လမြတ်နတ်တော်

လမြတ်နတ်တော်
Published 12 December 2015
ဟိန်းထက်ဇော်

နတ်တော်လသည် မြန်မာလများအနက် ကိုးခုမြောက်လ ဖြစ်သည်။ နတ်ဟူသည်ကား နာထ၊ အကြီးအကဲ။ တော်မှာ ကြီးမြတ်ခြင်း၊ ကြီးမြင့်သူဟူ၍ ဖွင့်ဆိုထားသည်။ အဓိပ္ပာယ် မှာ ကြီးကဲ မြင့်မြတ်သောလ ဖြစ်သည်။ ရှေးယခင်က နတ်ပွဲ ကျင်းပသောလ အဖြစ် အသိအမှတ် ပြုကြသည်။ ပုဂံခေတ် အနော်ရထာမင်း လက်ထက်မှစ၍ ထိုအစဉ်အလာကို ဖျက်သိမ်းခဲ့သည်။
နတ်တော်လတွင် ဓနုရာသီ ဖြစ်သည်။ ရာသီရုပ်မှာ လူတစ်ပိုင်း တိရစ္ဆာန် တစ်ပိုင်း။ ရာသီရုပ်၏ အရှေ့ပိုင်းတွင် လူပုံသဏ္ဌာန်ဖြစ်ပြီး အနောက်ပိုင်း ရုပ်ကား မြင်းပုံသဏ္ဌာန် ဖြစ်သည်။ မိဂသီနက္ခတ် စန်းယှဉ်ပြည့်သည်။ ဟင်္သာတာရာ ထွန်းသည်။
ယောအတွင်းဝန် ဦးဖိုးလှိုင်က ဥတု ဘောဇန သင်္ဂဟကျမ်းတွင် နတ်တော်လ၏ ပတ်ဝန်းကျင် ရာသီဥတု ပူပြင်းခြင်း၊ အေးခြင်း သဘောကို “တန်ဆောင်မုန်း၊ နတ်တော်လသည် ဟေမန္တဥတုမည်၏။ လောကသည် အေး၏။ လောက မခြောက်။ ဆီးနှင့်များ၏။” ဟူ၍ ဖြစ်သည်။
အချုပ်တန်း ဆရာဖေက ဗျာဆုံတဲ့သည် ဆောင်းလေးချိုးတွင် “ငွေနှင်းငယ်မှုန်၊ လေညှင်းရယ် တသုန်သုန်နှင့်၊ ချမ်းပုံမှာ ကမ်းကုန် ရစ်တာမို့၊ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့၊ သည်ခေတ်မှာ သည်လိုဟာဖြင့်၊ သည်ကိုယ်မှာ သေသေလုပါပေါ့၊ ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်၊ ဆောင်းရတုပွဲ” ဟု သီကုံးထားသည်။
စာဆိုရှင် လက်ဝဲမင်းညို၏ နတ်တော်သဇင် ကြိုပွဲပြင် ရတုတွင် “မြမြှူမြန်ဘောင်၊ ဒို့ပြည်ထောင်ဝယ်၊ အခေါင်အထွတ်၊ လွတ်ပွဲမြတ်ကို၊ ကြိုလတ်ရွှင်ပျော်၊ လ,နတ်တော်တည့်” ဟူ၍ လည်းကောင်း၊ “ပထွန်းဝင်းမော်၊ နတ်လ,တော်တည့်၊ မြန်ပေါ်နှင်းဖွဲ၊ စာဆိုပွဲနှင့်၊ ကျင်းမြဲသဘင်” စသည်ဖြင့် ကွန့်မြူး စပ်ဆိုခဲ့သည်။
ဒုတိယစစ် မီးတောက်လောင်ချိန်က မြန်မာပြည်၌ ဂျပန်တို့ အုပ်ချုပ်နေသည်။ မဟာမိတ် လေတပ်က မြန်မာမြေပေါ်သို့ သဲသဲမဲမဲ ဗုံးကြဲလျက် ရှိသည်။  မြန်မာပြည်သူများသည်လည်း အသက်အိုးအိမ် စည်းစိမ်များ ပျက်စီး ဆုံးရှုံးကြရသည်။အမျိုးသား စိတ်ဓာတ်များ ပျက်ပြားလျက် ရှိသည်။
