အမှိုက်ကောက်လှုပ်ရှားမှု ဒေသအနှံ့တွင် ပြုလုပ်

အမှိုက်ကောက်လှုပ်ရှားမှု ဒေသအနှံ့တွင် ပြုလုပ်
Published 13 December 2015

NLD ပါတီဝင်များ၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ ပြည်သူတို့ စုပေါင်းကာ အမှိုက်ကောက်လှုပ်ရှားမှုကို  မြန်မာပြည်တစ်ဝန်း ဒေသအနှံ့တွင် ပြုလုပ်ခဲ့ကြသည်ကို စုစည်းဖော်ပြအပ်ပါသည်။
 
■ ကော့သောင်းမြို့နှင့် ဘုတ်ပြင်းမြို့တို့တွင် စုပေါင်း အမှိုက်ကောက်
 
မြန်မာပြည် ပြန်လည်ထူထောင်ရေး (ကော့သောင်း) အမှိုက်ကောက်အဖွဲ့တို့ ပူးပေါင်းကာ ကော့သောင်းမြို့ အမှိုက်ကောက်အဖွဲ့သည် ကော့သောင်းမြို့ရှိ ရှင်ကြီးမော်လမ်းတစ်လျှောက်နှင့် မြရည်ပုလဲ လမ်းတစ်လျှောက်တို့တွင် ပူးပေါင်းပါဝင် အင်အား ၄၀ ကျော်ဖြင့် စုပေါင်းလှုပ်ရှား အမှိုက်ကောက်ခြင်းကို မြို့နယ် NLD ရုံးရှေ့အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
 
ဘုတ်ပြင်မြို့ရှိ NLD အမှိုက်ကောက်အဖွဲ့သည် ကလန်းချောင်းအောက်လိပ်နှင့် ချောင်းကသျှစ်ရွာများရှိ စာသင်ကျောင်း သုံးကျောင်းနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်းတို့တွင် ကျေးရွာအဖွဲ့များနှင့် ပူးပေါင်းကာ စုပေါင်းအမှိုက်ကောက်ခဲ့ကြပြီး နောက်တစ်နေ့တွင် ဘုတ်ပြင်းမြို့ပေါ် ရပ်ကွက်များ၌ ထပ်မံ၍ စုပေါင်းအမှိုက်ကောက်ခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
■ တောင်ငူမြို့လယ်ကောင် မီးရထားသံလမ်းတစ်လျှောက် ကေတုမတီ စုပေါင်းပရဟိတအဖွဲ့စုပေါင်း အမှိုက်ကောက်
 
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဒီဇင်ဘာ ၁၂ ရက်က တောင်ငူမြို့လယ်ကောင်ရှိ ရန်ကုန်-မန္တလေး မီးရထားသံလမ်းတစ်လျှောက် စုပေါင်းအမှိုက်ကောက်ခြင်း၊ အပင်ကြီးများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ကောက်ယူပြီးသည့် အမှိုက်များအား မီးရှို့ခြင်း၊ ကားများဖြင့် စနစ်တကျ သယ်ပို့ရှင်းလင်းခြင်းတို့အား နံနက် ၈ နာရီခွဲခန့်မှ စတင်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
 
“လက်ရှိ အမေစုရဲ့ အမှိုက်ကောက်တဲ့ ပေါ်လစီကိုရောပေါ့၊ အဲဒါလေးကိုလည်း ကျွန်တော်တို့ ပရဟိတ ပြည်သူတွေက ဖြည့်ဆည်းပေးချင်လို့ ဒီနေ့ကို ကျွန်တော်တို့ ပရဟိတအနေနဲ့ ပူးပေါင်းပြီး အမှိုက်ကောက်တာပါ၊ မနက်ဖြန် ၁၃ ရက်မှာ တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်မယ့် မြို့နယ်လုံးကျွတ် အမှိုက်ကောက်တဲ့ အစီအစဉ်မှာလည်း ကျွန်တော်တို့ ကေတုမတီ စုပေါင်းပရဟိတအဖွဲ့ကလည်း ပူးပေါင်းပါဝင်ပြီး အမှိုက်ကောက်သွားမှာပါ”ဟု ကေတုမတီ စုပေါင်းပရဟိတအဖွဲ့မှ ဆရာကိုသူရိန်က ပြောကြားသည်။
 
ကေတုမတီ စုပေါင်းပရဟိတအဖွဲ့တွင် တောင်ငူမြို့ပေါ်ရှိ ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား အမှိုက်ကောက်ရန် ညွှန်ကြားသည့် လမ်းစဉ်အား ထောက်ခံသဖြင့် အမှိုက်ကောက်ခြင်းဖြစ်ကြောင်း သိရသည်။
 
■ မြိတ်မြို့တွင် NLD ပါတီ ဦးဆောင်ပြီး အမှိုက်ကောက်
 
မြိတ်မြို့တွင် ဒီဇင်ဘာ ၁၂ ရက်မှ စတင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ပြီး အမှိုက်များ စတင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
 
NLD ၏အနိုင်ရ ကိုယ်စားလှယ်လောင်းများ ဦးဆောင်မှုနှင့်အတူ ပါတီဝင်များ၊ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် စည်ပင်ဝန်ထမ်းများ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
 
“ကျွန်တော်တို့ ဒီနေ့ မြို့နယ်ရုံးကနေ လူစုပြီး စတင်ထွက်ပါတယ်။ အ.ထ.က (၁) ကျောင်းအနီးမှာ စတင်ပြီး အမှိုက်ကောက်ပါတယ်။ အဓိကနေရာ ၂၄ နေရာလောက် ရွေးချယ်ထားပါတယ်။ တစ်ပတ်မှာ ဘယ်နှစ်ရက်ဆိုပြီး မသတ်မှတ်ထားပါဘူး။ ဆက်တိုက်လည်း လုပ်သွားမယ် ပြည်သူတွေလည်း နောက်ထပ် ပူးပေါင်းပြီး ပါဝင်လာမှာပါ မြို့ရွာများ သန့်ရှင်းသာယာဖို့ ရည်ရွယ်ပြီး NLD က ဦးဆောင်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု အနိုင်ရတိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက ပြောကြားခဲ့သည်။
 
မြိတ်မြို့တွင် အမှိုက်စွန့်ပစ်မှုကို လူစည်ကားသည့် နေရာများတွင် ပြုလုပ်လျက်ရှိပြီး စည်ပင်မှလည်း အမှိုက်ကားများ နည်းပါးမှုကြောင့် ရပ်ကွက်များအတွင်း အမှိုက်သိမ်းသည့် လုပ်ငန်းများဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း သိရသည်။
 
“ကျွန်တော်တို့အခု NLD ရဲ့ အမှိုက်ကောက်တဲ့လုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ပေးပါတယ် အမှိုက်ကားနှစ်စီးနှင့် ဝန်ထမ်းခြောက်ဦး ပါဝင်ခိုင်းထားပါတယ်။ အမှိုက်တွေကို ကားတွေနှင့် သတ်မှတ်ထားတဲ့နေရာတွေမှာ သွားရောက် စွန့်ပစ်ပေးပါတယ်။ ကျွန်တော်တို့ဆီမှာလည်း အမှိုက်ကားက နည်းပါတယ်။ လာမယ့် ဘဏ္ဍာနှစ်မှာတော့ အမှိုက်ကားအသစ် နှစ်စီး ထပ်မံဝယ်ယူဖို့ စီစဉ်ထားပါတယ်” ဟု မြိတ်မြို့နယ်စည်ပင် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မြိတ်မြို့တွင် အမှိုက် စတင်ရှင်းလင်းခြင်းကို ပြီးခဲ့သည့်အပတ်က “လမ်းစ”  ဆိုသည့် လူငယ်များအဖွဲ့က စတင်ဆောင်ရွက်ခဲ့ပြီး ယခု ဒီဇင်ဘာ ၁၂ ရက်တွင် NLD မှဆောင်ရွက်လာခြင်းဖြစ်ကာ နောက်ရက်များတွင် “လမ်းစ” အဖွဲ့နှင့် NLD ပူးပေါင်းပြီး မြို့ပေါ်တွင် အမှိုက်များ ဆက်တိုက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
 
