၂၀၁၆ မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည် မြို့ငယ်များတွင် အိမ်ခြံမြေ ဈေးကစားသူများ အာရုံစိုက်လာခြင်း၊ စီးပွားရေး မြေနေရာများ တိုးတက်လာခြင်းနှင့် ပြဋ္ဌာန်းတော့မည့် ကွန်ဒိုဥပဒေကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ ပိုမိုဝင်ရောက်လာနိုင်ဟုဆို

၂၀၁၆ မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည် မြို့ငယ်များတွင် အိမ်ခြံမြေ ဈေးကစားသူများ အာရုံစိုက်လာခြင်း၊ စီးပွားရေး မြေနေရာများ တိုးတက်လာခြင်းနှင့် ပြဋ္ဌာန်းတော့မည့် ကွန်ဒိုဥပဒေကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ ပိုမိုဝင်ရောက်လာနိုင်ဟုဆို
Published 4 December 2015
ဖြိုးဝေ

၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည် မြို့ငယ်များတွင် အိမ်ခြံမြေ ဈေးကစားသူများ အာရုံစိုက်လာခြင်း၊ စီးပွားရေး မြေနေရာများ တိုးတက်လာခြင်းနှင့် သုံးကြိမ်မြောက် ပြင်ဆင်ထားပြီး နိုင်ငံခြားသားများကို တိုက်ခန်းပိုင်ဆိုင်ခွင့်ပြုမည့် ကွန်ဒိုမီနီယံဥပဒေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက် လာနိုင်သည့် အလားအလာများ ရှိနေကြောင်း ပြည်တွင်းအိမ်ခြံ မြေဝက်ဘ်ဆိုတ်ဖြစ်သည့် House.com.mm က ဒီဇင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဒုတိယမြို့တော်များ အရေးပါမှုများ မြင့်တက်လာသည်ကို ဈေးကွက်ကျွမ်းကျင်သူများမှ သတိထားမိပြီး ရန်ကုန်၊ ဂျကာတာ၊ ကိုလမ်ဘို အစရှိသည့် နိုင်ငံများတွင် လူဦးရေ မြင့်တက်မှု မြန်ဆန်ခြင်းမှာလည်း ဒုတိယမြို့ ဖွံ့ဖြိုးမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရသည်။ ဒုတိယမြို့တော်များ တဖြည်းဖြည်း ပိုမိုများပြားလာသည်နှင့် တပြိုင်နက် အိမ်ခြံမြေဆောက်လုပ်ရေး လုပ်ငန်းရှင်များမှာ မန္တလေး၊ ပဲခူးအစရှိသည့် မြို့များသို့ အာရုံစိုက်မှုများနေပြီး ထိုအရပ်ဒေသများရှိ မြေယာဈေးနှုန်းများမှာ ရန်ကုန်မြေဈေးနှင့် နှိုင်းယှဉ်ပါက ဈေးအသင့်အတင့်သာ ရှိနေသည့်အတွက် မြေအကျယ်များများနှင့် အိမ်ယာကုန်ကျစရိတ် သက်သာခြင်းကို ရရှိစေနိုင်မည့်နေရာများ ဖြစ်နေသည်။
မြန်မာနိုင်ငံ၏ အွန်လိုင်းဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုဖြစ်သည့် House.com.mm ၏ မန်နေဂျင်းဒါရိုက်တာ Mr.BalajiRamaswami က “နောက်နှစ်မှာဆိုရင် ရန်ကုန်ကို အာရုံစိုက်ကြတော့မှာကို မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ဒုတိယ၊ တတိယအစရှိတဲ့ မြို့တွေကို ပြောင်းလဲသွားကြမှာ သေချာပါတယ်။ ဒီလို အချိန်မှာ အစိုးရသစ် အနေနဲ့လည်း ဒီလိုမြို့တွေရဲ့ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံတွေကို ကြိုပြင်ဆင်ပြီး ရင်းနှီးမြှုပ်နှံထားဖို့ လိုအပ်ပါတယ်။ ဒီလိုဒုတိယ၊ တတိယမြို့တွေအနေနဲ့ ရန်ကုန်နဲ့ ယှဉ်ချင်တယ် ဆိုရင်သော်လည်းကောင်း၊ အခြားသော အိမ်နီးချင်းနိုင်ငံက မြို့တွေနဲ့ယှဉ်မယ်ဆိုရင် သော်လည်းကောင်း ဖွံ့ဖြိုးမှုတွေလုပ်ထားဖို့က အဓိကလိုအပ်ပါတယ်။ ဒီနယ်ပယ်တွေမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဟာ သင့်တော်တဲ့ ဈေးနှုန်းနဲ့ မြေနေရာကို ရရှိနိုင်မှာဖြစ်ပြီး Construction တွေအတွက်လည်း နေရာကျယ်ကျယ် ရနိုင်မှာဖြစ်ပါတယ်။ ရင်းနှီး မြှုပ်နှံသူတွေ အနေနဲ့လည်း မြေဈေးတွေ သက်သာတဲ့အတွက် ပိုမိုတဲ့ အကျိုးအမြတ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယ၊ တတိယမြို့တွေကို ပြောင်းရွှေ့ခြင်းအားဖြင့် အိမ်ခြံမြေ ဈေးကွက်ကသူတွေ အကုန်လုံးအတွက် အကျိုးအမြတ်တွေ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထို့ပြင် စီးပွားရေးမြေနေရာ (Comercial Property) များ ပိုမိုတိုးတက်များ ပြားလာမည်ဖြစ်ပြီး အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိက တို့တွင်လည်း လူဦးရေ လျင်မြန်စွာမြင့်တက်မှု၊ ဆင်ခြေဖုံးမြို့များတွင် နေထိုင်လာမှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုများကြောင့် စီးပွားရေးမြေနေရာ လိုအပ်ချက်များ မြင့်တက်နေသည်။                  
စီးပွားရေး မြေနေရာဟု ဆိုရာတွင် ရှော့ပင်းမောများ၊ ဆိုင်ခန်းနေရာများနှင့် ရုံးခန်းနေရာများပါ ပါဝင်နေပြီး လာမည့်တစ်နှစ် အတွင်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လူဦးရေ များပြားလာမှု၊ ကမ္ဘာလှည့် ခရီးသွားနေရာများ အရှိန်အဟုန်ဖြင့် မြင့်တက်လာနိုင်ပြီး နိုင်ငံတကာ လုပ်ငန်းကြီးများမှ စိတ်ဝင်စားမှုများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
ထိုသို့ စီးပွားရေး မြေနေရာများ မြင့်တက်လာပါက စီးပွားရေး ဖွံ့ဖြိုးမှုများကို ဖြစ်ပေါ်စေနိုင်ရုံသာမက အလုပ်အကိုင် အခွင့်အလမ်းများကိုပါ ဖန်တီးနိုင်ခြင်း အစရှိသည့် အကျိုးအမြတ်များကို ရရှိနိုင်သကဲ့သို့ အနီးပတ်ဝန်းကျင်ရှိ မြေယာဈေးများ မြင့်တက်ခြင်းများကိုလည်း ဖြစ်ပေါ်စေနိုင်မည်ကိုလည်း သတိပြုရမည် ဖြစ်သည်။
ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စည်းမျဉ်းဥပဒေများအား တိုးတက်လာသည့် ခေတ်ကြီးနှင့်အညီ လိုက်လျောညီထွေမှု ရှိစေရန် အပြောင်းလဲများ ပြုပြင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံအတော်များများတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအား မြေယာပိုင်ဆိုင်ခွင့်များ မရရှိနိုင်ချိန်၌ အိမ်ခြံမြေရင်းနှီး မြှုပ်နှံမှုများကို ပိုမိုဖြစ်ထွန်းစေရန် စည်းမျဉ်းဥပဒေသစ်များအား ရေးဆွဲနေသည်။
၂၀၁၆ အစပိုင်းတွင် စတင်တော့မည့် အာဆီယံစီးပွားရေး အသိုက်အဝန်းသည် Single Competetive Economic Region အဖြစ်သို့ ဦးတည်နေပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတို့ကို မြင့်တက်လာစေမည်ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေနှင့် မြန်မာနိုင်ငံသို့ အိမ်ခြံမြေရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန်မှာ အခက်အခဲ ရှိနေသေးသော်လည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများသို့ ကွန်ဒိုပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကိုပေးမည့် Condominium Law အား သုံးကြိမ်တိတိ ပြင်ဆင် တင်သွင်းထားပြီး ယင်းဥပဒေ ပြဋ္ဌာန်းခဲ့ပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက်လာနိုင်မည် ဖြစ်သည်။
 

Most Read

Most Recent