတ်ကျော်မှု၊ တရားမဝင်နေထိုင်မှု၊ ခိုးမှု၊ သက်သေခံပစ္စည်း ထိမ်ချန်မှုအပါအဝင် အမှုခုနစ်မှုတို့ဖြင့် စွဲချက်တင်ထားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက် နံနက်က ကော့စမွီခရိုင် တရားသူကြီးမှ တစ်နာရီကျော်ကြာ စစ်ချက်အား ဖတ်ကြားပြီးနောက် အမှုခုနစ်ခုလုံးအတွက် သေဒဏ်နှင့် ထောင်ဒဏ်နှစ်၂၀ တပေါင်းတည်း ကျခံရန် ချမှတ်ခဲ့ခြင်းဖြစ်ကာ တစ်လအတွင်း အယူခံခွင့်ရှိကြောင်း မြန်မာသံရုံးအထူးအဖွဲ့ မှ ဦးကျော်သောင်းက ပြောကြားသည်။
၎င်းက “ဒီနေ့မနက်မှာပဲ ကော့စမွီခရိုင်တရားရုံးမှာ တရားသူကြီးက မနက် ၉ နာရီခွဲ ကနေ ၁၀ နာရီခွဲအထိ တစ်နာရီကျော်ကြာ စစ်ချက်တွေကို ဖတ်ပြီးတော့ အမှုခုနစ်မျိုးအတွက် သေဒဏ် ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံ တရားစီရင်ရေးပုံစံအရဆိုရင် မသေမချင်းသတ်စေ ဆိုတဲ့အမိန့်ပုံစံပါပဲ” ဟု ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲက ပြောကြားသည်။
“တရားခံနှစ်ဦးစလုံး လူသတ်မှုအတွက် အပြစ်ရှိပါတယ်။ သူတို့နှစ်ဦးလုံးဟာ မုဒိမ်းမှုနဲ့ အမှုမှန်မပေါ်ပေါက်အောင် ကြိုးပမ်းမှုတွေအတွက်ရော အပြစ်ထင်ရှားပါတယ်။ ဒါ့ပြင် ခိုးမှု၊ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုတွေပါ ကျူးလွန်ခဲ့ပါတယ်” ဟု အမည်မဖော်လိုသူ ထိုင်းတရားသူကြီးတစ်ဦးက ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားသည်။
တရားရုံး ဆုံးဖြတ်ချက်တွင်လည်း ထိုင်းအစိုးရရှေ့နေများမှ တင်ပြခဲ့သော သက်သေများနှင့် တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များအရ အပြစ်ရှိကြောင်းနှင့် အဆိုပါ တရားခံနှစ်ဦးသည် ဒေးဗစ်မီလာအား သတ်ဖြတ်ခဲ့ကာ ဟန်နာဝှစ်သာရစ်အား မုဒိမ်းကျင့်ခဲ့ပြီးနောက် ၎င်းတို့၏ လုပ်ရပ်ကို ဖုံးကွယ်ရန် သတ်ဖြတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားသည်။
ထို့အပြင် သေဆုံးသူ ဒေးဗစ်မီလာ၏ အစ်ကိုဖြစ်သူ မိုက်ကယ်မီလာကလည်း “ဒီနေ့ တရားရုံးဆုံးဖြတ်ချက်က ဒေးဗစ်နဲ့ ဟန်နာတို့ အတွက် တရားမျှတမှုကို ကိုယ်စားပြုတယ်လို့ ယုံကြည်ပါတယ်။ တင်ပြခဲ့တဲ့ သက်သေတွေကလည်း လုံးဝခိုင်လုံတယ်။ တရားရင်ဆိုင်နေချိန်မှာလည်း တရားခံတွေဘက်က လုံးဝကို နောင်တရတဲ့ပုံ မရှိပါဘူး” ဟု ပြစ်ဒဏ်ချ မှတ်ချက်အပြီး မီလာမိသားစု၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မျက်မြင်သက်သေမရှိသည့် ထိုအမှုတွင် မြန်မာလုပ်သားနှစ်ဦးအပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်မှာ ပြင်းထန်သည့်အတွက် အယူခံတက်ရောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဦးကျော်သောင်းက ဆက်လက်ပြောကြားသည်။
“သေဒဏ်ချမှတ်တယ်ဆိုတာက မျက်မြင်သက်သေနဲ့ အထောက်အထားခိုင်လုံမှ ချလို့ရတာဖြစ်တယ်။ အခုအမှုက မျက်မြင်သက်သေလည်း မရှိဘူး။ သက်သေလည်း မခိုင်လုံဘဲနဲ့ သေဒဏ်ချမှတ်တယ်ဆိုတာကတော့ ဘယ်လိုမှ တရားမျှတမှု မရှိဘူး။ ကျွန်တော်တို့ ဒီနေ့ပဲ အယူခံတက်ရောက်ဖို့ ပြင်ဆင်နေပါပြီ။ အခုဆိုရင် ကလေးတွေရဲ့ အမေတွေကလည်း ငိုယိုနေတာပေါ့” ဟုပြောကြားသည်။
ပြီးခဲ့သည့် တရားခွင်စစ်ဆေးချက်များတွင် စွဲချက်အတင်ခံထားရသူများသည် ကျူးလွန်သည်ဟု မျက်မြင်သက်သေနှင့်တကွ ခိုင်မာသည့် သက်သေပြချက်များ မပေးနိုင်ခဲ့သော်လည်း ကော့စမွီခရိုင်တရားရုံးမှ စွဲချက်တင်ထားသည့် ခုနစ်မှုလုံးအတွက် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ခုနစ်ရက်အတွင်း အယူခံတက်ရောက်မည်ဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ဆိုသည်။
၎င်းက “ အမှုတစ်မျိုးစီအတွက် သီးခြားပြစ်ဒဏ်တွေ ချတာပေါ့။ ဒါပေမဲ့ နောက်ဆုံးမှာ ပူးပေါင်းလူသတ်၊ မုဒိမ်းကျင့်တဲ့ပြစ်ဒဏ်က သေဒဏ်ထိုက်တဲ့အတွက် အားလုံးအတွက် သေဒဏ်ချမှတ်တယ်ဆိုတဲ့ သဘောပါပဲ။ကျွန်တော်တို့ဘက်က ခုနစ်ရက်အတွင်း အယူခံတက်ရောက်ခွင့်ရှိတော့ အယူခံတက်ရောက်ဖို့ ပြင်မှာပါ” ဟု ပြောကြားသည်။
သေဒဏ်ချမှတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားနှစ်ဦးအမှုနှင့် ပတ်သက်ပြီး အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က “အမှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သက်သေခံအထောက်အထားတွေ၊ ထွက်ချက်တွေကို ပြန်လည်ဖတ်ရှု လေ့လာပြီးတော့မှ အန်ကယ်တို့ဘက်က ဥပဒေအရ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ ပြောလို့ရပါမယ်” ဟု ပြောကြားသည်။
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း “ထိုင်းနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှု၊ လွတ်လပ်သော တရားစီရင်မှု၊ နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို မထိခိုက်စေဘဲ သံခင်းတမန်ခင်းအရလည်း ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်” ဟု ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် လိပ်ကျွန်းကမ်းခြေတစ်နေရာတွင် အသတ်ခံထားရသည့် အင်္ဂလန်နိုင်ငံသား ဒေးဗစ်မီလာနှင့် ဟန်နာဝှစ်သာရစ်တို့၏ ရုပ်အလောင်းအား ထိုင်းရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၁ ရက် နှောင်းပိုင်းအထိ ထိုကျွန်းပေါ်ရှိ အလုပ်သမား ၂၀၀ကျော်အား သံသယမှုဖြင့် ဒီအင်န်အေ စစ်ဆေးခဲ့ရာတွင် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့လည်း ပါဝင်ခဲ့သည်။ သို့သော် ထိုစဉ်က ကိုက်ညီမှုမရှိဟုဆိုကာ ပြန်လည်လွှတ်ပေးခဲ့သည်။
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနှစ်ဦးအား အမြန်ဆုံးလွှတ်ပေးရန် တက်ကြွလှုပ်ရှားသူများက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် ဒီဇင်ဘာ ၂၄ ရက်က ဆန္ဒပြတောင်းဆိုနေစဉ်
ထို့အပြင် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ထားရန် ပျက်ကွက်ခဲ့သည့်အပြင် အဆိုပါကျွန်းသို့ ဝင်ထွက်သွားလာနိုင်သည့် ဆိပ်ကမ်းကိုလည်း ပိတ်ထားခြင်း မရှိခဲ့ပေ။ အလားတူ အမှုစတင်စစ်ဆေးစဉ်က ရွှေ့ပြောင်း အလုပ်သမားများ၊ အသတ်ခံရသူများနှင့် ထိုညက အတူရှိခဲ့သည့် နိုင်ငံခြားခရီးသွားတစ်ဦးနှင့် အဆိုပါကျွန်းတွင် သြဇာရှိသူတစ်ဦး၏ သားကိုပါ သံသယရှိသူများအဖြစ် သတ်မှတ်ခဲ့သည်။
