သမ္မတကြီးဆိုသည့် စာသားပါ ကဗျာအား ရေးသားခဲ့သည့် မောင်ဆောင်းခ၏ အမှုကို ဒီဇင်ဘာ ၁၇ ရက်တွင် ရွှေပြည်သာမြို့နယ် တရားရုံး၌ စစ်ဆေးခဲ့ပြီး ယင်းရုံးချိန်၌ တရားစွဲဆိုခံထားရသူ မောင်ဆောင်းခအား ပုဒ်မ ၅၀၅(ခ) ဖြင့် တရားလို ရဲမှူးသိန်းဝင်းက ထပ်မံ၍ တရားစွဲ ဆိုခဲ့ကြောင်းသိရသည်။ မောင်ဆောင်းခကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုထားရာမှ ပုဒ်မ ၅၀၅(ခ)ဖြင့် ထပ်တိုး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၁၇ ရက် ရုံးချိန်းတွင် တရားလိုဖြစ်သူ ရဲမှူးသိန်းဝင်းအား နှစ်ဖက်ရှေနေများက အပြန်အလှန် မေးမြန်း စစ်ဆေးခဲ့ကြသည်။ ထိုသို့ မေးမြန်းရာတွင် တရားစွဲ ဆိုခံထားရသူ၏ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က မောင်ဆောင်းခ၏ ပုံရိပ် ကဗျာတွင် သမ္မတကြီးဟုသာ ပါဝင်သည်ကို တရားလို ရဲမှူးသိန်းဝင်းက "နိုင်ငံတော်သမ္မတကြီး"ဟူ၍ အသုံးအနှုန်းဖြင့် အမှုတည်ဆောက်ခဲ့ သဖြင့် နိုင်ငံတော်အစိုးရ နိုင်ငံတော်အကြီအကဲများနှင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်တို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် တရားလိုကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၂၄(က) အရ အရေးယူပေးပါရန် ရွှေပြည်သာမြို့နယ် တွဲဖက်တရားသူကြီးအား လျှောက်ထားခဲ့ကြောင်း သိရသည်။















