လက်ရှိ ဘဏ္ဍာနှစ်အတွင်း အာဆီယံ နိုင်ငံများနှင့် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ငါးဘီလျံကျော် ရှိခဲ့ပြီး ထိုင်းနှင့်ကုန်သွယ်မှု အများဆုံး ဆောင်ရွက်ခဲ့

လက်ရှိ ဘဏ္ဍာနှစ်အတွင်း အာဆီယံ နိုင်ငံများနှင့် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ငါးဘီလျံကျော် ရှိခဲ့ပြီး ထိုင်းနှင့်ကုန်သွယ်မှု အများဆုံး ဆောင်ရွက်ခဲ့
Published 6 December 2015

လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု ပမာဏ ဒေါ်လာ ငါးဘီလျံကျော် ရှိခဲ့ပြီး ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံး ဆောင်ရွက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏  ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာလအထိ ဘဏ္ဍာနှစ်ဝက်အတွင်း မြန်မာနှင့် အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား နိုင်ငံများအကြား ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၅၃၄၇ ဒသမ ၄၂ သန်းရှိကြောင်း သိရသည်။အာဆီယံနိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှု ပမာဏ ဒေါ်လာ ငါးဘီလျံကျော်တွင် မြန်မာ- ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ တစ်ခုတည်းမှ ဒေါ်လာ နှစ်ဘီလျံခွဲကျော် ရှိခဲ့သဖြင့် ထိုင်းနှင့် ကုန်သွယ်မှု ပမာဏ အများဆုံး ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုကို ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်မှုတို့မှ ဆောင်ရွက်နေပြီး ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှု အများဆုံး ဆောင်ရွက်နေကြောင်း သိရသည်။လက်ရှိအချိန်တွင် ပင်လယ်ရေကြောင်းမှ ပို့ကုန်၊သွင်းကုန် လျော့ကျနေသော်လည်း နယ်စပ် ကုန်သွယ်မှု ပမာဏတွင်မူ ယခင် ဘဏ္ဍာနှစ် ကာလတူထက် ပိုမို များပြားနေကြောင်း သိရသည်။ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး ပြည်ပနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ကုန်သွယ်မှု ပမာဏ တိုးတက်ရေးအတွက် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေကြောင်း သိရသည်။မြန်မာနိုင်ငံ အနေဖြင့် အာရှနိုင်ငံများနှင့်သာ အဓိက ကုန်သွယ်မှု ရှိနေပြီး ဥရောပ၊ အမေရိကန် နိုင်ငံများနှင့် ကုန်သွယ်မှုမှာ နည်းပါးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ဥရောပ သမဂ္ဂနိုင်ငံများမှ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများသို့ ပေးအပ်သည့် GSP အခွင့်အရေးကို မြန်မာနိုင်ငံက ပြန်လည် ရရှိခဲ့သော်လည်း ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှုမှာမူ သိသိသာသာ ထိုးတက်လာခြင်း မရှိကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စုကလည်း မြန်မာ့ပို့ကုန်များအပေါ် အကောက်ခွန် သက်သာခွင့် အခွင့်အရေးပေးရန် နှစ်ဖက်တာဝန်ရှိသူများက ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ အနေဖြင့် မကြာမီ ယင်းအခွင့်အရေး ခံစားခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးစေရန်အတွက် ကုန်သွယ်မှု ကိန်းဂဏန်းများ တိကျမှန်ကန်စွာ ရရှိရေးအတွက် သတင်းကွန်ရက်စနစ် ဖော်ဆောင်ရေးအတွက် လုပ်ငန်းအဖွဲ့တစ်ရပ် ဖွဲ့စည်းရေး၊ ပို့ကုန်သွင်းကုန်ဘဏ် ဖွင့်လှစ် ထူထောင်နိုင်ရေး၊ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲကော်မတီများ တိုးချဲ့ဆောင်ရွက်ရေး၊ ကုန်သွယ်ရေး သင်တန်းကျောင်း ဖွင့်လှစ်ရေး၊ ကုန်စည်ဒိုင်များ ဖွ့ဲ့စည်းရေး၊ ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent