Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို လိမ်လည်မှု ၁၀ မှုဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်

Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို လိမ်လည်မှု ၁၀ မှုဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်
Published 24 December 2015
မြင့်သူ

လိမ်လည်မှုများဖြင့် တရားရင်ဆိုင်နေရသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ဒီဇင်ဘာ ၂၃ ရက်က ဗိုလ်တထောင်မြို့နယ် တရားရုံး၌ လိမ်လည်မှု ၁၀ မှုဖြင့် ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။ယင်းနေ့ ရုံးချိန်းတွင် မြို့နယ်တရားသူကြီး အပြောင်းအလဲကြောင့် အမှုအား စစ်ဆေးဖြစ်ခဲ့ခြင်း မရှိဘဲ ဇန်နဝါရီ ၆ ရက်သို့ ရုံးချိန်း ပြန်လည် ချိန်းဆိုပေးခဲ့ကြောင်း သိရသည်။“ဒီနေ့ ရုံးချိန်းက ဦးကျော်မြင့်ကို လိမ်လည်မှု ၁၀ မှုအတွက် ရုံးထုတ်တာပါ။ ကျွန်တော်တို့ မြို့နယ်တရားသူကြီး အပြောင်းအလဲ ဖြစ်သွားတဲ့အတွက် လောလောဆယ် အမှုကို မစစ်ဖြစ်ခဲ့ပါဘူး။ ဇန်နဝါရီ ၆ ရက်ကို ရုံးချိန်း ပြန်ချိန်းပေးထားပါတယ်။ အမှုက လက်ရှိမှာ တရားလိုပြ သက်သေကို စစ်ဆေးနေတဲ့ အဆင့်မှာဘဲ ရှိသေးတယ်” ဟု ဗိုလ်တထောင်မြို့နယ် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်သည် ၎င်း၏ ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သည့် အဆောက်အအုံများရှိ တိုက်ခန်းများအား ကြိုပွိုင့်စနစ်ဖြင့် ရောင်းချရာတွင် ရောင်းချပြီး အခန်းများကို ပြန်လည်ရောင်းချခြင်း၊ မြေရှင်နှင့် သဘောတူလက်မှတ် ရေးထိုး၍ ဆောက်လုပ်ရမည့် အဆောက်အအုံများကိုလည်း မြေရှင် သဘောတူညီသည့် ပုံစံအတိုင်း မဟုတ်ဘဲ ဦးကျော်မြင့်က ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ် အတုများဖြင့် စည်ပင်မှ ခွင့်ပြုချက်ရယူ ဆောက်လုပ်ခြင်းများ ပြုလုပ်ခဲ့၍ လိမ်လည်မှုများဖြင့် တရားစွဲဆို ခံထားရခြင်းဖြစ်ကြောင်း တိုင်ကြားသူများထံမှ သိရသည်။ ထို့ပြင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်သည် လသာမြို့နယ် တရားရုံး၌လည်း လိမ်လည်မှုဖြင့်ပင် တရားရင်ဆိုင်နေရဆဲ ဖြစ်ကြောင်းလည်း သိရသည်။