ရှမ်းပြည်နယ်အတွင်း RCSS နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွင် လတ်တလော တွေ့ဆုံညှိနှိုင်းရန် အခြေအနေမရှိသေးဘဲ နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်

ရှမ်းပြည်နယ်အတွင်း RCSS နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွင် လတ်တလော တွေ့ဆုံညှိနှိုင်းရန် အခြေအနေမရှိသေးဘဲ နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်
Published 20 December 2015
အောင်ဇော်ထွန်း

ရှမ်းပြည်နယ်အတွင်း၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်၍ နှစ်ဖက်အကြား တွေ့ဆုံညှိနှိုင်းရန် ဒီဇင်ဘာ ၁၉ ရက်အထိ အစီအစဉ်မရှိသေးကြောင်း သိရပြီး စစ်ရေးတင်းမာနေသည့် အခြေအနေပင် ဖြစ်နေကြောင်း သတင်းရရှိသည်။
 
ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းမှ စ၍ မကြာခဏ ဖြစ်ပွားနေသည့် RCSS နှင့် TNLA တို့အကြား တိုက်ပွဲများ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြားဝင် ညှိနှိုင်းပေးခဲ့သော်လည်း နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းရန် ဖြစ်မလာသေးကြောင်း သိရသည်။ 
 
TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က “အခုကRCSS ဘက်က အင်အားပဲ ထပ်ထပ်တိုးလာတယ်။ ကျွန်တော်တို့ဒေသထဲကို လူတွေ ထပ်ထပ်တိုးလာတယ်။ ဒီကနေ့အထိတော့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးဖို့ အခြေအနေ ဘာမှမရှိသေးပါဘူး။ အခုဟာက အောက်ခြေမှာ တက်လာတဲ့ RCSS အကုန်လုံးက မြန်မာ့တပ်မတော်နဲ့ အတူတူ ပူးပေါင်းဆောင်ရွက်နေတဲ့ အပိုင်းတွေဖြစ်တယ်လေ။ ကျွန်တော်တို့ အောက်ခြေတပ်ကိုလည်း ညွှန်ကြားထားတယ်။ RCSS အောက်ခြေကိုလည်း ကျွန်တော်တို့ ဘာမှယုံလို့မရဘူး။ အောက်ခြေအဆင့်မှာလည်း ဘာမှတွေ့ဆုံညှိနှိုင်းတာမျိုးကို ကျွန်တော်တို့ ခွင့်မပြုဘူး။ ဘာမှလည်း မရှိပါဘူး”ဟု ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲက ပြောကြားသည်။ 
 
RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက “ကျွန်တော်တို့ ဥက္ကဋ္ဌကတော့ ရှေ့တန်းတပ်အချင်းချင်း ပြဿနာဖြစ်နေကျတာ မတိုက်မခိုက်ရင် ကောင်းတယ်။ မတိုက်ဘူးဆိုရင် တိုက်ပွဲဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့က သူတို့ကို သွားတိုက်တာ မဟုတ်ဘူးဆိုပြီးတော့ ရှေ့တန်းတပ်မှူးတွေ အချင်းချင်း ညှိနှိုင်းခိုင်းပါတယ်”ဟု ဒီဇင်ဘာ ၁၉ ရက်က ပြောကြားသည်။
 
RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့်အဖွဲ့နှင့် UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်ချုပ် ဘီထူး ဦးဆောင်သည့် အဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံ၍ ရှမ်းပြည်နယ်အတွင်း၌ RCSS နှင့် UNFC အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှု၊ RCSS နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့အကြား စစ်ရေးတင်းမာနေမှုကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
 
ွRCSS နှင့်TNLAတို့အကြား နယ်မြေအငြင်းပွားမှုကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့်  နိုဝင်ဘာလကုန်ပိုင်းမှ လက်ရှိအချိန်အထိ တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုအပေါ် ကန့်ကွက်ကြောင်း  နှစ်ဖက်စလုံးက အပြန်အလှန် ထုတ်ပြန်ခဲ့သည်။ 
 
ွRCSS အဖွဲ့သည် အစိုးရတပ်ဖွဲ့များ၏ အကူအညီဖြင့် တပ်များတိုးချဲ့ခြင်း ဆက်တိုက်ပြုလုပ်လာသည်ဟု TNLA အဖွဲ့၏ ပြောဆိုထုတ်ပြန်မှုများနှင့် ပတ်သက်၍ RCSS/SSA ဘက်က ငြင်းဆိုထားပြီး အစိုးရတပ်မတော်မှ ပါဝင်ကူညီနေသည်ဆိုခြင်းမှာ မဟုတ်ဟု RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလ ပြောဆိုထားသည်။ 
 

Most Read

Most Recent