ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုအတွက် နှစ်ထပ်လမ်းများ ဆောက်လုပ်ရန် စီစဉ်နေသည့်အတွက် အချို့နေရာများတွင် ခုံးကျော်တံတားဆောက်လုပ်မည့် စီမံကိန်းများမှာ လိုအပ်တော့မည်မဟုတ်ကြောင်း ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူအချို့က သုံးသပ်သည်။
ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်းမှ ပုဇွန်တောင်ရေကျော်၊ ထိုမှတစ်ဆင့် သုဝဏ္ဏလမ်းဆုံ၊ ယင်းမှ ဝေဇယန္တာလမ်းကို ဖြတ်သန်းကာ မြောက်ဥက္ကလာပ၊ ယင်းမှ အမှတ် ၃ လမ်းဆုံ အထိ နှစ်ထပ်လမ်းစီမံကိန်းကို ရန်ကုန်မြို့တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
ယင်းသို့ နှစ်ထပ်လမ်းဖောက်လုပ်ရန် စီစဉ်နေသည့်အတွက် အချို့နေရာများသည် ခုံးကျော်တံတားများ ဆောက်လုပ်ရန် လိုအပ်တော့မည် မဟုတ်ကြောင်း၊ မလိုအပ်ဘဲ ဆောက်လုပ်လိုက်ပါက နှစ်ထပ်လမ်းများ ဆောက်လုပ်သည့်အခါ ခုံးကျော်တံတားများက အဟန့်အတားများဖြစ်ပေါ်လာနိုင်ဟု ရန်ကုန်မြို့ ပြရေးရာ ကျွမ်းကျင်သူအချို့ ဆိုကြသည်။
ဥပမာအနေဖြင့် လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြောက်ဥက္ကလာပအဝိုင်းလမ်းဆုံတွင် ခုံးကျော်တံတားဆောက်လုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အထူးစီမံကိန်းလုပ်ငန်းအနေဖြင့် လျာထားရာ နှစ်ထပ်လမ်းများမှာလည်း မြောက်ဥက္ကလာပကို ဖြတ်သန်းဆောက်လုပ်မည်ဖြစ်သောကြောင့် မြောက်ဥက္ကလာပအဝိုင်း လမ်းဆုံခုံးကျော်တံတားမှာ ဆောက်လုပ်ရန် လိုအပ်တော့မည်မဟုတ်ကြောင်း သိရသည်။
အဆိုပါ ခုံးကျော်တံတားဆောက်လုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘဏ္ဍာငွေကျပ် ၁၆ ဒသမ ၄၅ ဘီလျံကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်ပြ တောင်းခံခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်သည်။
“စင်ကာပူမှာဆို မိုးပျံလမ်းတွေက အဝေးပြေးလမ်းပုံစံမျိုးတွေ ဆောက်ထားတာ အရမ်းကောင်းတယ်။ ဒါကို ရန်ကုန်မှာလည်း ဘယ်လောက်အတိုင်းအတာအထိ အကောင်အထည်ဖော်နိုင်မလဲ။ တကယ်လို့သာ မိုးပျံစ်နှစ်ထပ်လမ်း၊ သုံးထပ်လမ်းတွေ အကောင်အထည်ဖော်မယ်ဆိုရင် ခုံးကျော်တံတားတွေက မလိုအပ်တော့ဘူး။
ရန်ကုန်မှာ နှစ်ထပ်လမ်းတွေ ဆောက်မယ်လို့ ကျွန်တော်တို့လည်း ကြားပါတယ်။ မြောက်က္ကလာပဘက်က ဖြတ်သွားမယ်လို့လည်း သိရတယ်။ အဲဒီလိုဆိုရင် မြောက်ဥက္ကလာပအဝိုင်းမှာ ခုံးကျော်တံတား ဆောက်မယ်ဆိုတာ လုံးဝမလိုအပ်တော့ဘူး။ အဲဒီနေရာက အရမ်းလည်း ကားမကျပ်ဘူးလေ” ဟု ရန်ကုန်မြို့ပြရေးရာကျွမ်းကျင်သူ ဦးကျော်က ပြောကြားသည်။