ထို့နောက် နိုင်ငံတကာမှ ဖိအားပေးမှုများ ပေါ်ပေါက်လာခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၎င်းတို့မှ ဝန်ခံသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ကျွန်းပေါ်တွင် သရုပ်ပြစေခဲ့သည်။ အလားတူ ဒီအင်န်အေ ပြန်လည်စစ်ဆေးရာတွင်လည်း ကိုက်ညီမှုရှိသည်ဟု ပြန်လည်ထုတ်ပြန်ခဲ့သည်။ ထိုအမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ကိုင်တွယ်ပုံမှာ လုပ်ထုံးလုပ်နည်း မကျသဖြင့် နိုင်ငံတကာစောင့်ကြည့်သူများ၏ ဝေဖန်မှုကို အပြင်းအထန် ခံခဲ့ရသည်။
ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား တရားစွဲဆိုရန် ကြိုးစားစဉ်ကလည်း အထောက်အထား မခိုင်လုံသဖြင့် တရားရုံးမှ ဆိုင်းငံ့ခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင်မှ လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် စုစုပေါင်း ပုဒ်မ ခုနစ်ခုတို့ဖြင့် ကော့စမွီခရိုင်တရားရုံး၌ တရားစွဲဆိုနိုင်ခဲ့သည်။ ထိုအမှုအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်၌ ပထမဦးဆုံး စတင်ကြားနာခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အာရှဒါရိုက်တာ ဖေးလ်ရော်ဘတ်ဆန်ကလည်း “ဒီအမှုမှာ တရားခံတွေဖက်ကပြောတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို စစ်ဆေးတာ မရှိခဲ့ပါဘူး။ သူတို့ကို အဓိက အမိန့်ချစေခဲ့တဲ့ သက်သေကလည်း ဒီအင်န်အေပါပဲ။ ဒီ ဒီအင်န်အေကလည်း သံသယဖြစ်စရာတွေ ရှိပါတယ်။ ဒီလို သေဒဏ်ပေးတာဟာ လုံးဝကို မဖြစ်သင့်ပါဘူး” ဟု ပြောကြားသည်။
တရားခွင်၌ စစ်ဆေးစဉ်က စွပ်စွဲခံရသူများ၏ တောင်းဆိုချက်အရ ဒီအင်န်အေ ပြန်လည်စစ်ဆေးပေးရန် သက်သေခံပစ္စည်းများအား တောင်းယူခဲ့စဉ်က အမှုစစ်ရဲတပ်ဖွဲ့မှ လူသတ်လက်နက်ဖြစ်သည့် ပေါက်တူးရိုး၊ ခြေညှပ်ဖိနပ်တစ်ဘက်၊ ပီနံအိတ်တစ်လုံးသာ ပေးအပ်ခဲ့ပြီး ကျန်သက်သေခံများမှာ မရှိတော့ကြောင်း အကြောင်းပြန်ခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် မှုခင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ ဝေဖန်မှုကို အပြင်းအထန်ခံခဲ့ရသည်။
ထို့အပြင် လူသတ်မှုနှင့် ပတ်သက်ပြီး တရားခွင်၌ စစ်ဆေးစဉ်ကလည်း သေဆုံးသူ ဟန်နာ၏ ကိုယ်ပေါ်ရှိ ဒီအင်န်အေနှင့် စွပ်စွဲခံထားရသူများ၏ ဒီအင်န်အေတို့ ပြန်လည်တိုက်ဆိုင် စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် တူညီမှုမရှိကြောင်း ထိုင်းနိုင်ငံ၏ ကျော်ကြားသည့် မှုခင်းဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာဖွန်တစ်က စက်တင်ဘာလအတွင်းက တရားခွင်ရုံးချိန်းတစ်ခုတွင် လာရောက်သက်သေပြ ထွက်ဆိုခဲ့ဖူးသည်။
ထိုနေ့က အမိန့်ချမှတ်ခဲ့သည့် ရုံးချိန်းသို့ မြန်မာသံရုံး၊ အင်္ဂလန်သံရုံး ကိုယ်စားလှယ်များ၊ အလုပ်သမားရေးလှုပ်ရှားသူများ၊ ထိုင်းအခြေစိုက် နိုင်ငံတကာမီဒီယာများမှလည်း လာရောက်သတင်းရယူခဲ့ကြောင်း သိရသည်။















