ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ထောင်နိုင်ရေးအတွက် နယ်နိမိတ် ဧရိယာအဖြစ် မြေဧက ၄၂၀၀ ကျော် သတ်မှတ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှ စတင် အကောင်အထည်ဖော်မည်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ထောင်နိုင်ရေးအတွက် နယ်နိမိတ် ဧရိယာအဖြစ် မြေဧက ၄၂၀၀ ကျော် သတ်မှတ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှ စတင် အကောင်အထည်ဖော်မည်
Published 4 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ထောင်နိုင်ရေးအတွက် နယ်နိမိတ် ဧရိယာအဖြစ် မြေဧက ၄၂၈၉ ဒသမ ၃၇ ကို သတ်မှတ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် စီမံကိန်း စတင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးမြင့်သိန်းက ဒီဇင်ဘာ ၃ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။အဆိုပါ စီမံကိန်း ဧရိယာများတွင် ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ် (၁) နယ်နိမိတ် ၃၇၀ ဒသမ ၆၆ ဧက၊ ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ် (၂) နယ်နိမိတ် ၂၃၇ ဒသမ ၂၂ ဧက၊ စက်မှုဇုန် စီမံကိန်း နယ်နိမိတ် ၂၄၄၆ ဒသမ ၀၇ ဧကနှင့် အဆင့်မြင့် အိမ်ရာ စီမံကိန်း နယ်နိမိတ် ၁၂၃၅ ဒသမ ၃၇ တို့ ပါဝင်မည်ဟု သိရသည်။နယ်နိမိတ် တိုင်းတာ သတ်မှတ်ခြင်းကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ကာလအတွင်း တိုင်းတာ ပြီးစီးခဲ့ကြောင်း၊ စက်မှုဇုန် စီမံကိန်း နယ်နိမိတ် ဆောင်ရွက်မည့် ဧရိယာ ကျောက်ဖြူမြို့၏ တောင်ဘက် ၈ ဒသမ ၅ ကီလိုမီတာခန့် အကွာအဝေးတွင်ဖြစ်ပြီး ကန္ဒီးကျေးရွာ အုပ်စု၊ သိုင်းချောင်းကျေးရွာ အုပ်စု၊ ကြတ္တိန်ကျေးရွာ အုပ်စု၊ ကပ်သပြေကျေးရွာ အုပ်စုနှင့် ချောင်းဝကျေးရွာ အုပ်စုတို့ ပါဝင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆက်လက် ပြောကြားသည်။ထို့အတူ အထူးစီးပွားရေးဇုန်တွင် ပါဝင်သည့် ရေနက် ဆိပ်ကမ်း စီမံကိန်း အမှတ် (၁) နယ်နိမိတ် ဆောင်ရွက်မည့် ဧရိယာမှာ မဒဲကျွန်း၏ မြောက်ဘက်တွင်ရှိပြီး စီမံကိန်း အမှတ် (၂) မှာ ရမ်းဗြဲကျွန်း၏ မြောက်ဘက်၊ သစ်ပုတ်တောင် အနီးတွင် ဖြစ်ကြောင်းနှင့် အဆင့်မြင့် အိမ်ရာ စီမံကိန်း နယ်နိမိတ် ဆောင်ရွက်မည့် ဧရိယာမှာ ကျောက်ဖြူမြို့၏ တောင်ဘက် ယွန်းယွန်း ၁၂ ကီလိုမီတာခန့် အကွာအဝေးတွင်ရှိပြီး ချောင်းဝကျေးရွာ အုပ်စု၊ မင်းပြင်ကျေးရွာအုပ်စုတို့ ပါဝင်ကြောင်း ဦးမြင့်သိန်းက ဆိုသည်။တင်ဒါ ခေါ်ယူရေးနှင့် စိစစ် ရွေးချယ်ရေး ကော်မတီမှ ရွေးချယ်ထားသည့် CPG Consultants Ltd ဦးဆောင်သော အကြံပေး ကုမ္ပဏီ အုပ်စု (Consortium) ၏ ရေးဆွဲထားသော ဒေသလွှမ်းခြုံ ပင်မစီမံချက် (Regional Master Plan) တွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်မြို့နယ်များ ပါဝင်ပြီး ကျောက်ဖြူကို စက်မှုလုပ်ငန်းများ အဓိကထား ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန်၊ ရမ်းဗြဲကို စိုက်ပျိုးရေး လုပ်ငန်းကို အခြေပြု ဆောင်ရွက်မည့်ဇုန်၊ မာန်အောင်ကို သဘာ၀ အခြေခံ ခရီးသွား လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ဇုန်များအဖြစ် ထည့်သွင်း ရေးဆွဲထားကြောင်း ကျောက်ဖြူ  အထူးစီးပွားရေးဇူန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌက ပြောကြားသည်။“ကျောက်ဖြူ အထူးစီးပွားရေးဇုန် နယ်နိမိတ် ဧရိယာကို ဒေသလွှမ်းခြုံ ပင်မစီမံချက် အနေနဲ့ သတ်မှတ် ဆောင်ရွက်မှာ ဖြစ်သော်လည်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှ စတင်ပြီး အကောင်အထည်ဖော်မယ့် ဧရိယာမှာ စက်မှုဇုန် စီမံကိန်းအတွက် ဧက ၂၅၀ (ဟက်တာ ၁၀၀) သာ ဖြစ်ပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် နယ်နိမိတ်အဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန် ကြေညာမည့် ဧရိယာ စုစုပေါင်း ၄၂၈၉ ဒသမ ၃၂ ဧက (၁၇၃၅ ဒသမ ၈၃) ဟက်တာမှာ နောင်နှစ် (၂၀)၊ (၃၀) ကာလများတွင် တိုးချဲ့ ဆောင်ရွက်သွားနိုင်မည့် ဧရိယာများသာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။၁၉၉၇ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာချက် ပင်မစာတမ်းတွင် အထူးစီးပွားရေးဇုန် ဆောင်ရွက်ရန် သင့်လျော်သော နေရာရှစ်နေရာ လျာထားခဲ့ရာ ရန်ကုန်၊ မန္တလေး အပါအဝင် ကမ်းရိုးတမ်း အခြေပြု ထားဝယ်၊ ကျောက်ဖြူ ဒေသများနှင့် နယ်စပ်ဒေသ ဧရိယာများ ပါဝင်ကြောင်း ဦးမြင့်သိန်း၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent