၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျွန်း ၆၀၀၀၀ ကုဗတန် ထုတ်လုပ်ရန်နှင့် စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် သစ်ထုတ်နိုင်သည့် ဧရိယာ များသည့်အတွက် ပိုမိုအကောင်အထည်ဖော်ရန် ရည်မှန်းထားကြောင်း အမျိုးသား စီမံကိန်း မူကြမ်းတွင် ဖော်ပြထားသည်။
သစ်တော်ကဏ္ဍမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် ကျွန်း ၆၀၀၀၀ ကုဗတန်၊ သစ်မာ ၁၄၉၉၁၁၁ ကုဗတန် ထုတ်လုပ်ရန် ရည်မှန်ထားပြီး ယခင်နှစ် ထုတ်လုပ်မှုထက် လျော့နည်းကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျွန်း ၈၈၀၄၄ ကုဗတန်၊ သစ်မာ ၁၄၅၀၈၀၂ ကုဗတန် ထုတ်လုပ်ခဲ့ကြောင်း စီမံကိန်းမူကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
သစ်ထုတ်လုပ်မှုတွင် နှစ်စဉ်တောထွက် ဘောင်အတွင်းမှ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးများသည် အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက သစ်ထုတ်နိုင်သည့် ဧရိယာပမာဏ ပိုမိုခြင်း၊ သစ်ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာသောကြောင့် ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း အမျိုးသားစီမံကိန်းမူကြမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သစ်တောကြိုးဝိုင်း ဖွဲ့စည်းခြင်းကို မြန်မာနိုင်ငံ စုစုပေါင်းသစ်တော ဖုံးလွှမ်းမှုဧရိယာ၏ ၅၈ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ရန် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ သစ်တောစိုက်ခင်းများ၊ ကျေးရွာသုံးစိုက်ခင်းများ၊ သစ်တောကြိုးဝိုင်း နယ်နိမိတ်ပြင်ဆင်ခြင်း၊ အကွက်နယ်နိမိတ် ပြင်ဆင်ခြင်း လုပ်ငန်းများကို ၄၇၂၀ မိုင် ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း စီမံကိန်း မူကြမ်းအရ သိရသည်။
လက်ရှိတွင် ပုဂ္ဂလိကကဏ္ဍ သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံပိုင် သစ်နှင့် သစ်အချောထည် စက်ရုံများအား ပုဂ္ဂလိကပိုင် လွှဲပြောင်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်ထွက် ရှိလာမည့် သစ်ပမာဏကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိက သစ်အခြေခံ စက်မှုလုပ်ငန်းများအား အချိုးကျ ခွဲဝေဖြည့်ဆည်းရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောကဏ္ဍ၏ ထုတ်လုပ်မှုတန်ဖိုးအဖြစ် ကျပ် ၉၀ ဒသမ ၈၅ ဘီလျံရရှိရန် ရည်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အမျိုးသား စီမံကိန်းအစီရင်ခံစာအရ ဆောင်ရွက်နေမှုများအပေါ်တွင် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍများတွင် တရားလွန် ဆောင်ရွက်နေမှုများကို နိုင်ငံတော်အစိုးရအနေဖြင့် ပြတ်ပြတ်သားသားဖြင့် ဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သင့်ကြောင်း၊ ယခုအခြေအနေတွင် သစ်လုံးသာ ခိုးထုတ်သည် မဟုတ်ဘဲ သစ်မြစ်ပါ တူးဖော်ကြောင်း၊ သစ်မြစ်၏ အောက်တွင်တွေ့ရသော ဓာတ်သတ္တုများကိုပါ ဆက်လက် တူးဖော်နေသည်များကို ပြင်းပြင်းထန်ထန် ကာကွယ်တားဆီးသင့်ကြောင်း စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် အစိုးရအဖွဲ့မှ တင်ပြလာသည့် အမျိုးသား စီမံကိန်းအစီရင်ခံစာတွင် သတ္တုကဏ္ဍတွင် ကြေးနီနှင့် နီကယ်သတ္တုတူးဖော် ထုတ်လုပ်ခြင်း၊ ဝင်ငွေပြောင်းလဲခြင်းများ တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိကြောင်း၊ ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စကို ပွင့်လင်းမြင်သာစွာ ဖော်ပြသင့်ကြောင်း၊ စာချုပ်များ ပြင်ဆင်ချုပ်ဆိုခြင်းကြောင့် ဝင်ငွေပိုမိုတိုးတက်ရရှိမှုကို ခြောက်လပတ် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသင့်ကြောင်း၊ သစ်တောကဏ္ဍတွင် တရားမဝင် သစ်ထုတ်လုပ်မှုနှင့် ဖမ်းဆီးရရှိမှု အခြေအနေများကို အမျိုးသားစီမံကိန်း အစီရင်ခံစာတွင် ဖော်ပြသင့်ကြောင်း စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီက ထောက်ပြထားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျွန်း ၆၀၀၀၀ ကုဗတန် ထုတ်လုပ်ရန်နှင့် စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် သစ်ထုတ်နိုင်သည့် ဧရိယာများ၍ ပိုမိုအကောင်အထည်ဖော်ရန် ရည်မှန်းထားကြောင်း အမျိုးသားစီမံကိန်းမူကြမ်းတွင် ဖော်ပြထား