ထိုအတွက်ကြောင့် စာရေးဆရာ အသင်းကြီးက မြန်မာ့လူထု၏ စိတ်ဓာတ် ကျဆင်းနေခြင်းကို သုံးသပ်မိသည်။ သို့ဖြင့် ဇာတိမာန် ဇာတိသွေး တက်ကြွစေရန် အတွက် ပါတော်မူနေ့၊ အမျိုးသားနေ့၊ ဦးဝိစာရနေ့ တို့ကို ကျင်းပခဲ့သည်။
ထိုအချိန်က ပညာတံခွန် အသင်းကြီးသည် ကွမ်းခြံကုန်းမြို့၌ အဘိဓာန်ကျမ်းနှင့် ပညာ စွယ်စုံကျမ်းကြီး တို့ကို ပြုစုနေသည်။ ဦးပုညနေ့ ကျင်းပရေး အစီအစဉ် တစ်ရပ်ကိုလည်း ပူးတွဲ ဆောင်ရွက်လျက် ရှိသည်။ ထိုအကြောင်းကို ရန်ကုန်မြို့ရှိ ပညာတံခွန် အသင်းကြီးသို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ပညာတံခွန် အသင်း ပုဂ္ဂိုလ်များနှင့် စာပေ ပညာရှင်များ၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်းက ပုဂ္ဂိုလ်များ စုပေါင်း၍ အစည်းအဝေး ကျင်းပကြသည်။
ထိုခေတ်က ပညာရေး ဝန်ကြီး၏ ရုံးခန်းတွင် ဖြစ်သည်။ ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီး ဦးလှမြင့်၊ ဦးဖေမောင်တင်၊ ဦးကောင်း၊ ဆရာဇော်ဂျီ၊ သူကြီးဂေဇက် ဦးခင်မောင်၊ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသိန်းမောင်၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဦးဟိန်တို့ တက်ရောက်ကြသည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်းမှာ မတက်ရောက်နိုင် သဖြင့် စာတစ်စောင် ပို့လိုက်သည်။ အသွားအလာ အဆင်ပြေမည့် ခြောက်သွေ့သော အချိန်ကာလတို့ ရွေးချယ်စေရန် အကြံပြုသည့်စာ ဖြစ်သည်။
ထိုအစည်းအဝေးကြီးတွင် ဂျာနယ်ကျော် ဦးချစ်မောင်က ဦးပုညနေ့ဟူ၍ စာဆိုတော် တစ်ဦးတည်းအတွက် သတ်မှတ်ချက် ကျင်းပပြုလုပ်ခြင်း မပြုသင့်ကြောင်း၊ အမျိုးသား စာပေပြန်လည် ထွန်းကားရေး၊ အမျိုးသား စိတ်ဓာတ် နိုးကြား ထက်သန်ရေးအတွက် “ဗမာ့စာဆိုတော်” နေ့ အဖြစ် နတ်တော်လဆန်း (၁) ရက်နေ့ကို ကျင်းပသင့်ကြောင်း အဆိုတင်သွင်းသည်။ ဦးသိန်းမောင်က ထောက်ခံသည့် တက်ရောက်လာသူ အားလုံးက တညီတညွတ်တည်း အတည်ပြုခဲ့သည်။
