မရှိခြင်း ဓာတ်ပုံများနှင့် လမ်းပျော်ကလေး ပြဇာတ်

မရှိခြင်း ဓာတ်ပုံများနှင့် လမ်းပျော်ကလေး ပြဇာတ်
Published 6 December 2015
ဝေလင်း (ပြည်)

ကလေးဓာတ်ပုံများသာ ချိတ်ဆွဲ ပြသထားပြီး အားလုံးသော ပုံတွေက ကြိုတင်ပြင်ဆင် လုပ်ယူထားသည့် ဓာတ်ပုံများ မဟုတ်၊ အလှဓာတ်ပုံများ မဟုတ်၊ ပလက်ဖောင်းပေါ်တွင် တည်ဆောက်ထားသည့် ဘဝများ၊ ညစ်ထေး ပေကျံမှုများ၊ အထီးကျန် ဆန်မှုများ၊ လူတော မတိုးခဲ့ရမှုများ၊ ဝိုင်းပယ်ခံထားရမှုများ၊ ပျောက်ဆုံး အနာဂတ်များ၊ အရွဲ့တိုက်မှုများကို အမှတ်တမဲ့အမြင် အရှိအတိုင်းသာ တင်ဆက်ထားသည့် ဓာတ်ပုံများဖြင့် မရှိခြင်းတို့ ခမ်းနားထည်ဝါနေသော ဓာတ်ပုံပြပွဲလေး တစ်ခုဆီ ရောက်သွားခဲ့ရာ……ဒီဇင်ဘာ ၃ ရက်ညက ပြည်မြို့၊ ယဉ်ကျေးမှု ကဇာတ်ရုံကြီးတွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်ရေးနေ့ အထိမ်းအမှတ် ကလေးပြဇာတ်နှင့် စာပေ ဟောပြောပွဲဆီကို ကျွန်တော် ရောက်သွားခဲ့သည်။ ထိုပွဲတွင် ပါဝင်ကူညီသူတစ်ယောက် အဖြစ်နဲ့လည်း ရှိနေခဲ့ရာ ပွဲမစခင် ရက်ကတည်းက စ၍ ကျင်းပပြီးသည့် နောက်ရက်အထိ တစ်လျှောက်လုံးလိုလို ရှိနေဖြစ်ခဲ့သည်။မြို့တွင် ရှိနေသည့် အရပ်ဘက် အဖွဲ့များ ပူးပေါင်းပါဝင် ခဲ့ကြသလို ကိုယ့်အဖွဲ့အစည်းအလိုက် လှုပ်ရှားမှု လူထုအသိပညာပေး အစီအစဉ်လေးများကိုလည်း ထည့်သွင်းထားကြသည်။ ခေါင်းစီးကတော့ ကလေးသူငယ်များ၊ အထူးသဖြင့်ကတော့ လမ်းပျော်ကလေးများ။ အဓိက ဦးစီးလုပ်ဆောင်သည့် အဖွဲ့ကတော့ ကရုဏာလက်များ ကွန်ရက်။ ထိုကွန်ရက်က လမ်းပျော်ကလေးများကို၊ သူတို့ရှိရာ နေရာထိ လိုက်လံခေါ်ဆောင်ကာ ထမင်းကျွေး စာသင်ပေးနေသည့် ပြည်မြို့ရဲ့ တစ်ခုတည်းသော ကျောင်းဆိုလည်း မမှားပေ။ထိုကျောင်းတွင် နွမ်းပါးချို့တဲ့ ဆိုတာထက် လုံးဝကို တည်ဆောက်မရသည့် မလွယ်ကူလှသည့် ဂျပ်ပစီဆန်ဆန် နေထိုင်သွားလာနေသည့် အရွယ်နှင့် မမျှသော အတွေ့အကြုံ စုံလင်နေသည့် ကလေးဆိုးများကို အဓိကထားသည် ထိုထိုကလေးများကို မြို့ရဲ့လမ်းမများ လမ်းကြိုလမ်းကြားများ ဈေးများတွင် တွေ့ရနိုင်သည်။ ကမ်းနားလမ်းတွင် အထိုင်ချသည်။ မိုးလင်းမိုးချုပ် မြို့ထဲတွင် လျှောက်သွားကြသည်။ ထိုထိုသော မြင်ကွင်းတွေကို ဓာတ်ပုံပြခန်းလေးထဲက ပုံရိပ်အားလုံးတွင် ဖော်ပြထားသည်။ ဓာတ်ပုံများကို ကြည့်လိုက်ရုံဖြင့် ၎င်းတို့၏ ဘဝများကို ပိုပေါ်လွင်သွားမည်လို့ ကျွန်တော်က ထင်မြင်ယူဆလိုက်သည်။ဓာတ်ပုံပညာ အရတော့ လိုအပ်ချက်တွေ များစွာ ရှိနေဦးမည်ဆိုတာ ငြင်းမရသည့်အချက်။ ဘာကြောင့် ထိုသို့ ပြောကြသလဲဆိုလျှင် ထိုပြပွဲတွင် ဝင်ရောက်ကူညီကြသည့် ဓာတ်ပုံဆရာများ အားလုံးက ပြည်မြို့ခံတွေဖြစ်ပြီး သူတို့နှင့် ကျွန်တော်က ရင်းနှီးကျွမ်းဝင်ရှိသည်။ ကျွမ်းကျင်ပညာရှင်များ မပါ ဝါသနာအရ ဓာတ်ပုံရိုက်နေကြခြင်း။ ထိုဓာတ်ပုံရိုက်ခြင်းဖြင့်လည်း စီးပွားရေးလုပ်ငန်း မရှိကြ၊ ဝံ့ကြွားဂုဏ်မောက်မှုလည်း မရှိ၊ ဆရာတပည့် မွေးသူ မရှိ၊ တစ်ယောက် မသိသည်ကို တစ်ယောက် မေးသည်။ ကြီးငယ် မရှိ၊ တစ်ခါတစ်ရံတွင် လမ်းများပေါ်တွင် သူတို့ကို အဖွဲ့လိုက် ဓာတ်ပုံရိုက်နေသည်ကို တွေ့နိုင်သည်။ဓာတ်ပုံအားလုံးသည် စာနာနားလည်မှုတွင် အခြေခံထားသည်။ ခံစားမှုဖြင့် တည်ဆောက်သည်။ ယင်းတို့ကို တည်ဆောက်လိုက်သောအခါ ကြားခံစက်ပစ္စည်း၊ ကျွမ်းကျင်မှုတို့က မှေးမှိန်သွားသည်ဟု ကျွန်တော် တွေးကြည့်သည်။ အဘယ်ကြောင့်ဆိုသော် ခံစားမှုမပါ စာနာမှုမရှိသည့် အတတ်ပညာစွမ်းဖြင့် လုပ်ယူထား၊ ကြားခံစက်ပစ္စည်း ကောင်းကောင်းဖြင့် ရိုက်ယူထားသည့် ဓာတ်ပုံကောင်းများစွာ ကြည့်ဖူးသည်။ အော် ကောင်းလိုက်တာဟု ဓာတ်ပုံဆရာ တော်တော်ကျွမ်းတာပဲ ဒီလောက်ဖြင့်သာ ရပ်တန့်သွားသည်။ ကြာတော့ မေ့သွားသည်သာ။ သို့သော် ခံစားမှုဖြင့် ဖော်ကျူးလိုက်သည့် ဓာတ်ပုံ တစ်ပုံတွင်တော့ ထိုသို့မဟုတ် ကျွန်တော်တို့ နေ့စဉ် မြင်တွေ့နေကျ မြင်ကွင်း ပတ်ဝန်းကျင်၊ လူများကို ရိုက်ပြသည့်တိုင်အောင် ဓာတ်ပုံလေးကို ကြည့်လိုက်ရုံဖြင့် တွေ့လိုက်ရသည်။ပြခန်းလေးတွင် မများလှသည့် ဓာတ်ပုံများတွင် Documentary (မှတ်တမ်းဆန်ဆန်) ဓာတ်ပုံ လေးငါးပုံကလွဲ၍ အားလုံးက ပကတိ အရှိတရားများအတိုင်း ရိုက်ယူထားကြသည်။ landscape (ရှုခင်း)ပုံများ မပါ။ ခြုံငုံပြောရမည် ဆိုလျှင်တော့ Amateur Photography (Professional) မဟုတ်သော ဓာတ်ပုံဝါသနာရှင်များမှ ရိုက်ကူးသော