အခွန်ဆောင်ထားမှု ပြသနိုင်မှသာ ဖရီးပါမစ်ဖြင့် ကားသွင်းခွင့်ရမည့်အချက် အပါအဝင် ၂၀၁၆ ခုနှစ်အတွင်း မော်တော်ယာဉ် တင်သွင်းမှုများအတွက် စည်းမျဉ်းများ အပြီးသတ်အတည်ပြု

အခွန်ဆောင်ထားမှု ပြသနိုင်မှသာ ဖရီးပါမစ်ဖြင့် ကားသွင်းခွင့်ရမည့်အချက် အပါအဝင် ၂၀၁၆ ခုနှစ်အတွင်း မော်တော်ယာဉ် တင်သွင်းမှုများအတွက် စည်းမျဉ်းများ အပြီးသတ်အတည်ပြု
Published 15 December 2015

မိမိတင်သွင်းလိုသည့် ကားတန်ဖိုးဖြင့် လျော်ညီစွာ အခွန်ပေးဆောင်ထားမှု ပြသနိုင်မှသာ ဖရီးပါမစ်ဖြင့် ကားတင်သွင်းခွင့် ပြုတော့မည့်အချက် အပါအဝင် ၂၀၁၆ ခုနှစ်အတွင်း မော်တော်ယာဉ် တင်သွင်းမှုများ အတွက် စည်းမျဉ်းများကို အပြီးသတ် အတည်ပြုပြီး ဖြစ်သည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။
၂၀၁၆ ခုနှစ်အတွင်း မော်တော်ယာဉ် တင်သွင်းရာတွင် ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး ပြန်လည် တင်သွင်းမှုများ အတွက် အိမ်စီးကား ဆိုပါက ၂၀၀၆ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အတွင်း တင်သွင်းရမည်ဖြစ်ပြီး “ဘယ်မောင်း ညာမောင်း” မခွဲခြားဘဲ တင်သွင်းရန် သတ်မှတ်ပေးထားကြောင်း သိရသည်။
ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး ကုန်တင်ယာဉ်၊ ခရီးသည်တင် ယာဉ်များတင် သွင်းမည်ဆိုပါက ၂၀၀၆ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အတွင်း တင်သွင်းရန် သတ်မှတ်ထားပြီး “ဘယ်မောင်း” ကားများသာ တင်သွင်းရန် သတ်မှတ်ထားသည်ဟု သိရသည်။
လက်ရှိတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဖရီးပါမစ်ဖြင့် ကားတင်သွင်းခွင့် ရှိသော်လည်း ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ထိုသို့ ရရှိတော့မည် မဟုတ်ဘဲ မိမိတင်သွင်းမည့် ကားတန်ဖိုးဖြင့် လျော်ညီသည့် အခွန်ပေးဆောင် ထားမှုကို ပြသနိုင်မှသာ ဖရီးပါမစ်ဖြင့် တင်သွင်းခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။
အခွန်ပေးဆောင်ထားမှု ပြသပြီး ဖရီးပါမစ်ဖြင့် တင်သွင်းရာတွင်လည်း ၂၀၁၄ မော်ဒယ်မှ ၂၀၁၆ ခုနှစ်အတွင်းမော်ဒယ် ကားများကိုသာ တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး “ဘယ်မောင်း” ကားများသာ တင်သွင်းခွင့်ပြုမည်ဟု သိရသည်။
အခွန်ပေးဆောင်ထားမှု ပြသပြီး ဖရီးပါမစ်ဖြင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် တင်သွင်းလိုသူများ သည်လည်း ၂၀၁၄ မော်ဒယ်မှ ၂၀၁၆ မော်ဒယ်အတွင်းရှိ “ဘယ်မောင်း” ကားများကိုသာ တင်သွင်းရန် သတ်မှတ်ထားကြောင်း သိရသည်။
ယခု သတ်မှတ်ချက်များအတိုင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ တင်သွင်းရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ယခု သတ်မှတ်ချက်များကို ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ကော်မတီအဆင့်သို့ တင်ပြပြီး ဖြစ်ကြောင်းနှင့် ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent