ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် (၂၉၈) အနီးတွင် ခရီးသည်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ခရီးသည် (၁၅)ဦး ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် (၂၉၈) အနီးတွင် ခရီးသည်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ခရီးသည် (၁၅)ဦး ဒဏ်ရာရရှိ
Published 14 December 2015
ဝဏ္ဏ(မိတ္တီလာ)

 ဒီဇင်ဘာ(၁၄)ရက်နေ့ မနက်လေးနာရီကျော်က ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် (၂၉၈ )အနီးတွင် ခိုင်မန္တလေး ခရီးသည်တင်ကား တိမ်းမှောက်ခဲ့ရာ ခရီးသည်(၁၅)ဦးဒဏ်ရာရရှိကြောင်း မိတ္တီလာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ နှင့် သီးကုန်း မီးသတ်တပ်ဖွဲ့မှ သိရှိရသည်။
ဒီဇင်ဘာ(၁၄)ရက်နေ့ မနက် (၄)နာရီကျော်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂၉၈/၆)အနီးတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော  ခိုင်မန္တလေး ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ သံဃာတော်တစ်ပါး အပါအဝင် ခရီးသည် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မိတ္တီလာ ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသနေရကြောင်း သိရှိရသည်။
”ကျွန်တော်တို့ဆီကို မနက်လေးနာရီကျော်က ကား မတော်တဆ ဖြစ်တဲ့ သတင်းရောက်လာတယ်၊ကျွန်တော်တို့ သွားတော့ ကားက လမ်းဘေးမှာ လဲနေတယ်၊ ခရီးသည်တွေတော့ အများကြီးပါတယ်၊ ဒဏ်ရာရတာတော့ ခရီးသည် (၁၅)ဦး ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့သူတွေကို ကြက်ခြေနီကား၊ရဲကားပေါင်းပြီး မိတ္တီလာ ပြည်သူ့ဆေးရုံကြီးကို ပို့လိုက်တယ်၊ဒဏ်ရာ အခြေအနေကတော့ ပခုံးရိုးကြိုးတာပါမယ်၊ ခါးနာတာ ဇာတ်နာတာ ပါတယ်၊ပွန်းပဲ့ ပေါက်ပြဲ ဖူးယောင် ဒဏ်ရာတွေပါတယ်၊  မိတ္တီလာပြည်သူ့ဆေးရုံကြီးကနေတဆင့်မန္တလေး ပြည်သူ့ဆေးရုံကို အမျိုးသမီးတစ်ဦး ထပ်လွှဲတယ်၊ ”ဟု မိတ္တီလာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ဒုတိယ တပ်ရင်းမှုး ဦးနေဦးမှ ပြောပြသည်။
"ကျွန်တော်တို့ ကားဖြတ်မောင်းလာတော့ ကားမှောက်တဲ့နေရာမှာ ရဲတွေနဲ့ ကြက်ခြေနီတွေ ရောက်နေပြီ၊ ကားကလဲ လမ်းပေါ်မှာ လဲနေတယ်၊ ခရီးသည်တွေလည်း တော်တော် ထိတ်လန့်နေတာ တွေ့ရတယ်၊ ကားအကူအညီ လိုအပ်လားမေးပြီး ဆက်ထွက်လာခဲ့တယ်၊ အသေအပျောက်တော့မရှိဘူး၊ ခရီးသည်တွေတော့ ကားမှောက်တော့ တော်တော် ထိတ်လန့်နေတယ်၊” ဟု ကားမှောက်မှု့ကို မြင်တွေ့ခဲ့သော ခရီးသွားတစ်ဦးမှ ပြောပြသည်။
အဆိုပါယာဉ်တိုက်မှု့နှင့် ပတ်သတ်၍ သီးကုန်းရဲတပ်ဖွဲ့ ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းရာ နေပြည်တော်သို့  ဆက်သွယ်မေးမြန်းရန် ပြောကြားခဲ့ပြီး ကားဆွဲရန် အမြန်လမ်းမသို့ ရောက်ရှိနေသဖြင့် နောက်မှ ပြန်ဆက်သွယ်ရန် ဖြေကြားခဲ့သည်။

Most Read

Most Recent