အမျိုးမျိုးသော ပုံများဟု ပြောနိုင်သော်လည်း သူတို့၏ အလင်းတံခါးများကို နှလုံးသားဖြင့် အဖွင့်အပိတ် လုပ်ထားသည်။ပြခန်းလေး၏ စဝင်ဝင်ချင်း ဘယ်ဘက်ခြမ်းတွင် ချိတ်ဆွဲထားသည့် ဓာတ်ပုံလေးကို ကျွန်တော်စတင် ခံစားကြည့်မိသည်။ ရိုက်သည့် ဓာတ်ပုံဆရာကတော့ သတင်းထောက် တစ်ဦးလည်းဖြစ်သည့် ဓာတ်ပုံဆရာ သီဟလွင် (ပြည်)။ STREET PHOTO အမျိုးအစားတွင် ပါဝင်ပြီး ပုံလေးတွင် ည၏ နီယွန်မီးရောင်အောက် လမ်းမကြီးတစ်ခု နံဘေးတွင် ရပ်နေကြသည့် အရွယ်စုံ ကျားမအရိပ်များကို အသားပေးထားပြီး ခြေထောက်လေးများကို ဖြတ်ယူထားသည်။ ထိုအရိပ်များတွင်တော့ ကလေးအရိပ်လေး တစ်ခုက လက်ထဲတွင် အရာဝတ္တုတစ်ခု ကိုင်ဆောင်ထားသည်။ ဓာတ်ပုံဆရာရဲ့ အပြောအရတော့ ဘုရားစောင်းတန်းတွင် စံပယ်ပန်းရောင်းနေရသည့် မြို့ပြသားကောင် တစ်ခုဖြစ်သည့် နွမ်းပါးချို့တဲ့ခြင်းရဲ့ သားကောင်ဖြစ်သည့် ကလေးငယ်တစ်ဦး ညအချိန်တွင် စံပယ်ပန်းရောင်းရင်း ဝမ်းဆာရှာနေခြင်းပါတဲ့။နောက်တစ်ပုံကတော့ ကွန်ကရစ်ကြမ်းခင်း တစ်ခုပေါ်ရှိ ရာဘာရေပိုက် တစ်ခုမှ ယိုစိမ့်ပေါက်ကျနေသည့် ရေများကို အငမ်းမရ ငုံသောက်နေသည့် လမ်းပျော်ကလေး တစ်ယောက်၏ ဓာတ်ပုံ (Street Life) ဆန်ဆန် ရိုက်ကူးထားသည်။ ဓာတ်ပုံဆရာကတော့ ရဲစွမ်း(ပေါင်းတလည်)။ တစ်ခါတစ်ရံတွင် လမ်းပျော်ကလေးများက ထိုသို့ လမ်းမများထက်တွင် သွားလာနေထိုင်ရင်း သူတို့လုပ်ချင်သည့် အရာကို လွတ်လပ်ပွင့်လင်းစွာ ချက်ချင်း လုပ်ဆောင်တတ်ကြသည်။နောက်ထပ် တစ်ပုံတွင်တော့ ပြောင်းလဲသွားသည်။ လမ်းပျော်ကလေး တစ်ယောက်ကိုပင် အများသွားလာနေသည့် ပလက်ဖောင်း တစ်ခုတွင် ပီနံအိတ်ထုပ်ကြီးနှင့် မြက်ဖျာလေးခင်းကာ ခြေပစ်လက်ပစ် အိပ်နေသည်။ နောက်ခံ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်နှင့် တွဲပြထားသည်။ ဓာတ်ပုံဆရာက ကိုညီ။ Street life ပုံပဲ ဖြစ်သလို Black & White (အဖြူအမည်း) ပုံစံကို ချိန်းထားသည်။ လမ်းပျော်ကလေးများ၏ အိပ်ရာတစ်ခုသည် အများသူငါ သွားလာနေသည့် ခြေနင်းဖတ် ပလက်ဖောင်း တစ်ခုတွင်ဖြစ်သည်။ အကယ်၍များ နောက်ခံအဖြစ် ပါဝင်နေသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်သာ သက်ဝင်လှုပ်ရှား လာခဲ့ပါက ထိုကလေးငယ်လေး အိပ်နေပျော်နေသည်။ အနာဂတ်တို့ အိပ်ပျော်နေသည် လမ်းမတစ်ခု ထက်မှာပေါ့။ထိုပြခန်း ဘယ်ဘက်အခြမ်းလေးတွင် ဓာတ်ပုံခြောက်ပုံ ချိတ်ဆွဲပြသထားပြီး တစ်ပုံမှာ ကျွန်တော် ရိုက်ယူထားသည့်ပုံ ဖြစ်သည့်အတွက် အထူးပြောဆို ခံစားမနေချင်ပေ။ ပါဝင်ခွင့် ရခြင်းကိုသာ ကျေနပ်ပီတိ ဖြစ်ရသည်။ နောက်တစ်ပုံတွင်တော့ ဓာတ်ပုံဆရာ ကိုနိုင်ကြီး၏ပုံ လမ်းမတစ်ခုတွင် လမ်းပျော် ကလေးတစ်သိုက် ဆော့ကစားနေပုံ။ အားလုံး၏ ခြေထောက်တွင် ဖိနပ်များ မပါကြ၊ နွမ်းပါးနေပြီဖြစ်သည့် အဝတ်အစားလေးများဖြင့် သူတို့၏ ပျော်ရွှင်စရာကို သူတို့ ကစားနည်းများဖြင့်သာ ရှာကြရသည့် လမ်းပျော်ကလေးများက လမ်းထက်တွင် ပျော်စရာကို ရှာနေသည်။ယဉ်ကျေးမှု ကဇာတ်ရုံကြီးတွင် လူများ ပိုမိုစည်ကားလာသည်။ မှောင်လာသည်နှင့် အမျှ စာပေဟောပြောပွဲနှင့် ပြဇာတ်ကို လာကြည့်ကြသူများက ပြည့်ကျပ်လာသည်။ ကလေးများကမည့် ပြဇာတ် လမ်းပျော်ကလေးများ၏ ပြဇာတ်၊ လမ်းပေါ်တွင် သွားလာနေရင်း စာမတတ်ကြသည့် ကလေးများ ကိုယ်တိုင် ကပြဖျော်ဖြေကြမည်။ ယင်းဇာတ်လိုက်များလည်း ကဇာတ်ရုံကြီး၏ ကန့်လန့်ကာနောက်တွင် ရောက်နေကြသည်။ သူတို့ ဘဝပေး အတိုင်းပဲ ဟန်ဆောင်ခြင်း မရှိ၊ ခုန်ပေါက်ပြေးလွှားနေသည်။ အော်ဟစ်နေသည်။ လူအများ ဆိုသည်ကို သူတို့ နားမလည် စင်မြင့်ထက် ဆိုသည်က သူတို့ကို မာနမြင့်သွားအောင် လုပ်ဆောင်မပေးနိုင်၊ သို့သော် သူ့တို့ဘဝ၏ ပထမဆုံးသော လူအများ၏ အရေးတယူ လာရောက်ကြည့်ရှုခြင်း နွေးထွေးစွာ ဆက်ဆံခံရခြင်းတို့ကြောင့် သူတို့ ပျော်နေကြသည်။ သူတို့ မြူးနေကြသည်။ မကြာခင်မှာပင် သူတို့ ကပြဖျော်ဖြေကြတော့မည်။ သူတို့၏ တကယ့် လူ့ဘ၀ ဇာတ်ခုံမှာတော့။ကျွန်တော် ဓာတ်ပုံခန်းထဲကနေ ထွက်မသွားနိုင်အောင် ဖြစ်နေရသည်။ ထပ်ပြီး ပတ်ကြည့်မိပြန်သည်။ နံရံကပ် အခြမ်းတွင်တော့ ဓာတ်ပုံရှစ်ပုံကို ကပ်ထားသည်။ ကြည့်လိုက်ချင်းချင်း မျက်လုံးထဲကို တန်းဝင်လာသည့် ပုံကတော့ သစ်သားတံတားပေါ်တွင် ကလေးမငယ်တစ်ဦး လျှောက်လာနေသည့်ပုံကို အနီးကပ်ရ ရိုက်ယူထားသည်။ အဝေးမှ တယ်လီလို ပြောင်းမျိုးဖြင့် ဆွဲယူရိုက်ထားသည်လည်း