၂၀၁၆ ခုနှစ်အတွင်း Over The Counter (ကောင်တာဈေးကွက်) တရားဝင် ပေါ်ပေါက်လာမည်ဖြစ်၍ ကောင်တာဈေးကွက် စံသတ်မှတ်ချက်များနှင့် မညီသော အများပိုင် ကုမ္ပဏီများအား အစုရှယ်ယာ ထုတ်ဝေရောင်းချခွင့် ပြုမည်မဟုတ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ဒီဇင်ဘာ ၉ ရက်ကပြုလုပ်သော ရန်ကုန် စတော့အိတ်ချိန်း တရားဝင်ဖွင့်လှစ်ပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် The Daily Eleven သတင်းစာမှ စတော့အိတ်ချိန်းတွင် စာရင်းမဝင်ထားသော အများပိုင် ကုမ္ပဏီများ အစုရှယ်ယာ ရောင်းချနိုင်ရန် စီစဉ်ထားမှုအပေါ် မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုဖွင့်တာကတော့ စတော့ရှယ်ယာတွေရောင်းတဲ့ စတော့အိတ်ချိန်းပေါ့နော်။ နောက်မကြာမီမှာ Over The Counter (ကောင်တာဈေးကွက်) ကို ကျွန်တော်တို့ဖွင့်မှာပါ။ အဲဒီမှာတော့ ပေတံစံသတ်မှတ်ချက်တွေက ဒီစတော့ အိတ်ချိန်းလောက် များမှာမဟုတ်ပေမယ့် ရှိသင့်သလောက်တော့ ရှိမှာပါ။ ရှေ့နှစ်ရဲ့ ပထမ ခြောက်လလောက်တော့ တခြားအများပိုင် ကုမ္ပဏီတွေဟာရှိပြီး သားရှယ်ယာတွေကို ရောင်းလို့ရပါသေးတယ်။ ခြောက်လကျော်သွားရင် ခြောက်လဆိုတာ မှန်းပြောတာပါ။ လေးလလည်း ဖြစ်ချင်ဖြစ်မယ်။ သုံးလလည်း ဖြစ်ချင်ဖြစ်မယ်။ နောက်ပိုင်းမှာ Over The Counter (ကောင်တာဈေးကွက်) မှာပဲ စရောင်းတဲ့ ကုမ္ပဏီတွေရော၊ စဖွဲ့တဲ့ ကုမ္ပဏီတွေရော ရှယ်ယာတွေ စရောင်းချင်ရင် သူတို့လိုက်နာရမယ့် စံသတ်မှတ်ချက်တွေ သတ်မှတ်ပေးမယ်။ အဲဒါတွေ ပြီးသွားရင် ဒီစံသတ်မှတ်ချက်တွေညီမှ ရောင်းလို့ရမယ်။ သိပ်ပြီးတော့ စံသတ်မှတ်ချက်တွေနဲ့ ညီရင်တော့ စတော့အိတ်ချိန်းကို သွားပေါ့။ သိပ်မညီတဲ့ ကုမ္ပဏီတွေကတော့ Over The Counter (ကောင်တာဈေးကွက်) ကိုသွားပေါ့” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
၂၀၁၃ခုနှစ် ငွေချေးသက်သေခံ လက်မှတ်လဲလှယ် ရောင်းဝယ်ရေး ဥပဒေအရ Over The Counter (ကောင်တာဈေးကွက်) ကို လိုင်စင်ရ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ သုံးခုထက်မနည်းက ကော်မရှင်သို့ စုပေါင်းလျှောက်ထားပြီး ခွင့်ပြုချက်ရရှိပါက တည်ထောင်နိုင်ပြီး ယခုအခါ ငွေချေးသက်သေခံ လက်မှတ်တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိခြင်းလိုင်စင် (Underwriter) အတွက် ကုမ္ပဏီ ၁၀ ခုကို ပမာဏ ရွေးချယ်ထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အများပိုင်ကုမ္ပဏီ ၂၀၀ ကျော်ရှိနေပြီး လုပ်ငန်း အောင်မြင်နေသည့် ကုမ္ပဏီများလည်း ရှိနေကြောင်း သိရသည်။
ယခုဖွင့်လှစ်လိုက်သည့် ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများအဖြစ် FMI၊ MAPCO၊ မြန်မာနိုင်ငံသားများဘဏ် အပါအဝင် အများပိုင်ကုမ္ပဏီ ခြောက်ခုကို ရွေးချယ်ခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် ကောင်တာဈေးကွက် ဖွင့်လှစ်ရောင်းချခွင့်ကို မြန်မာ့ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီသာ ရရှိထားပြီး သစ်တောဖက်စပ် ကော်ပိုရေးရှင်း ရှယ်ယာများနှင့် မြန်မာနိုင်ငံသားများဘဏ် ရှယ်ယာများကို လဲလှယ်ရောင်းချ ပေးနေကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွင်း ကောင်တာဈေးကွက် (Over The Counter) ပေါ်ပေါက်မည်၊ စံသတ်မှတ်ချက်များနှင့် မကိုက်ညီသော အများပိုင်ကုမ္ပဏီများ ရှယ်ယာထုတ်ေ၀ ရောင်းချခွင့် ပြုမည်မဟုတ်