သို့ဖြင့် စာဆိုတော်နေ့ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းသည်။ တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဦးဖေမောင်တင်က ဥက္ကဋ္ဌ၊ ဂျာနယ်ကျော် ဦးချစ်မောင်ကို ဆော်သြသူ အဖြစ် တင်မြှောက်ကြသည်။
ပထမအကြိမ် စာဆိုတော်နေ့ကို ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် (၁၃၀၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်တွင် ကျင်းပသည်။ အခမ်းအနား ကျင်းပနိုင်ရန် အတွက် ဒေါက်တာဘမော် အစိုးရက ငွေ ၁၅၀၀၀ (ဂျပန်ငွေ) ချီးမြှင့် ကူညီသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် စာပေဟောပြောပွဲများ၊ စာပေပြိုင်ပွဲများ၊ စကားရည်လုပွဲများ ကျင်းပခဲ့သည်။
ထိုအခမ်းအနားကို ရွှေဂုံတိုင်လမ်း ကုန်းမြင့်ပေါ်ရှိ ဒဂုံခင်ခင်လေး စာအုပ်တိုက်ရှေ့ မျက်နှာစာရှိ မြက်ခင်းပြင်၌ ကျင်းပခြင်း ဖြစ်သည်။ လေကြောင်း ရန်အန္တရယ် ကင်းရှင်းသော ညနေ ၃ နာရီတွင် စတင် ဖွင့်လှစ်သည်။ စာရေးဆရာ အသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က အဖွင့်အမှာ စကားပြောကြားသည်။
ရှေးမြန်မာ စာဆိုတော်များဖြစ်သော အနန္တသူရိယ၊ လက်ဝဲသုန္ဒရ၊ နတ်သျှင်နောင်၊ နဝဒေး၊ ဦးပေါ်ဦး၊ မမြကလေး၊ လှိုင်ထိပ်ခေါင်၊ ဦးပုည၊ အချုပ်တန်း ဆရာဖေတို့၏ စာပေ၊ ဂီတ၊ ကဗျာများကို ဂုဏ်ပြု ရွတ်ဆိုကြသည်။
ညပိုင်းတွင် စာရေးဆရာတို့က ဦးပုည ရေးသားခဲ့သော ဝိဇယ ကုမ္မာပြဇာတ်ကို ကပြသည်။ ဗုံးသံ၊ စက်သေနတ်သံကြားမှ မြို့သူမြို့သားတို့က အထူး အားပေးကြသည်။ ၁၃၀၇ ခုနှစ်တွင် ဒုတိယ စာဆိုတော်နေ့ကို ကျင်းပသည်။ ဂျပန်များ မြန်မာ့မြေမှ ထွက်ပြေးကြရပြီး အင်္ဂလိပ်ပြန်လည် အုပ်ချုပ်ချိန် ဖြစ်သည်။ ထိုအခမ်းအနားတွင် ဦးပေါ်ဦး ပြဇာတ် ကပြကြသည်။ ဦးပေါ်ဦးအဖြစ် ဆရာဇဝနက သရုပ်ဆောင်သည်။
တစ်ဖန် ၁၃၀၈ ခုနှစ်တွင် တတိယ စာဆိုတော်နေ့ကို ကျင်းပသည်။ အခမ်းအနား အဖွင့်မိန့်ခွန်းကို အမျိုးသား ခေါင်းဆောင် မြန်မာပညာရှိ ဒီးဒုတ် ဦးဘချိုက ပြောကြားသည်။ လူများ၏ ဆန္ဒအရ ဝိဇယကုမ္မာ ပြဇာတ်ကို ပြန်လည် တင်ဆက်သည်။
စတုတ္ထ စာဆိုတော်နေ့မှာ ၁၃၀၉ ခုနှစ်တွင် ဖြစ်သည်။ အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးပြီး လေးလအကြာတွင် ဖြစ်ပါသည်။ ယခုတိရစ္ဆာန်ရုံရှေ့ ကန်တော်ကြီးစောင်းရှိ မြိုင်ရုပ်ရှင်ရုံ၌ ခင်းကျင်း ပြသသည်။ မြန်မာနိုင်ငံတွင် ယာယီအစိုးရ အုပ်ချုပ်ချိန် ဖြစ်သည်။ ယာယီဝန်ကြီးချုပ် ဦးနုက စာရေးဆရာ အသင်းသို့ ငွေငါးထောင်ကျပ် ချီးမြှင့် ထောက်ပံ့သည်။ အခမ်းအနားတွင် ဝန်ကြီးချုပ် ကိုယ်တိုင် မိန့်ခွန်းပြောသည်။ ဆရာကြီး ကိုယ်တော်မှိုင်းကို ဂါရဝပြုကြသည်။
အခမ်းအနား သဘင်ကို သုံးပိုင်းခွဲပြီး တင်ဆက် ကပြသည်။ ပထမပိုင်းတွင် မြဝတီမင်းကြီး သရုပ်ဖော်သည်။ ဦးဘတင်က မြဝတီမင်းကြီး ဦးစ၊ ဆရာဟိန်က ငမှုံအဖြစ် သရုပ်ဆောင်သည်။ ဒုတိယပိုင်းတွင် အနန္တသူ ရိယဇာတ် ကပြသည်။ အနန္တသူရိယ အဖြစ် ဒဂုံလွန်။ ဝန်ကြီးများမှာ မဟာဆွေ၊ ဒဂုန်ရွှေမျှား၊ ဦးစံလှထွန်း၊ တောသားတို့ဖြစ် ကြသည်။ နရပတိ မင်းကြီးအဖြစ် ရွှေပိန်းသောင်း၊ ဝေဋ္ဌုဝတီက ဒေါ်ခင်မျိုးချစ်မြို့ဝန်က သဇင်မြင့်တို့ ပါဝင်ကြသည်။ တတိယ အပိုင်းတွင် ခုံတော် မောင်ကျဘမ်း၏ နှစ်လင်ပေါ်အမှု ဆုံးဖြတ်ခန်းကို တင်ဆက်သည်။ ဆရာဇဝနက ခုံတော် မောင်ကျဘမ်း။ ဆရာသုခနှင့် ဆရာတင်က ရှေ့နေများ။ ရွှေညာမောင်က ဗိုလ်ရန်နိုင်။ ရန်နိုင်စိန်က မောင်ပိုးဖြူ။ မေးသန်း (အေဝမ်း) က မဖော့နု အဖြစ် သရုပ်ဆောင်ကြသည်။
လွတ်လပ်ရေး ရရှိခဲ့ပြီ ဖြစ်သည်။ စာဆိုတော်နေ့၏ နောက်ဆုံး တင်ဆက်မှုကို ၁၉၆၃ ခုနှစ်တွင် စာရေးဆရာ အသင်းက ကပြခဲ့သည်။ မြို့တော်ဝန် ခန်းမတွင် အနန္တသူရိယ ပြဇာတ် ကပြခဲ့ခြင်း ဖြစ်သည်။ စာဆိုတော်နေ့ လွန်ပြီးမှ တင်ဆက်ကြသည်။ အနန္တသူရိယအဖြစ် ရန်ကုန်ဘဆွေ။ နရပတိစည်သူက မင်းအောင်။ သက်တော်ရှည် အမတ်ကြီးအဖြစ် မောင်ကိုယု။ ခယ်မတော်အဖြစ် တောက မိသန်းတို့ ပါဝင်ကြသည်။ တောကမိသန်းက အတွင်းရေးမှူး တာဝန်ယူထားသည်။
နောက်ပိုင်းတွင် စာဆိုတော်နေ့ အခမ်းအနားများ အသွင်ပြောင်း၍ ကျင်းပကြသည်။ စာပေဟောပြောပွဲမှ စာရေးသူ၊ စာဖတ်သူ ဆွေးနွေးပွဲများ ပြုလုပ်လာကြသည်။ စာဆိုတော်နေ့ အစဉ်အလာသည် မြန်မာပြည် အနှံ့၌ ကျယ်ပြန့်စွာ ကျင်းပလာသည်။ နတ်တော် လဆန်း ၁ ရက်နေ့ သာမက တစ်လလုံးလုံး ကျင်းပကြသည်။

Most Read

Most Recent