ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခံရခြင်း (၁)

ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခံရခြင်း (၁)
Published 8 December 2015
နိုင်ရဲဝေ

ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံတော် သမ္မတတို့ အတည်ပြုခဲ့သော အမျိုးသား ပညာရေး ဥပဒေသည် ပညာရေး လွတ်လပ်မှု မရှိခြင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်မှ ပညာရေး လောကအား ချုပ်ကိုင်နိုင်ရန် ပုဒ်မများ ထည့်သွင်းထားခြင်း၊ ဒီမိုကရေစီ လမ်းစဉ်များနှင့် ညီညွတ်မှု မရှိခြင်း၊ နိုင်ငံနှင့် ပြည်သူများကို အမှန်တကယ် အကျိုးပြုနိုင်မည့် ဥပဒေဟု ခိုင်မာစွာ ယူဆ၍ မရနိုင်ပါ။ နိုင်ငံတစ်ဝန်း ကျောင်းသား သမဂ္ဂများ၊ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်  (NNER) ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဒီမိုကရေစီ ပညာရေး လိုလားသူများ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) တို့မှ ပြင်းထန်စွာ ကန့်ကွက်ကြပါတယ်။ ကျောင်းသားနှင့် ပြည်သူကို အခြေမခံသော အမျိုးသား ပညာရေး ဥပဒေကို ဖျက်သိမ်းပေးရန် (သို့မဟုတ်) ပြင်ဆင်ပေးရန် အစိုးရအား တောင်းဆိုဖို့ ကြိုးစားကြပါတယ်။ ခေတ်အဆက်ဆက်ကပင် ကျောင်းသားများသည် မတရားမှုကို လက်မခံခဲ့ကြပါ။ ဖိနှိပ်မှုများကိုလည်း တွန်းလှန်ခဲ့ကြပါတယ်။ ကျောင်းသားများက နည်းလမ်း ရှာဖွေရန် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ကြပါတယ်။ ရန်ကုန်မြို့၊ နာမှုကူညီရေး အသင်းမှာ ကျင်းပခဲ့ကြပါတယ်။ ကျောင်းသား/သူ ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ကြပါတယ်။ ဒီအစည်းအဝေးမှာပင် လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားတဲ့ ပညာရေး ဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက် ကြပါတယ်။ သပိတ်မှောက်ရန် တညီ တညွတ်တည်း ဆုံးဖြတ်ကြပါတယ်။
ကျောင်းသားများ သပိတ်မှောက်ရန် ဆုံးဖြတ်ပြီးတဲ့နောက် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းကြရပါတယ်။ ပညာရေး သပိတ်ကြီးကို ဦးဆောင်ရန် အတွက်ပါ။ ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီဖြစ်ပါတယ်။ ၂၀၁၄ နိုဝင်ဘာ ၁၂၊ ၁၃ ရက်မှာ ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီ၊ ကိုဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) မှ ကျောင်းသား ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းကြပါတယ်။ ကော်မတီ အဖွဲ့ဝင် ၁၅ ဦး ပါဝင်ပါတယ်။
၂၀၁၄ နိုဝင်ဘာ ၁၃ ရက်မှာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးမှ ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။ အချက် ၆ ချက် ပါဝင်ပါတယ်။ ပညာရေး ဥပဒေဟာ ဆိုးရွားလျက်ရှိသော ပညာရေး စနစ်ကို ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်ပါ။ ကျောင်းသားထု၏ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုတွေ အပြည့်နှင့် အမျိုးသား ပညာရေး ဥပဒေ ပညာရေး စနစ်ကို စီမံခန့်ခွဲရာတွင် အစိုးရ အုပ်ချုပ်ရေးပိုင်းအား ပါဝင် ထိန်းချုပ်ခွင့် ပေးထားခြင်း၊ ကျောင်းတွင်း အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပေးမထားခြင်းတို့သည် အဖိနှိပ်ခံ ပညာရေး စနစ်ကို ဆက်လက် အသက်သွင်းနေခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကျွန် ပညာရေး စနစ်လို့ ယူဆကြပါတယ်။ အမျိုးသား ပညာရေး ဥပဒေမှာ ပို၍ အကျည်းတန်သည်မှာ ကျောင်းသားထု လွှတ်တော်ဖြစ်သည့် ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့် ထည့်သွင်းထားခြင်း မရှိ၍ပင်၊ ကျောင်းသားထုကို ပစ်ပယ်သည်ဟု ယူဆကြပါတယ်။ ဒါကြောင့် ကျောင်းသားနှင့် ပြည်သူကို အခြေခံသည့် ဥပဒေတစ်ရပ် ပေါ်ထွက်လာရန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကျောင်းသား/သူတွေဟာ ရန်ကုန်မြို့မှာ လေးရက် သပိတ်ဆင်နွှဲကြတယ်။ အစိုးရကို တောင်းဆိုရန်ပင်။ ရက်ပေါင်း  ၆၀ အတွင်း အစိုးရ အနေဖြင့် ကျောင်းသား/သူများနှင့် ညှိနှိုင်းဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ ရက် ပေါင်း ၆၀ ကျော် သည့်တိုင် အစိုးရဘက်မှ မလှုပ်ခဲ့ပါ။ မတတ်သာတော့ပေ။ ကျွန်တော်တို့ အားလုံး ဆက်လက် တိုက်ပွဲဝင်ရန်သာ ရှိပါတော့သည်။ နောက်ဆုံး ကျောင်းသား/သူတွေ လမ်းပေါ်ထွက် သပိတ်မှောက်ရန် ပြင်ဆင်ကြ ရပါတော့တယ်။ ရန်ကုန်၊ မုံရွာ၊ စစ်ကိုင်းနှင့် အခြားနယ်မြို့က ကျောင်းသားတွေ မန္တလေးမြို့ကို လာရောက် စုရုံးကြပါတယ်။ မန္တလေးမြို့ တံတက်ကုန်း (မစိုးရိမ်) ကျောင်းတွင် စုရပ်အဖြစ် သတ်မှတ်ကြပါတယ်။ ကျောင်းသားသပိတ် အတွက် ပြင်ဆင်နေကြပါပြီ။ ကျွန်တော်တို့ မန်းလေး ကျောင်းသားတွေလည်း သပိတ်စစ်ကြောင်း ထွက်ဖို့ ပြင်ဆင်ကြပါပြီ။ မန္တလေးကနေ ရန်ကုန် လမ်းလျှောက် ချီတက် သပိတ်မှောက်ကြမှာ ဖြစ်ပါတယ်။ (၁၉-၁-၂၀၁၅) ရက် ညမှာ ကျောင်းသား/သူ အားလုံး မျှော်လင့်ချက် အပြည့်နှင့် အိပ်၍ပင် မပျော်နိုင်ကြပါ။ ကျွန်တော်တို့ကတော့ အိမ်ပြန်အိပ် ကြပါတယ်။
ကျောင်းသားသပိတ် စတင်ထွက်ခွာခြင်း
၂၀-၁-၂၀၁၅ ရက် နံနက်မှာ ကျွန်တော်တို့ အားလုံး မန္တလေးမြို့ အိမ်တော်ရာ ဘုရားကို သွားကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ သတင်း တပ်ဖွဲ့တွေက ကြိုတင်ရောက်ရှိ နေကြပါပြီ။ အင်အားကတော့ မများလှပါ။ မန္တလေးမြို့က နိုင်ငံရေး အင်အားစုတွေ၊ ဒီမိုကရေစီ လိုလားသူတွေ၊ ကျောင်းသား မိဘတွေ၊ ကျောင်းသား ဟောင်းကြီးတွေ ရောက်နေကြပါပြီ။ တံတက်ကုန်း (မစိုးရိမ်) ကျောင်းတိုက်မှာ တည်းခိုကြတဲ့ ကျောင်းသားတွေလည်း နံနက် ၉ နာရီ လောက် ရောက်လာကြပါတယ်။ သပိတ်စစ်ကြောင်း ထွက်မည့် ကျောင်းသားတွေကို အစားအသောက်များ၊ ဆေးဝါးများ လာရောက် အားဖြည့် ကူညီကြပါတယ်။ ကျွန်တော့်ကို မန်းလေး (NLD) က ဦးထွန်းထွန်းဦး (ယခု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်) က ဆေးဝါးများနှင့် လိုအပ်သည်ကို သုံးနိုင်ရန် ငွေ ၅၀၀၀၀ ကျပ် ထည့်ပေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ် အန်ကယ်။ ရရှိတဲ့ ငွေတွေကို ဘဏ္ဍာရေးမှူးထံ အပ်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ အားလုံး စတင် ထွက်ခွာရန် စည်းကမ်းတကျ ပြင်ဆင်ကြပါတယ်။ ရှေ့ဆုံးက သပိတ်ကိုင်၊ သပိတ်နောက် အလံကိုင်များ စသည်ဖြင့် တန်းစီကြပါတယ်။ ရှေ့ဆုံး သပိတ်ကိုင်သူက မိတ္ထီလာ ခရိုင် (ဗကသ) မှ ကိုပြည့်စုံ ဖြစ်ပါတယ်။ ကျွန်တော်၊ ကောင်းဇော်ဟိန်း (မန္တလေးခရိုင် ဗကသ) နှင့်  နောက်တစ်ယောက် ကတော့ မမှတ်မိတော့ပါ။ ၂၀-၁-၂၀၁၅ ရက် နံနက် ၉ နာရီခွဲလောက်မှာ မန္တလေး အိမ်တော်ရာ ဘုရားဝင်း အတွင်းကနေ ကျောင်းသား သပိတ်တပ်ကြီး စတင် ထွက်ခွာလာပါတယ်။ ဘုရားဝန်း အထွက် ရဲတပ်ဖွဲ့က တံခါးပိတ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ထွက်ခွာနိုင်ခဲ့ပါပြီ။ မန္တလေးခရိုင် ဗကသ ဥက္ကဋ္ဌ ကိုဆွေထွန်း၊ ကိုရဲရင့်နိုင်မှူးနှင့် ကိုသန်းထိုက်တို့ သုံးဦးက ရှေ့ကနေ တံခါးကို ဖွင့်ထွက်ကြပါတယ်။ ကျောင်းသားသပိတ် တပ်ကြီးဟာ မန္တလေး အိမ်တော်ရာ ဘုရားကနေ ၂၆ လမ်း အတိုင်း ချီတက်ကြပါတယ်။ ကျုံးထောင့် အရောက်မှာ ၇၈ လမ်းမကြီး အတိုင်း ဆက်လက် ချီတက်ကြပါတယ်။ လမ်းတစ်လျှောက်မှာ ပြည်သူများက ကျွန်တော်တို့ အတွက် အချိုရည်များ၊ မုန့်များ၊ ဆေးဝါးများ အကူအညီ ပေးကြပါတယ်။ ကျောင်းသားများ စိတ်ဓာတ် ခွန်အားဖြစ်စေခဲ့တာ အမှန်ပါ။ ပြည်သူတွေက လက်ခုပ်တီး အားပေး။ ကျောင်းသားများက သမိုင်းကျောင်းသား သမဂ္ဂ အလံတော်ဖြစ်တဲ့ ခွပ်ဒေါင်းအလံကို လွှင့်ထူ ချီတက်ကြပါတယ်။ မမောနိုင်၊ မပန်းနိုင်ကြပါ။ ကျောင်းသားနှင့် ပြည်သူကို အခြေမခံသော အမျိုးသား ပညာရေး ဥပဒေ အလိုမရှိ၊ ဒို့ကျောင်းသားတွေ ညီလားဟေ့ ... ညီတယ်ဟေ့ .... ညီတယ်ဟေ့၊ ခွပ်ဒေါင်း သွေးတွေနီရဲ့လားဟေ့ ... နီတယ်ဟေ့ ... နီတယ်ဟေ့၊ အရေးတော်ပုံ အောင်ရမည် ... ကြွေးကြော်သံများဖြင့် မန္တလေးမြို့ကြီးမှ ကျောင်းသား သပိတ်တပ်ကြီး တရွေ့ရွေ့ ထွက်ခွာလာ ကြပါတယ်။ ကျောင်းသားတွေရဲ့ ခွပ်ဒေါင်း သွေးနီကြောင်း သက်သေထူ သလိုပင်။ လမ်းတစ်လျှောက် ပြည်သူများက ကြိုဆိုကြပါတယ်။ မွန်းလွဲ တစ်နာရီ အချိန်မှာ ဗေဒါနိုင်ငံရေး သိပ္ပံကျောင်းမှာ ထမင်းစား နားကြပါတယ်။ ပိုင်ရှင်ဖြစ်သူက အရင်ကတော့ (NLD) ကပါ။ နောက်ပိုင်း အနားပေး ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနားယူ လိုက်သော်လည်း ပြည်သူ့အကျိုး ဆက်လက် ထမ်းပိုးဆဲပင် ဖြစ်ပါတယ်။ ဦးကိုကြီးရဲ့အိမ် (ဗေဒါနိုင်ငံရေး သိပ္ပံကျောင်း) မှာ ထမင်းစား အပြီး ယခင် တိုက်ပွဲဝင် ရဲဘော် ဟောင်းကြီးများက ဆုံးမစကားများ ပြောကြားပါတယ်။ ဦးမှိုင်း (စာရေးဆရာ မောင်မှိုင်းလွင် (အင်းဝ)) နှင့် ဦးသက်တင်တို့ ဖြစ်ပါတယ်။ ဦးမှိုင်းက ကဗျာရွတ်ပြီး ဂုဏ်ပြုပါတယ်။ ဘဘ ဦးသက်တင်ကတော့ ကျောင်းသားများကို အားမလျှော့ရန်မှာ ကြားပါတယ်။ ဒီနေရာမှာ ဦးကိုကြီး မိသားစု အကြောင်း အနည်းငယ် ပြောချင်ပါတယ်။ ဦးကိုကြီးတို့ မိသားစုဟာ ခွပ်ဒေါင်း စိတ်ဓာတ် အပြည့်ရှိသူတွေပါ။ ဦးကိုကြီးသားဟာ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကားမောင်းခဲ့သူပါ။ ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်း ဖြစ်ပါတယ်။
နေ့လယ်ခင်းစာ စားပြီး ဆက်လက် ထွက်ခွာကြပါတယ်။ အားလုံးမျက်နှာမှာ အပြုံးကိုယ်စီနှင့်ပါ။ ပြန်ကြားရေး ကားပေါ်က ကျောင်းသား သမဂ္ဂ သီချင်းက မြူးမြူးကြွကြွ နှင့် တက်ကြွသော ခြေလှမ်းများနှင့် သပိတ် တပ်ကြီးက တရွေ့ရွေ့ပင်။ ခွပ်ဒေါင်းအလံ လေထဲ တလူလူနှင့်ပင်။ မြစ်ငယ်မြို့ မြစ်ငယ် တံတား အကျော်မှာ ဗိုလ်ချုပ်အောင်ဆန်း သီချင်း ကြားကြရပါတယ်။ ကျောင်းသားများ ရင်မှာ ပီတိ ဝေဖြာနေပါတယ်။ ခြေကုန်း၊ လက်ပန်းကျနေတဲ့ ခြေလှမ်းများ ပြန်လည် တက်ကြွလာပါတယ်။ ပလိပ်မြို့ ဗိုလ်ချုပ်ရာပြည့် ကော်မတီမှ လာရောက် ကြိုဆိုခြင်း ဖြစ်ပါတယ်။ ပလိပ်မြို့မှာ မွေးဖွား ကြီးပြင်းတဲ့ ကျွန်တော့်မှာ ဝမ်းသာလို့ မဆုံးပါ။ မြစ်ငယ် တံတားထိပ်မှာ လာရောက် ကြိုဆိုတဲ့သူတွေနှင့် အတူ ပလိပ်မြို့ကို ဆက်လက် ချီတက်ကြပါတယ်။ မြို့အဝင်မှာ မြို့ခံပြည်သူများက အောင်သပြေနှင့် ကြိုဆိုကြပါတယ်။ ကျောင်းသား သပိတ်တပ်ကြီး တစ်ညတာ တည်းခိုရမည့် နေရာကို ရောက်ရှိလာပါပြီ။ ပလိပ်မြို့၊ မူလ ငါးဆူကျောင်းတိုက်မှာ ဖြစ်ပါတယ်။ တည်းခိုခွင့်ပြုတဲ့ ဆရာတော်အား လက်အုပ်ချီမိုး ကန်တော့လိုက်ပါတယ် ဘုရား။ ဆရာတော် ဘုရား ဘွဲ့တော်ကို မမှတ်မိပါ။ ညစာကို ဦးတင်ရွှေ၊ ဦးကျော်လင်း၊ ဦးနေဇော်၊ ဦးဇော်ဝမ်း (Bio)၊ ဦးကျော်ကျော်ဦး (English)၊ ဦးနေမျိုးနိုင် (GM)နှင့် ဦးရဲနွေတို့က ကြိုတင် စီစဉ်ထား ကြပါတယ်။ အားလုံးကို ကျေးဇူးတင်လျက်ပါ ခင်ဗျာ။
မြို့ခံပြည်သူများ၏ ဂရုစိုက်မှုကြောင့် အစစ အရာရာ လိုသည် မရှိပါ။ ညအချိန်ရောက်တော့ အိပ်ရန် စောင်တွေ လာပေးပါတယ်။ လာပေးသူက ကိုဗညား (GM) ထင်ပါတယ်။ ညစာစားပြီး မနက်ဖြန်အတွက် အားလုံး တိုင်ပင်ကြပါတယ်။ ကျွန်တော် ပလိပ်သား ညစာစားပြီး အိမ်ကိုပင် မပြန်နိုင် အိပ်ဖို့ ပြင်ဆင်နေပါပြီ။ ကျွန်တော့် ဘေးနားမှာ လာအိပ်တဲ့ ပိုင်ရဲသူ (တကသ) ရဲ့ ဟောက်သံကလည်း အနှောင့်အယှက် ပေးနေပါတယ်။ ဘာပဲပြောပြော တစ်ညတာ တည်းခိုခဲ့တဲ့ ကျွန်တော့် မွေးရပ်မြေ ပလိပ်မြို့ကတော့ သမိုင်းဝင်ခဲ့ပါ ပြီ။ အော် ... ပလိပ် ... ပလိပ် ...ရှေးစာဆိုများရဲ့ ရာဇာဝင်ထဲက ပလိပ် ... ဂုဏ်ယူပါတယ် ပလိပ်မြို့ရယ်...။
“ကျောင်းသားထု ညီညွတ်ရေး အဓွန့်ရှည်ပါစေ။ အရေးတော်ပုံ အောင်ရမည်”

Most Read

Most Recent