မြောက်ဥက္ကလာပအဝိုင်းလမ်းဆုံသည် ကျောက်ရေတွင်း ခုံးတံတားဆင်းဖြစ်သောကြောင့် ယင်းနေရာတွင် ခုံးကျော်တံတား ထပ်မံဆောက်လုပ်မည်ဆိုပါက ခုံးတံတားနှစ်စင်း မှာ များစွာ နီးကပ်နေမည်ဖြစ်သည်။
ယင်းသို့ ရေတိုဖြေရှင်းနည်းဖြစ်သည့် ခုံးကျော်တံတားများသည် နောက် နှစ်ထပ်လမ်းများ ဆောက်လုပ်သည့်အခါ လိုအပ်တော့မည်မဟုတ်သဖြင့် နောင် ထပ်မံဆောက်လုပ်မည့် ခုံးကျော်တံတား စီမံကိန်းများကိုလည်း ပြန်လည်စဉ်းစားသင့်ကြောင်း သုံးသပ်နေကြသည်။
“နှစ်ထပ်လမ်းတွေဆောက်တဲ့အခါ အခု ခုံးကျော်တံတားတွေက မလိုအပ်တော့ဘူးလေ။ နှစ်ခါကုန်တာပေါ့။ ဒီတံတားတစ်စင်းအတွက် ငွေကျပ် ၁၆ ဘီလျံ (ကျပ်သန်း ၁၆၀၀၀) လောက်ကုန်မှာ။ ဒါ မနည်းဘူး။ ပြီးတော့ နှစ်ထပ်လမ်းတွေလာလို့ရှိရင် ဒီခုံးကျော်တံတားတွေက အဟန့်အတားဖြစ်နိုင်တယ်။ ခုံးကျော်တံတားတွေကို ထပ်ကျော်ပြီး ဆောက်ရမယ့်သဘော ရှိတယ်”ဟု ဦးကျော်က ဆက်လက်ပြောကြားသည်။
အလားတူ လာမည့်ဘဏ္ဍာနှစ်တွင် ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းဆုံတွင် ခုံးကျော်တံတားကိုလည်း ဆောက်လုပ်မည်ဖြစ်ရာ ယင်းအတွက် ငွေကျပ် ၁၅ ဒသမ ၇၅၀ ဘီလျံကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တောင်းခံထားသည်။ သို့ဖြစ်ရာ အဆိုပါခုံးကျော်တံတားသည်လည်း နှစ်ထပ်လမ်းစီမံကိန်းနှင့် ငြိစွန်းမှု ရှိ မရှိ ပြန်လည်စဉ်းစားရန်လိုပြီး မလိုအပ်ပါက မဆောက်လုပ်သင့်ကြောင်း သုံးသပ်နေကြသည်။
သို့ဖြစ်ရာ မြောက်ဥက္ကလာပအဝိုင်းလမ်းဆုံ ခုံးကျော်တံတားနှင့် ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းဆုံ ခုံးကျော်တံတားနှစ်စင်း စုစုပေါင်းလိုက်ပါက ငွေကျပ် ၃၂ ဒသမ ၂ ဘီလျံ (ကျပ်သန်း ၃၂၀၀၀) ဖြစ်သောကြောင့် ပြန်လည်စဉ်းစားသင့်ပြီး ယခုငွေကြေးများကို အခြားအကျိုးရှိသည့်နေရာတွင် ပြန်လည်အသုံးချခြင်း (သို့မဟုတ်) နှစ်ထပ်လမ်းစီမံကိန်း ဆောက်လုပ်မှုတွင် ထည့်သွင်းအသုံးပြုသင့်သည်ဟုလည်း သုံးသပ်နေကြသည်။
ထို့ပြင် ယခုအစိုးရသက်တမ်း ငါးနှစ်အတွင်း ရန်ကုန်မြို့တွင် လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်နှင့် မြေနီကုန်းခုံးကျော်တံတား လေးစင်းကို ဆောက်လုပ်ခဲ့ပြီး လက်ရှိ ဆောက်လုပ်နေသည့် တာမွေအဝိုင်း လမ်းငါးခွဆုံ၊ ကုက္ကိုင်း၊ ရှစ်မိုင်ခုံးကျော်တံတား သုံးစင်းနှင့်ဆိုပါက စုစုပေါင်းခုံးကျော်တံတား ခုနစ်စင်းအား ငွေကျပ် ၁၃၆ ဘီလျံကျော် (ကျပ်သန်း ၁၃၆၀၀၀ ကျော်) သုံးစွဲခဲ့ပြီးဖြစ်သည်။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုအတွက် နှစ်ထပ်လမ်းများဆောက်လုပ်ရန် စီစဉ်ထား၍ အချို့နေရာများတွင် ခုံးကျော်တံတားများ ဆောက်လုပ်ရန် မလိုအပ်ဟု မြို့ပြရေးရာ ကျွမ်းကျင်သူအချို့ သုံးသပ်















