ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များကို Facebook စာမျက်နှာတွင် ဝေဖန်ရှုတ်ချခဲ့သည့် ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှ ဒေသခံတစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ကာ မြို့နယ်ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သတင်းရရှိသည်။ရဲထွဋ်ဝင်း အမည်ဖြင့် အသုံးပြုနေသည့် Facebook စာမျက်နှာတွင် ဒီဇင်ဘာ ပထမပတ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များကို တိရစ္ဆာန်မျှပင် ကျေးဇူးမသိတတ်သူများနှင့် ဦးနှောက်မရှိသည့် ခပ်ကြောင်ကြောင်လူဟု အဓိပ္ပာယ်ရသော ပို့စ်နှစ်ခု ရေးသားခဲ့ခြင်းကြောင့် ခင်ဦးမြို့နယ် မြကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားလိုပြုကာ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။“ဒီဇင်ဘာ လဆန်းက မြကန်သာ ရပ်ကွက်မှာ ဘုရားပွဲရှိတယ်။ ပွဲလာကြည့်တဲ့ ကောင်လေး တစ်ယောက်ကို လက်ပတ်နီ ပတ်ထားတဲ့ လူတစ်ယောက်က အကြောင်းမဲ့ ရိုက်တာကြောင့် ခေါင်းကွဲသွားပါတယ်။ ဒါကို ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေက လှောင်ပြောင်မှု ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးကတော့ သူနဲ့မဆိုင်တဲ့အကြောင်း ပြောခဲ့တာပါ။ ဒီဖြစ်စဉ်ကို Facebook မှာတင်ပြီး ဝေဖန်လိုက်တဲ့အတွက် အုပ်ချုပ်ရေးမှူးက တရားလိုပြုပြီး အမှုဖွင့်တာပါ။ ဒီဇင်ဘာ ၁၇ ရက်မှာ ရဲထွဋ်ဝင်း (၂၁နှစ်) က မြို့နယ်ရဲစခန်းမှာ သူကိုယ်တိုင်သွားပြီး အမှုကို ရင်ဆိုင်ခဲ့တယ်။ သူက ဒုတိယနှစ် ကျောင်းသားတစ်ဦးပါ။ အခုတော့ သူက အချုပ်ထဲမှာပါ” ဟု ဖမ်းဆီးချုပ်နှောင် ခံထားရသူနှင့် ရင်းနှီးသူ တစ်ဦးက ဆိုသည်။ဒီဇင်ဘာ ပထမပတ်က အမှုဖွင့်ခဲ့ပြီးနောက် အဆိုပါ Facebook စာမျက်နှာနှင့် ပတ်သက်စပ်ဆက်သူ ၁၃ ဦးကို စစ်ဆေးပြီးဖြစ်ကြောင်းနှင့် အမှုကို အထက် ညွှန်ကြားချက်များအရ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။“အခု လောလောဆယ်တော့ မြို့နယ် ဥပဒေရုံးကို အမှုနဲ့ ပတ်သက်ပြီး တင်ထားပါတယ်။ ပြီးရင် ခရိုင်၊ တိုင်းနဲ့ ရဲချုပ်ရုံးအထိ ဆက်တင်ပို့ရမှာပါ။ ပြီးတော့ ဆက်သွယ်ရေး ဝန်ကြီးဌာနကိုလည်း တင်ပြရမယ်။ ဒါက အမှုရဲ့ လုပ်ထုံးလုပ်နည်းတွေ အရပါပဲ။ အထက်က ညွှန်ကြားချက်အတိုင်း ဆက်လုပ်ရမှာပေါ့” ဟု အမှုစစ် ရဲအရာရှိက ပြောကြားသည်။ဖမ်းဆီး ချုပ်နှောင်ခံထားရသည့် ကိုရဲထွဋ်ဝင်းနှင့် တွေ့ဆုံခွင့်ရရန် စခန်းမှူးထံ ခွင့်တောင်းခဲ့သော်လည်း ၎င်းအနေဖြင့် လက်ရှိ စခန်းတွင် ရောက်ရှိသည်မှာ ရက်ပိုင်းမျှသာ ရှိသေးကြောင်း၊ စခန်း၏ လုပ်ထုံးလုပ်နည်းများကို အကျွမ်းဝင်မှု မရှိသေးကြောင်းနှင့် တွေ့ဆုံ လိုပါက မြို့နယ်၊ ခရိုင် အဆင့်ဆင့် စာတင်ရမည်ဖြစ်ပြီး ခွင့်ပြုမိန့် ချပေးချိန်မှ တွေ့ခွင့် ရမည် ဖြစ်ကြောင်း ဆိုသည်။Facebook တင်ရသည့် အကြောင်းရင်းကို လျစ်လျူရှုကာ အငြင်းပွားဖွယ် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် ဖမ်းဆီးချုပ်နှောင်မှုအပေါ် ခင်ဦးမြို့ခံများက ပြင်းပြင်း ထန်ထန် ဝေဖန် လျက်ရှိပြီး ထောင်ဒဏ် သုံးနှစ်ထိ ချမှတ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တို့၏ ပြောကြားချက်ကြောင့် ကာယကံရှင်၏ မိသားစုဝင်များက စိုးရိမ်ပူပန်လျက် ရှိနေသည်။“ဆက်သွယ်ရေး ဥပဒေပုဒ်မက ပြောရမယ်ဆိုရင် မျှော့ကြိုး ဥပဒေ သက်သက်ပါပဲ။ သူ (ရဲထွဋ်ဝင်း) က ဘာကြောင့် ဒီလိုရေးခဲ့ရတာလဲ ဆိုတာကိုတော့ မသိချင်ယောင်ဆောင်ပြီး Facebook မှာတင်တာကို ဒီလို ဥပဒေပုဒ်မမျိုးနဲ့ တရားစွဲတာ မတရားပါဘူး။ ဒီလောက်မှ ဝေဖန်တာ မခံနိုင်ရင်လည်း ဒီလို အများအတွက် တာဝန်ယူတဲ့ နေရာမှာ မနေသင့်ဘူး။အခု ဖမ်းဆီးခံ၊ တရားစွဲခံထားရတာကြောင့် သူ့ရဲ့ပညာရေး ထိခိုက်ရသလို၊ မိသားစုဝင်တွေလည်း တော်တော် စိတ်ထိခိုက် နေရပါတယ်” ဟု ခင်ဦးမြို့နယ် ပွင့်လင်း လူ့အဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ခင်ဦးမြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များအား Facebook ၌ ဝေဖန်ရှုတ်ချမှုများ ရေးသားခဲ့သူကို မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထား