ဒဂုံမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို အိမ်ရှင်၏ သားနှစ်ဦးက သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လှိုင်မြို့နယ်နေ ရတနာမေတ္တာ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ ဘဏ္ဍာရေးမှူးဖြစ်သူ ဒေါ်......သည် ဗဟန်းတောရကျောင်းရှိ သီလရှင်တစ်ပါးမှ ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။ယင်းသို့ သွားရောက်ရာ သီလရှင်က ပဲခူးမြို့၊ ဘုရားကြီးကျွန်းတောရွာမှ ခေါ်ယူစောင့်ရှောက်ထားပြီး ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အလုပ်လုပ်နေသော မ.....(၁၂) မှာ နှိပ်စက်ခံထားရကြောင်းနှင့် သားမယား ပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိရသည်ဟု ပြောပြခဲ့ကြောင်း သိရသည်။ထို့အပြင် သီလရှင်မှ မ.....(၁၂) နှစ်အား ဗဟန်းမြို့နယ်ရှိ ဆေးခန်းတစ်ခုသို့ သွားပြရာ ဆရာဝန်က မ.....မှာ သားမယား ပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရကြောင်း ထပ်မံ ပြောပြသဖြင့် ဒေါ်......က မ.....(၁၂) နှစ်အား စောင့်ရှောက်ရေးအဖွဲ့ ရုံးခန်းသို့ ခေါ်ယူမေးမြန်းရာ နိုဝင်ဘာလ အတွင်းတွင် ၎င်း အိမ်အကူလုပ်နေသည့် အိမ်ပိုင်ရှင်၏ သားများဖြစ်သည့် ကို.....(၂၀) နှစ်နှင့် ၎င်း၏ ညီဖြစ်သူ မောင်.....(၁၅)နှစ်က ၎င်းအား ညစ်ညမ်းဇာတ်ကားများပြပြီး သားမယား ပြုကျင့်ခဲ့သည်ဟု ပြောပြခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။“တိုင်တန်းခံရတဲ့သူ နှစ်ဦးကိုတော့ ဒီနေ့ မနက်မှာ ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ဒီဇင်ဘာ ၂၃ ရက်က ပြောကြားသည်။အဆိုပါ ဖြစ်စဉ်ကို ဒေါ်.....က သက်ဆိုင်ရာ ဒဂုံမြို့မ ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ)၂၆၀/၁၅ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
၁၂ နှစ်အရွယ် အိမ်အကူ မိန်းကလေးအား အိမ်ရှင်၏ သားနှစ်ဦးက သားမယား ပြုကျင့်မှု ဒဂုံမြို့နယ်တွင် ဖြစ်ပွား