မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ဝင်ပေါက်အသီးသီးမှ လာရောက်မှုသည် ၂၀၁၅ နိုဝင်ဘာ နောက်ဆုံးပတ်အထိ စုစုပေါင်း ၄ ဒသမ၂ သန်း ဝင်ရောက်ထားပြီး ဘဏ္ဍာနှစ်ကုန်အထိ စုစုပေါင်း ငါးသန်းအထိ ဝင်ရောက်လာနိုင်ဖွယ် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၅ ရက် ရန်ကုန်မြို့ အမျိုးသား စီမံခန့်ခွဲမှု ပညာကောလိပ်တွင် ကျင်းပသည့် “ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် အလားအလာ ဆွေးနွေးပွဲတွင်ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။“ကျွန်တော့်ဆီမှာ ရထားတဲ့ အချက်အလက်အရ ဝင်ပေါက်အသီးသီးက ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု အခြေအနေက ၄ ဒသမ ၂ သန်းကျော်မှာ ရှိပါတယ်။ ဒီဇင်ဘာလအတွက်ပါ ခန့်မှန်း ထည့်တွက်ရမယ်ဆိုရင် ၄ ဒသမ ၇ သန်းဝန်းကျင် ထိ ရောက်နိုင်ပါတယ်။ ဒါ့အပြင် ဘဏ္ဍာနှစ်ကုန် ၂၀၁၅ ဧပြီကနေ ၂၀၁၆ မတ်အထိဆိုရင်တော့ ငါးသန်းထိ ဝင်ရောက်နိုင်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြော ကြားသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုမှာ ၂၀၁၅ ခုနှစ်တွင် အနည်းဆုံး ၄ ဒသမ ၅ သန်းခန့် ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားပြီး ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၅၃ ရာခိုင်နှုန်း တိုးတက်လျက်ရှိကြောင်း သိရသည်။“ဒီနှစ်အတွက် ခရီးသွားဝင်ရောက်မှုက လျာထားချက် ပြည့်မီနိုင်မယ့် အနေအထားကို ရောက်ရှိနေပါပြီ။ ထိုင်းနိုင်ငံလောက်တော့ ဘယ်မီအုံးမလဲ။ နိုင်ငံခြားသားတွေ အနေနဲ့က ပုဂံ၊ အင်းလေး၊ မန္တလေးတို့ကို သဘောကျကြတယ်။ ပုဂံကလည်း ဝင်ရောက်တာ သိန်းဂဏန်းရှိသလို အင်းလေးဒေသကလည်း သိန်းနဲ့ချီ လာရောက်ကြပါတယ်” ဟု ဦးဌေးအောင်က ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုသည် သုံးသန်းကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးစနိုင်ငံတစ်ခု ဖြစ်သဖြင့် အဆိုပါ လုပ်ငန်းကဏ္ဍတွင် ဆက်လက်တိုးတက်လာနိုင်ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အကြားတွင် နိုင်ငံခြားခရီးသွားပမာဏ ၂၀ ဒသမ ၄ သန်းအထိ လာရောက်နိုင်သည်ဟု ခန့်မှန်း ထားကြောင်းလည်း သိရသည်။အလားတူ ယင်းကာလအတွင်း ပြည်တွင်းခရီးသွား ပမာဏသည်လည်း တိုးတက်လာနိုင်ပြီး ၂၉ ဒသမ၂ သန်းအထိ ရောက်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။ထို့ပြင် မြန်မာနိုင်ငံသို့ အများဆုံးလာ ရောက်လည်ပတ်သည့် ခရီးသွားများတွင် ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နိုင်ငံတို့မှ ဦးဆောင်လျက်ရှိပြီး အာဆီယံနိုင်ငံများမှ လည်ပတ်မှုများကြောင်း ခရီးသွားစွဲဆောင်မှု နေရာများမှာ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်း လေး၊ ကျိုက်ထီးရိုး၊ ငပလီတို့ပါဝင်ပြီး သဘာဝအခြေခံ ခရီးစဉ်ဒေသများဖြစ်သည့် ပူတာအို၊ နာဂမြေ၊ ဟားခါး၊ နတ်မတောင်၊ လွိုင်ကော် စသည့်နေရာများသည်လည်း ပေါ်ထွန်းလာဖွယ်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု၏ ရာခိုင်နှုန်း ၇၀ မှာ အာရှနိုင်ငံများ မှဖြစ်ပြီး ဧည့်သည်များ၏ ပျမ်းမျှနေထိုင်မှုမှာ တစ်ပတ်ဖြစ်ကြောင်း Sector Wide Assessment ၏ ဖော်ပြချက်အရ သိရသည်။၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံတကာမှ စိတ်ဝင်စားမှုကြောင့် ပြည်တွင်းခရီးသွား လုပ်ငန်းတိုးတက်လာပြီး ၂၀၁၄၊ ၂၀၁၅ ခုနှစ် များအတွက် နိုင်ငံတကာမှ ပေးအပ်သော အကောင်းဆုံးခရီး စဉ်ဒေသဆုများဆက်တိုက် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၄ ဒသမ ၂ သန်း ဝင်ရောက်ထားပြီး ဘဏ္ဍာနှစ်ကုန်အထိ ငါးသန်းအထိ လာရောက်နိုင်ဟု ဟိုတယ်ခရီးပြည်ထောင်စုဝန်ကြီး ပြောကြား















