ကတ်အတုများဖြင့် ATM စက်များမှ ငွေလိမ်ထုတ်ခဲ့သည့် ဘူလ်ဂေးရီးယား နိုင်ငံသားအမှု CID မှ ကိုင်တွယ်စစ်ဆေးမည်

ကတ်အတုများဖြင့် ATM စက်များမှ ငွေလိမ်ထုတ်ခဲ့သည့် ဘူလ်ဂေးရီးယား နိုင်ငံသားအမှု CID မှ ကိုင်တွယ်စစ်ဆေးမည်
Published 14 December 2015
အောင်မျိုးသန့်၊သီဟအောင်

ကတ်အတုများဖြင့် ATM စက်များမှ ငွေလိမ်ထုတ်ခဲ့သည့် ဘူလ်ဂေးရီယားနိုင်ငံသား အမှုကို  မှုခင်းတပ်ဖွဲ့ (CID) မှ ကိုင်တွယ် စစ်ဆေး သွားမည်ဖြစ်ကြောင်း အမှတ် (၆)မှုခင်းတပ်ဖွဲ့(CID)မှ ရဲမှူးမိုးအောင်က ဒီဇင်ဘာ ၁၄ ရက်က  ပြောကြားသည်။
“ဒီဖြစ်စဉ်က ATM စက်များကနေ ငွေထုတ်ကတ် အတုတွေနဲ့ ငွေထုတ်ခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့လို့ နည်းပညာပိုင်းဆိုင်ရာတွေ ပါလာတဲ့အတွက် ကျွန်တော်တို့မှုခင်းတပ်ဖွဲ့ (CID) မှ ဒီဖြစ်စဉ်ကို စတင်ကိုင်တွယ် စစ်ဆေးသွားမှာပါ “ဟု ၎င်းက ဆိုသည်။
ယင်းအမှုဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက်တွင် ကမ္ဘောဇဘဏ် ATM ကတ်ဌာနတွင် ငွေလဲလှယ်/ဖြည့်တင်းသည့် ဝန်ထမ်းဖြစ်သူ ကို..... (၂၅)နှစ်သည် လှည်းတန်း စိန်ဂေဟာရှေ့နှင့် လှည်းတန်းစင်တာရှေ့တွင် ရှိသည့် ATM စက်များရှေ့တွင်  TK.MAXX တစ်ကတ်စီ တွေ့ရှိသဖြင့် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ လက်ထောက်မန်နေဂျာအား အကြောင်းကြားခဲ့ကြောင်း ၊ ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ လက်ထောက်မန်နေဂျာမှ ယင်းကတ်နှစ်ကတ်အား IT ဌာနတွင် စစ်ဆေးရာ  ဗီဇာကတ် Data များတွေ့ရှိခဲ့ ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ထိုသို့ စစ်ဆေးချက်များအရ နိုဝင်ဘာ ၈ရက် ၃ နာရီကျော်ခန့်တွင် လှည်းတန်းစင်တာရှိ ATM စက်နှင့် လှည်းတန်းစိန်ဂေဟာရှေ့ရှိ ATM စက်တို့တွင် ဘူလ်ဂေးရီးယားနိုင်ငံသား တစ်ဦးမှ VISA ကတ်အတု၊ MASTRO ကတ်အတုနှင့်  MASTER ကတ်အတုတို့ဖြင့် စုစုပေါင်းငွေ ၁၈ သိန်းအား ထုတ်ယူသွားခဲ့ကြောင်း သိရသည်။
ယင်းဘူလ်ဂေးရီးယားနိုင်ငံသားအား ဒီဇင်ဘာ ၁၁ ရက်၊ နံနက်ပိုင်းတွင် ကျောက်တံတားမြို့နယ်ရှိ  City Star Hotel အခန်းအမှတ် (၄၀၃) တွင် ငွေကျပ် (၄၉၂)သိန်းကျော်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ငွေခိုးထုတ်ယူသွားတဲ့ ဘူလ်ဂေးရီးယား နိုင်ငံသားက တခြား ငွေထုတ်စက်တွေမှာလည်း ငွေတွေ ထုတ်ယူသွားတာရှိတယ်။ ဒီအမှုက  နည်းပညာပိုင်းဆိုင်ရာတွေ ပိုမိုကျယ်ပြန့်လာတဲ့အတွက် အထက်က စီအိုင်ဒီကို လွှဲပေးဖို့ ညွှန်ကြားတာပါ။ ဒီဇင်ဘာ ၁၄ ရက်မှာ ဒီအမှုကိုလွှဲပြောင်းဖို့ စီစဉ်နေပါတယ်”ဟု ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၄ ရက်က ပြောကြားသည်။
အဆိုပါ ဘူလ်ဂေးရီးယားနိုင်ငံသား အား ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ပြီး ကမာရွတ်မြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် (ပ) ၄၉၆/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၈၀/၄၆၈ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။