ဖြစ်နိုင်သည်။ ကဗျာဆရာလည်းဖြစ်သည့် ဆရာသစ်ခက်အိမ်၏ ရိုက်ချက်ဟန်ပန် ကိုယ်အနေအထားမှာ အသက်ဝင်လွန်းလှသည်။ ဟောင်းနွမ်းညစ်ထေးနေသည့် အဝတ်အစားများ ဖွာလန်နီကျင်နေသည့် ဆံသားများက လေထဲတွင်ဝဲလျက် မျက်လုံးများက စိုးရွံ့သိမ်ငယ်စိတ်၊ ကြောက်လန့်စိတ်များဖြင့် ပုံဖော်ထားသည်။ လက်ထဲတွင်တော့ ထန်းရည်ထည့်ထားသည့် ကော်ဘူးဟု ထင်ရသည့် ဘူးတစ်ဘူးကို ပိုက်ထားရသည်။ ကလေးမငယ်တစ်ဦး စုတ်ဖွာထွက်နေသည့် တံတားတစ်ခုပေါ်တွင် ဆက်သွားနေသည်။နောက်ပုံတွေကတော့ လူငယ်တစ်ဦး စာထိုင်ဖတ်နေပုံ၊ ကလေးငယ်တစ်ဦး ရေကူးနေသည့် ဓာတ်ပုံ၊ ရေချိုးနေကြပုံ၊ ပုဂံဘုရားများ နောက်ခံထားကာ နွားလှည်းလေး တစ်စီးပုံတွင် ပျော်ရွှင်စွာ ထိုင်နေကြပုံ၊ တစ်ပုံကတော့ တောင်တန်းဒေသက ဓာတ်ပုံ၊ အဖြူ အစိမ်း ဝတ်စုံဖြင့် လူငယ်တစ်ဦး တောင်ထိပ်တွင် ရပ်ကာ မြူများ အုံ့ဆိုင်းနေသည့် မြို့လေးကို ငေးနေသည်ကို နောက်ကျောဘက်ကနေ ရိုက်ယူထားသည်။ တောင်တန်းဒေသများတွင် ပညာရေးခက်ခဲပုံကို အသားပေးယူသည်ဟု ပြောဆိုသည်။ တစ်ပုံကတော့ လမ်းပျော်ကလေးတစ်ဦး သစ်သားကွပ်ပျစ်ပေါ်တွင် ခွေလျက်အိပ်နေသည်ကို နောက်ကျောကနေ ရိုက်ယူထားသည်။ မိုးရေစက်လက် ကြားမှာပင် ဘေးမှ မိုးရေစက်များ ရေထဲကျသွား၍ လွင့်စင်ထွက်သွားပုံကို အသားပေးထားသည်။ ကလေးများ၏ လုံခြုံစိတ်ချခွင့် နားခိုရာ ရှားပါးမှုများကို သရုပ်ဖော်ထားသည်။ နောက်ခံ ဘက်ဂရောင်းမှာတော့ စိမ်းလန်းနေသည့် ချုံပုတ်လေးများ ရှိနေသည်။ အနာဂတ်အတွက် ချုံပုတ်လေးများ။ ကျွန်တော်ကိုယ်တိုင်ပင် ရိုက်ယူထားသည်။ မြစ်ရေလျှံစဉ်ကပုံ။ဇာတ်စင်ပေါ်တွင် ကလေးပြဇာတ် ကနေပြီ ဇာတ်ဝန်းခန်း၏ တစ်နေရာတွင် လမ်းပျော်ကလေး တစ်ဦး ခွက်တစ်လုံးကိုင်ကာ တောင်းစားနေသည့် ဇာတ်ဝင်ခန်းကို သရုပ်ဖော်နေသည်။ ပညာရေး လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးက ကလေးကို ကျောင်းနေရန်အတွက် စည်းရုံးကာ ကလေးငယ်၏ မိဘများထံ လိုက်လံပြောပေးနေသည့် ဇာတ်ဝင်ခန်း မိဘများ အတွက်ကတော့ လမ်းပျော်ကလေးများကို ကျောင်းထားလိုက်ပါက မိသားစုဝင်ငွေ လျော့သွားမည်ကို စိုးရိမ်နေပုံ အခန်း။ ကလေးများ စာမတတ်ကြပါ။ သူတို့ မိဘများ စာမတတ်ကြပါ။ပြခန်းလေးထဲက လှည့်ထွက်လိုက်ရင်း ကျန်ရှိနေသေးသည့် အခြမ်းကို ဆက်ကြည့်ဖြစ်သည်။ ကျောင်းအကျီ အဖြူဝတ်ထားသည့် ကလေးငယ်တစ်ဦး သောက်ရေစင်က ရေဘူးကြီးထဲမှာ ရေဖွင့်သောက်နေပုံဖြစ်သည်။ ရေဘူးတွင် ကပ်ထားသည့် အမှတ်တံဆိပ်ကတော့ ကြီးမားလှသည့် ကလေးငယ်၏ ပုံရိပ်ကို မှေးမိန်သွားစေသည်။ ဓာတ်ပုံဆရာ မျိုးညိန်းဇော်က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ဖော်ပြလိုက်သည်။ Unicef က လှူဒါန်းထားသည့် ရေဘူးများ။ ကလေးသူငယ်များအတွက် ပညာရေး ထောက်ပံ့မှုများ။ ကျွန်တော်တို့ ငြင်းပယ်နိုင်သည့် အခြေအနေတွင် မရှိသေးပါ။ ခေါင်းမော့နိုင်သည့် အခြေအနေကို မရောက်သေးပါ။ ကျန်တာကတော့ ကရုဏာလက်များ ကွန်ရက်၏ လမ်းပျော်ကလေးများအတွက် ပညာရေး သင်ကြားပေးခဲ့ရသည့် ဖြတ်သန်းမှု မှတ်တမ်းများ။ရင်မောစွာဖြင့်ပင် ပြခန်းထဲက ပြန်ထွက်လာခဲ့လိုက်သည်။ ကျွန်တော့် ခြေလှမ်းများ မကြွချင်တော့။ မလှမ်းချင်တော့ လေးလံမှုများဖြင့် တရွတ်ဆွဲနေသည်။ လမ်းပျော်ကလေးများ၏ အနာဂတ်များကို တွေးကြည့်ရင် ေ၀ဝါးလာပါသည်။ စင်မြင့်ထက်မှာတော့ မြန်မာနိုင်ငံ အလံကို ကိုင်ရင်း ငြိမ်းချမ်းရေးကို မြတ်နိုးမှု၊ တိုက်ပွဲများကြားက ကလေးငယ်များ၊ လမ်းပျော်ကလေးများ လုံခြုံစိတ်ချစွာ ပညာသင်ကြားလိုမှုကို ပုံဖော်ကာ နောက်ဆုံး ဇာတ်သိမ်း ကားလိပ်ချလိုက်သည်။လမ်းပျော်ကလေးများ လမ်းမထက်တွင် သွားနေသည်။ စကားလုံးများကတော့ လမ်းပျော်ဟု သုံးသည်။ ပျော်စရာကို လမ်းများထက်တွင် ရှာနေရသည်။ မိုးလင်းမိုးချုပ်သွားသည်။ Street Photo များလို အချိုးများ ဖျက်ထားသည်။ သီအိုရီများကို အရွဲ့တိုက်လိုက်သည်။ ရွဲ့စောင်းနေသည်။ တစ်ပိုင်းပြတ်နေသည်။ အရိပ်တွေ တွန့်ခေါက်နေသည်။ လမ်းပေါ် ဗွက်အိုင်လေးထဲတွင် လှုပ်ရှားသွားသည်။ အထူးပြုလုပ်ချက်များ မပါ ဂရုစိုက်မှုများ မရှိ။ အမှတ်တမဲ့ပဲ ကျော်သွားကြသည်။ ရိုက်ချလိုက်သည်။ လမ်းမများထက်တွင် ကလေးများ ရှိနေသည်။ ဓာတ်ပုံဆရာများသည် ကင်မရာကိုပိတ်ဖို့ ဝန်လေးနေကြသည်။ လမ်းပျော် ကလေးများအတွက် အလင်းတံခါးများ ပိတ်သွားသံကို မကြားလိုပါ။

Most Read

Most Recent