■ ခင်ဦးမြို့တွင် NLD နှင့်ပူးပေါင်းကာ သန့်ရှင်းရေး ဆောင်ရွက်
 
ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဝန်းရံပြည်သူများ ပူးပေါင်းကာ မြို့တွင်းနေရာအနှံ့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၁၂ ရက် နံနက် ၈ နာရီမှ စတင်ကာ မွန်းတည့်ချိန်အထိ အမှိုက်သိမ်းခြင်းနှင့် ချုံနွယ်များ ရှင်းလင်းမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် စည်ပင်သာယာဌာနအနေဖြင့် အမှိုက်သိမ်းဆည်းခြင်း ပြုလုပ်လေ့မရှိသည့် နေရာများကို အဓိကထား ဆောင်ရွက်ခဲ့ကြောင်း လုပ်အားပေးဆောင်ရွက်ခဲ့သူများက ပြောကြားသည်။
 
“ဈေးတစ်ဝိုက်နဲ့ မြို့ရဲ့ နေရာအနှံ့မှာ ကျွန်မတို့ အမှိုက်ကောက်ပြီး သန့်ရှင်းရေးလုပ်ကြတာပါ။ ပါတီဝင်တွေထက် ဝန်းရံပြည်သူတွေနဲ့ ကျောင်းသားတွေက ပိုများပါတယ်။ မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေက ခုတော့ အမှိုက်တွေ ရှင်းသွားပြီပေါ့။ ဒါပေမဲ့ ကျွန်မတို့က အမြဲတမ်း ကိုယ့်မြို့ကိုယ် သန့်ရှင်းနေစေချင်တယ်။ စည်ပင်သာယာကလည်း ဒီနေ့မှာ သူတို့ရဲ့ အမှိုက်သိမ်းကားတွေနဲ့ ဝန်ထမ်းအချို့ကို အကူအညီပေးခဲ့ပါတယ်”ဟု ခင်ဦးမြို့နယ်မှ မအေးအေးအောင် က ဆိုသည်။
 
လူဦးရေ ၁၅၀ ခန့် ပါဝင်သည့် အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုကို ရေရှည်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ခင်ဦးမြို့ခံများက ပြောကြားပြီး မြို့နှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခြေခံအချက်ဖြစ်ကြောင်းလည်း ၎င်းတို့က သုံးသပ်ကြသည်။
 
“အမှိုက်ကောက်တဲ့ လှုပ်ရှားမှုက အပေါ်ယံ တွေးကြည့်မယ်ဆိုရင် ဘာမှမဟုတ်ဘူး ထင်ရပေမယ့် ကျွန်တော်တို့အနေနဲ့တော့ ဒါက အင်မတန်အရေးကြီးတယ်လို့ မြင်တယ်။ လူတွေရဲ့ ဝန်းကျင် သန့်ရှင်းသပ် ရပ်လာတာနဲ့အမျှ စိတ်လည်း ကြည်လင်လာမယ်။ ပြီးတော့အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်ခြင်းနဲ့ ကိုယ့်မြို့ကို ချစ်တဲ့စိတ်ရော၊ ကိုယ့်ဂုဏ်သိက္ခာကိုရော မြှင့်တင်နိုင်တယ်လို့ ယူဆပါတယ်။ ပြီးတော့ တစ်လျှောက်လုံး ညစ်ညမ်းတဲ့ဝန်းကျင်မှာ နေခဲ့ရတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် သန့်ရှင်းတဲ့ ဝန်းကျင်ဟာ ရုပ်ပိုင်းအပြင် စိတ်ပိုင်းဆိုင်ရာလည်း အများကြီး ပြောင်းလဲစေမယ်ထင်ပါတယ်။ တစ်ဆက်တည်းပဲပြောရရင် စည်ပင်သာယာအနေနဲ့ စနစ်ကျတဲ့ အမှိုက်သိမ်းစနစ်ကို ပြောင်းလဲစေချင်ပါပြီ” ဟု ခင်ဦးမြို့နယ် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးသာဒွန်းအောင် ပြောကြားသည်။
 
အမှိုက်ကင်းစင်ရေး လှုပ်ရှားမှုတွင် စတုဒိသာကျွေးမွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၃ ရက်တွင်လည်း ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံ၌ သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်သွားဦးမည် ဖြစ်သည်။
 
■ အောင်လံမြို့တွင် မြန်မာ့ရှေ့ဆောင်ဘဏ်ဝန်ထမ်းများ စတင် အမှိုက်ကောက်
 
မြန်မာ့ရှေ့ဆောင်ဘဏ်ဝန်ထမ်းများအနေဖြင့် ဒီဇင်ဘာ ၁၂ ရက်(စနေ)  နံနက် ၈ နာရီမှ စတင်ပြီး အောင်လံမြို့ ပြည်လမ်းဘေးဝဲယာတွင် အမှိုက်များ ကောက်ယူခဲ့ပြီး ယင်းအမှိုက်ကောက်မှုသည်  အောင်လံမြို့နယ်၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
 အနိုင်ရ NLD ပါတီအနေဖြင့်လည်း ဒီဇင်ဘာ ၁၃ ရက်တွင် အောင်လံမြို့မဈေးကြီး၌ အမှိုက်ကောက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
■ အင်းတော်မြို့တွင် NLD ပါတီ အမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်
 
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များ ဦးဆောင်ပြီး အင်အား ၄၀၀ ကျော်ဖြင့် ဒီဇင်ဘာ ၁၂ ရက်တွင် အမှိုက်ကောက် သန့်ရှင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
 
အင်းတော်မြို့ အမျိုးသားဒီမှိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံကိုယ်စားလှယ်များ ဦးဆောင်ပြီး ကျောင်းသားလူငယ်များ၊ လူငယ်ကွန်ရက်အသင်းဝင်များ စိတ်ပါဝင်စားသူ ဒေသခံများက စုပေါင်းပြီး အင်အား ၄၀၀ ကျော်သည် အင်းတော်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စတင်ကာ အင်းတော်ဘူတာအနီးဝန်းကျင်နှင့် အင်းတော်ပြည်သူ့ဆေးရုံတို့တွင် အမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
 
အင်းတော်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံကိုယ်စားလှယ် ဦးဘိုးသန်းညွန့်က “ပြည်သူတွေ လုပ်ချင်တဲ့အလုပ်ကနေစပြီးမှ ကိုယ်စားလှယ်တွေက လုပ်ပြရမယ်။ ပြည်သူတွေ လုပ်ချင်တဲ့အလုပ်ကို ကိုယ်စားလှယ်တွေ ဦးဆောင်ပြီးတော့ အဖွဲ့ဝင်တွေနဲ့ ရှေ့က ဦးဆောင်လုပ်ပြရမယ်လို့ ညွှန်ကြားချက်ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၃ ရက်ကို တစ်နိုင်ငံလုံးအနေနဲ့ အမှိုက်ကောက်တဲ့နေ့ဆိုပြီး သတ်မှတ်တယ် ” ဟု ပြောကြားသည်။
 
အင်းတော်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါက်တာပြုံးက “ကျောင်းသားလူငယ်တွေ ပါဝင်လာတာကတော့ အင်မတန်ကောင်းတဲ့ အလေ့အကျင့်တစ်ခုကို အစပျိုးလိုက်တာပါဘဲ။ ကလေးတွေ ကိုယ်တိုင်က ကိုယ်ပစ်ထားတဲ့ အမှိုက်ကို ဒီလိုမျိုး ပြန်ကောက်ရတဲ့အတွက် နောက်နောင်မှာလည်း စနစ်တကျ အမှိုက်စွန့်ပစ်တဲ့ ဓလေ့ကို သိသွားမယ်။ သူတို့ ကိုယ်တိုင်ကလည်း လိုလိုလားလား ပူးပေါင်းပါဝင်ကြတာပါ”ဟု ပြောကြားသည်။
 
■ ထားဝယ်ခရိုင်အတွင်း အမှိုက်ကောက်သန့်ရှင်းရေးလုပ်
 
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ NLD (ထားဝယ်)မှ ဦးဆောင်၍ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ၊ ပါတီဝင်များ၊ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများအပါအဝင် အင်အား ၅၀၀ ခန့်က ဒီဇင်ဘာလ ၁၂ ရက် နံနက်က ထားဝယ်မြို့ပေါ်ရှိ ကျန်းမာရေးလမ်း၊ ကြက်စားပြင်ရပ်ကွက်နှင့် ထားဝယ် အထွေထွေရောဂါကုဆေးရုံကြီးတို့တွင် အမှိုက်လိုက်လံကောက်ယူခြင်းနှင့် အိမ်သာများ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ချုံ နွယ်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အမှိုက်လိုက်လံကောက်ယူ ရှင်းလင်းရာ၌ ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များဖြင့် ပူးပေါင်းပါဝင်ခဲ့ကြပြီး ညနေပိုင်းတွင် ထားဝယ်မြို့ဈေးကြီးတွင် အမှိုက်ကောက်ယူမှုများ ပြုလုပ်ဦးမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက်တွင် မြို့ပေါ်ရပ်ကွက်များရှိ လမ်းများပေါ်တွင် အမှိုက်လိုက်လံကောက်ယူ သိမ်းဆည်းမည်ဟု သိရသည်။ ထို့အတူ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံ၊ သရက်ချောင်း နှင့် ရေဖြူမြို့နယ်တို့တွင်လည်း NLD ပါတီဝင်များနှင့် ဒေသခံများ ပူးပေါင်း၍ အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
 
■ တောင်ကြီးမြို့တွင် စုပေါင်းအမှိုက်ကောက်
 
ရှမ်းပြည်နယ်တောင်ပိုင်းမြို့တော်၊ တောင်ကြီးမြို့တွင် ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီမှ စတင်ကာ တောင်ကြီးမြို့ရှိ ပရဟိတအဖွဲ့များ၊ ကိုယ်ပိုင်ကျောင်းများနှင့် အထက်တန်းကျောင်းများမှ ကျောင်းသားများ၊ လုပ်ငန်းရှင်များနှင့် NLD ပါတီဝင်များ စသည့် အဖွဲ့အစည်းပေါင်း ၂၀ ကျော်ပါဝင်သော စုစုပေါင်းလူဦးရေ တစ်ထောင်ကျော်သော အင်အားစုက တောင်ကြီးမြို့အနှံ့ အမှိုက်ကောက်ခြင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
တောင်ကြီးမြို့ရှိ NLD ပါတီဝင်များ ၇၀ ခန့်မှ ထိုလှုပ်ရှားမှုတွင် အားဖြည့်ကူညီခဲ့ကြပြီး၊ ကမ္ဘောဇဘဏ် (၁) နှင့် (၂) တို့လည်း ပါဝင်ခဲ့ကြောင်း၊ ကိုယ်ပိုင်ကျောင်းများလည်း ပါဝင်ခဲ့ကြောင်း၊ အေးသာယာမြို့သစ်မှ ဗိုလ်အုန်းသီးအဖွဲ့က လူအင်အား ၃၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်းလည်း သိရသည်။ အဖွဲ့အစည်းတစ်ခုခုမှ အမှိုက်လိုက်ကောက်နေခြင်းဆိုသည်ထက် ၊ မြို့ခံများ အမှိုက်မပစ်ကြရန် ရည်ရွယ်၍ ထိုသို့ ကမ်ပိန်း ပြုလုပ်ခြင်းလည်းဖြစ်ကြောင်း သိရသည်။
 
“အစ်မတို့က အမှိုက်ရှိလို့ အမှိုက်ကောက်နေရတာပေါ့။ အမှိုက်ကို ဘယ်လိုထိန်းသိမ်းမလဲ။ လူတိုင်းရဲ့စိတ်ထဲမှာ ကိုယ့်အမှိုက်ကိုယ် စနစ်တကျလေး ထိန်းသိမ်းနိုင်မယ်ဆိုရင် အမတို့ အမှိုက်ကောက်စရာ မလိုတော့ဘူး။ ဒါလေးဖြစ်ဖို့ အစ်မတို့ အမှိုက်ကောက်ပြရတယ်။ လူတွေ စိတ်ဝင်စားလာမယ် ပူးပေါင်းလာမယ်ဆိုရင် ပညာပေးတွေ လုပ်မယ်။ ကိုယ့်အမှိုက် ကိုယ် ဘယ်လိုထိန်းမယ်။ တစ်ဆင့် ထပ်ပစ်လိုက်တဲ့ အမှိုက်တွေကို အစ်မတို့က စနစ်တကျလေးနဲ့ ထိန်းသိမ်းနိုင်ဖို့ လုပ်မလို့ စီစဉ်ထားတာပေါ့။ တောင်ကြီးမှာ အခုဆို အဖွဲ့ပေါင်းစုံ ပါဝင်လာတယ်။ နောက်ဆိုလည်း ဆက်လုပ်မယ် ပညာပေးတွေကအစ တောင်ကြီးမြို့မှာရှိတဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့နဲ့ စနစ်တကျလေး စွန့်ပစ်ပေးဖို့ ဒါလေး ပြောချင်ပါတယ်” ဟု တောင်ကြီးချယ်ရီ ချစ်သူများအဖွဲ့ (Living Earth Green Network) မှ မချယ်ရီကျော်က ပြောကြားသည်။
 
ဟိုပုံးအထွက် ကိုးနဝင်းတောင်နှင့် စူဠာမုနိဘုရားအထိ လူ ၁၀၀ ကျော်ပါသော ဖြူ စင်အဖွဲ့၊ ဗိုလ်ချုပ်ပန်းခြံမှ အထက(၁) တစ်ဝိုက်တွင် တောင်ကြီးချယ်ရီချစ်သူများအဖွဲ့မှ လည်းကောင်း၊ KBZ Fan အဖွဲ့နှင့် အေးသာယာမှ ဗိုလ်အုန်းသီးအဖွဲ့တို့ကလည်း ပါဝင်ခဲ့ပြီး၊ ရေထွက်ဦးမီးပွိုင့်တွင် မေတ္တာပျိုးခင်းနှင့် မောနင်းစတား မသန်စွမ်းအဖွဲ့မှ လည်းကောင်း၊ အရှေ့မြို့ပတ်လမ်း တစ်လျှောက်တွင် လည်းကောင်း၊ စဝ်စံထွန်းရပ်ကွက်တွင် (ဈေးပတ်လည်) နှင့် ဈေးမီးသွေးတန်းဘက်တွင်လည်း ဗိုလ်အုန်းသီးအဖွဲ့မှ လူအင်အား ၁၀၀ ခန့်ဖြင့် လည်းကောင်း၊ ပုဂ္ဂလိကကျောင်းများမှလည်း အရှေ့ဘက် တောင်ပတ်လမ်းကို လည်းကောင်း၊ ပညာရောင်ခြည်ကျောင်းမှလည်း ပညာရောင်ခြည်မှ ဝါးပြားအထိ လည်းကောင်း အနောက်မြို့ပတ်လမ်းတွင်လည်း ရှင်းလင်းခဲ့ပြီး NLD အဖွဲ့နှင့် တောင်ကြီးချယ်ရီချစ်သူများအဖွဲ့မှ ပူးပေါင်းကာ စဝ်စံထွန်းဆေးရုံကြီး ပတ်လည်တွင်လည်း ရှင်းလင်းခဲ့ကြောင်း သိရသည်။
 
“အမှိုက်ကို ခုလို အဖွဲ့ပေါင်းစုံ ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စကို အရမ်းပဲ ဝမ်းသာတယ်။ တခြားကိစ္စတွေမှာလည်း အမှိုက်မှ မဟုတ်ဘူး။ တခြားပြဿနာတွေမှာလည်း ဒီလိုပဲ အားလုံး အဖွဲ့ပေါင်းစုံ အားလုံးက ပူးပေါင်း ဖြေရှင်းသွားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံက အချိန်တိုတိုအတွင်းမှာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းကို လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု တောင်ကြီး NLD ပါတီ မှ ဦးညီညီရွှေက ပြောကြားသည်။
 
“ပျော်တာပေါ့။ ကိုယ့်မြို့ကိုယ့်ရွာ သန့်ရှင်းအောင် လုပ်ရတယ်ဆိုတာလေ။ နောက် ပြည်သူလူထုတွေလည်း ပါတယ်ဆိုတော့လေ။ တခြားအသင်းအဖွဲ့တွေ အကုန်ပါတော့ ကြည်နူးတာပေါ့”ဟု NLD တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။
 
■ NLD ပါတီဦးဆောင်၍ မကွေးမြို့အတွင်း အမှိုက်ကောက်
 
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမှိုက်ကောက်လှုပ်ရှားမှုကို မကွေးတိုင်းအတွင်း မြို့နယ်အားလုံးနီးပါးတွင် ဒီဇင်ဘာ ၁၂ ရက်က စတင်ခဲ့ရာ နိုင်ငံရေး၊ လူမှုရေး၊ စည်ပင်သာယာရေးအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့ကြကာ ကျေးရွာများအလိုက်လည်း အမှိုက်ကောက်ခဲ့ကြကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
 
မကွေးမြို့ တိုင်းဆေးရုံကြီးအနီး၊ အ.ထ.က ၃ ကျောင်းအနီးနှင့် အဓိကလမ်းမများတွင် အမှိုက်ကောက်ခဲ့ကြကြောင်း၊ မင်းဘူးမြို့ဆေးရုံကြီးနှင့် အဓိကလမ်းမများတွင်လည်း အမှိုက်ကောက်ခဲ့ကြကြောင်း အခြားမြို့နယ်များအားလုံးနီးပါးတွင်လည်း အမှိုက်ကောက်ခဲ့ကြပြီး စကုမြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာ ခန့်တွင် ကျေးရွာအလိုက် ပြည်သူများကိုယ်တိုင် ပါဝင်အမှိုက်ကောက်ခဲ့ကြသည်။
 
“ကျောင်းသူကျောင်းသားတွေ ကိုယ်တိုင်လည်း အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်ဖို့ အသိရှိစေချင်လို့ရယ်၊ အများပြည်သူလည်း နောက်နောင် အလွယ်တကူ အမှိုက်မပစ်ကြစေဖို့ သတိပေးချင်တာရယ်ကြောင့် ဒီလို ပူးပေါင်းပါဝင်ခဲ့တာပါ” ဟု မကွေးမြို့ ဆားစည်ပရဟိတကျောင်းမှ ဆရာတစ်ဦးက ပြောကြားသည်။
 
မကွေးတိုင်း NLD ပါတီအတွင်းရေးမှူး ဦးနေမျိုးကျော်က “ကျွန်တော်တို့ ဒီနေ့မှာတော့ မင်းဘူးဆေးရုံကြီးနဲ့ အဓိကလမ်းမတွေမှာ အမှိုက်ကောက်ခဲ့ပါတယ်။ နောက်နေ့မှာ စကုမြို့မှာ ၁၅ ရက်တိုင် ကျင်းပခဲ့တဲ့ ထေရ်ကြီး ဘုရားပွဲကွင်းထဲမှာ အမှိုက်ကောက်ကြပါမယ်” ဟု ပြောကြားသည်။
 
 

Most Read

Most Recent