အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်၏ ဈာပန နောက်ဆုံးခရီးစဉ် ဓာတ်ပုံပြပွဲ ဒေါ်ခင်ကြည်၏ဇာတိ မြောင်းမြမြို့၌ ပြုလုပ်မည်

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်၏ ဈာပန နောက်ဆုံးခရီးစဉ် ဓာတ်ပုံပြပွဲ ဒေါ်ခင်ကြည်၏ဇာတိ မြောင်းမြမြို့၌ ပြုလုပ်မည်
Published 24 December 2015
သဲသီရိကျော်

 ဓာတ်ပုံ အာရှကိုတေဇ ရိုက်ကူးခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်၏ ဈာပနနောက်ဆုံးခရီးစဉ် ဓာတ်ပုံပြပွဲကို မြောင်းမြမြို့၊ NLD ရုံးခန်းမတွင် ဒီဇင်ဘာ ၂၅ ရက်၊၂၆ ရက်နှင့် ၂၇ ရက်တို့တွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒေါ်ခင်ကြည် ကွယ်လွန်တာ ၂၇ နှစ် ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့မွေးရပ်ဇာတိမြေဖြစ်တဲ့ မြောင်းမြမြို့မှာ ကျင်းပဖို့ စီစဉ်ဖြစ်တာပါ။ ကျွန်တော်ကိုယ်တိုင် ဒေါ်ခင်ကြည်ရဲ့ ဈာပနမှာ သွားရောက်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံပေါင်း ၁၀၀ ကျော်ကို ဒီပွဲမှာ ပြသသွားမှာပါ။ ဈာပနအခမ်းအနားက ဓာတ်ပုံတွေဖြစ်တဲ့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ပြပွဲမှာပုံတွေအားလုံးကို အဖြူ၊ အမည်း နဲ့ပဲပြသသွားမှာပါ”ဟု ဓာတ်ပုံ အာရှကိုတေဇက ပြောကြားသည်။
၎င်းင်းဓာတ်ပုံပြပွဲတွင် ဒေါ်ခင်ကြည်၏ ဈာပနအခမ်းအနားတွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံပေါင်း ၁၀၀ ကျော်ကို ပြသရောင်းချသွားမည်ဖြစ်ပြီး ဓာတ်ပုံတစ်ပုံလျှင် ကျပ် ၆၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။အဆိုပါပွဲမှ ဓာတ်ပုံရောင်းချရရှိသည့် အကျိုးအမြတ် ငွေကြေးများအား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံအာရှ ကိုတေဇမှာ မြန်မာ့အလင်းနှင့် ဟံသာဝတီ သတင်းစာတို့တွင် ဓာတ်ပုံသတင်းထောက်တစ်ဦးအဖြစ် လုပ်ကိုင်ပြီး ထင်ရှားခဲ့သူ ဓာတ်ပုံ အာရှဦးကျော့၏ မြေးဖြစ်ပြီး အဆိုပါပွဲတွင် ပြသမည့် ဓာတ်ပုံများမှာ ၎င်းအသက် ၁၇ နှစ်အရွယ်တွင် ‘ဒေါ်ခင်ကြည်၏ ဈာပနအခမ်းအနား’၌ ကိုယ်တိုင် သွားရောက် ရိုက်ကူးခဲ့သည့် ဓာတ်ပုံများ ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ‘ဒေါ်ခင်ကြည်၏ ဈာပနနောက်ဆုံးခရီးစဉ်’ဓာတ်ပုံပြပွဲကို  အောက်တိုဘာလ အတွင်းကလည်း ရန်ကုန်ရှိ Think Art Gallery တွင် ကျင်းပခဲ့ဖူးပြီး ယခု မြောင်းမြမြို့၌ကျင်းပမည့်ပွဲမှာ မြောင်းမြသား ကဗျာဆရာရိုးမြေနှင့် ထွန်းဝေမြင့်တို့ စီစဉ် ကျင်းပသည့်ပွဲ ဖြစ်ကြောင်းလည်း သိရသည်။    

Most Read

Most Recent