မြန်မာနိုင်ငံ အနေဖြင့် လူသား ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံများ စာရင်းတွင် ရှိနေသေးပြီး ပိုမိုဖွံ့ဖြိုးမှု ရရှိရန် ပညာရေးနှင့် လူမှုဖူလုံရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်နေကြောင်း UNDP ဌာနေညှိနှိုင်းရေးမှူး ပြောကြား

မြန်မာနိုင်ငံ အနေဖြင့် လူသား ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံများ စာရင်းတွင် ရှိနေသေးပြီး ပိုမိုဖွံ့ဖြိုးမှု ရရှိရန် ပညာရေးနှင့် လူမှုဖူလုံရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်နေကြောင်း UNDP ဌာနေညှိနှိုင်းရေးမှူး ပြောကြား
Published 16 December 2015
ဇော်ဝေ

မြန်မာနိုင်ငံ အနေဖြင့် လူသားဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံများ စာရင်းတွင် ရှိနေပြီး ပညာရေးနှင့် လူမှုဖူလုံရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်နေကြောင်း UNDP ဌာနေ ညှိနှိုင်းရေးမှူး မစ္စရီနားတားဒက်ဇဲလ် လီယန်က ပြောကြားသည်။ရန်ကုန်မြို့ တာမွေမြို့နယ် နတ်မောက်လမ်းရှိ UN ရုံးတွင် ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်သည့် ‘လူသားဖွံ့ဖြိုးမှု အစီရင်ခံစာ၊ ၂၀၁၅’ ထုတ်ပြန်သည့် အခမ်းအနားတွင် မစ္စရီနားတား ဒက်ဇဲလ်လီယန်က ပြောကြားခြင်းဖြစ်သည်။“မြန်မာနိုင်ငံမှာရှိတဲ့ လုပ်သားအင်အားစုဟာ လျင်မြန်စွာ ပွင့်လင်းလာတဲ့ စီးပွားရေး လုပ်ငန်းကဏ္ဍရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိပြီး ကမ္ဘာ့စီးပွားရေး လောကရဲ့ ပြောင်းလဲနေတဲ့ ဝယ်လိုအားများနှင့် လိုက်လျော့ညီထွေဖြစ်အောင် ပြင်ဆင်ညှိနှိုင်းနိုင်ဖို့ အစိုးရအနေနဲ့ နည်းပညာကျွမ်းကျင်မှု သင်တန်းများ၊ ပညာရေးနှင့် လူမှုဖူလုံရေးတွေမှာ မဟာဗျူဟာကျ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်သွားဖို့ လိုအပ်ပါတယ်” ဟု မစ္စဒက်ဇဲလ်လီယန်က ပြောကြားသည်။ဆက်လက်ပြီး ၎င်းက “မြန်မာနိုင်ငံဟာ လူသားဖွံ့ဖြိုးတိုးတက်မှုမှာ အောင်မြင်မှုများ ရရှိနေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် မကြာသေးမီ နှစ်များအတွင်းမှာ တိုးတက်မှု ရရှိလာခြင်း ဖြစ်ပါတယ်။ သို့သော်လည်း နည်းပညာ ကျွမ်းကျင်မှု သင်တန်းများနဲ့ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ပြုလုပ်ခြင်းက တိုင်းပြည်လူသား ဖွံ့ဖြိုးမှု အလားအလာကို အပြည့်အ၀ ဖွင့်ထုတ်ပေးနိုင်ပါလိမ့်မယ်” ဟု ပြောကြားသည်။မြန်မာနိုင်ငံ အနေဖြင့် လူသားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း (HDI) ၀ ဒသမ ၅၃၆ ရှိပြီး ကမ္ဘာ့နိုင်ငံများနှင့် နယ်ပယ်ဒေသပေါင်း ၁၈၈ ခုတွင် ၁၄၈ နေရာ၌ရှိပြီး လူသားဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် အုပ်စု ပါဝင်ကြောင်း သိရသည်။ အာဆီယံဒေသတွင်း နိုင်ငံများတွင် မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း လာအိုနိုင်ငံနှင့် ခုနစ်ဆင့်အကွာ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ငါးဆင့်အကွာတွင်ရှိပြီး အနိမ့်ဆုံးဖြစ်ကြောင်း သိရသည်။၁၉၈၀ ပြည့်နှစ်နှင့် ၂၀၁၄ ခုနှစ်ကြားတွင် မြန်မာနိုင်ငံ၏ HDI တန်ဖိုးသည် ၀ ဒသမ ၀၃၄ မှ ၀ ဒသမ ၅၃၆ သို့ တိုးတက်လာကြောင်း၊ ထိုကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှမျှော်မှန်း အသက်သည် ၁၀ ဒသမ ၉ နှစ်သို့ တိုးတက်လာကြောင်း၊ ကျောင်းနေသည့် မျှော်မှန်းနှစ် ၂ ဒသမ ၆ နှစ် တိုးတက်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။လူသားဖွံ့ဖြိုးမှု အညွှန်းကိန်းကို တွက်ချက်ရာတွင် ပါဝင်သည့် လူတစ်ဦးချင်းထုတ်လုပ်မှု ဝင်ငွေ၊ မျှော်မှန်းအသက်တိုးတွင် တိုးတက်မှု ရှိလာသော်လည်း ပညာရေးမှာ တိုးတက်မှု အနည်းဆုံး ဖြစ်ခဲ့ပြီး လူသားဖွံ့ဖြိုးမှု အလယ်အလတ် အဆင့်သို့ ရောက်ရှိလာရန် ပညာရေးမှာ အရေးကြီးကြောင်း မစ္စဒက်ဇဲလ်လီယန်က ပြောကြားသည်။ 

Most Read

Most Recent