ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား လွှတ်တော်သို့တင်သွင်း

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား လွှတ်တော်သို့တင်သွင်း
Published 8 December 2015

ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက် လူမှုဘ၀ မြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီက လုပ်ငန်းဆောင်ရွက်ချက်  အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။
နေပြည်တော်တွင် ဒီဇင်ဘာ ၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘ၀ မြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီက အစီရင်ခံစာ တင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစီရင်ခံစာတွင် ကော်မတီ၏ သက်တမ်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ၊ ကျေးလက် / နယ်စပ် လူမှုဘ၀ မြှင့်တင်ရေးနှင့် ပတ်သက်သည့် ဆောင်ရွက်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို ဖော်ပြထားသည်။
ကော်မတီ၏ အစီရင်ခံစာတွင် ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ အနက် ၁၄ ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊ တစ်ဖွဲ့ချင်း သဘောတူလက်မှတ် ရေးထိုးရာမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ကိုယ်စားလှယ်များ ညှိနှိုင်းဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA ကို နှစ်ဖက်အတည်ပြုနိုင်ခဲ့ပြီး အဆင်သင့်ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘ၀ မြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီသည် လွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းရင်းသားများ၏ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ လူမှုဘ၀ တိုးတက်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မာရေးနှင့် နိုင်ငံတော်အတွင်း ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စရပ်များကို တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက် ရှိသည်ဟု အစီရင်ခံစာ၏ နိဂုံးတွင် ဖော်ပြထားသည်။

Most Read

Most Recent